ဝက်သားပဲပြားအငံချက်၊ မှိုသုပ်၊ ဒန့်ဒလွန်ရွက်ဟင်းချို













ဒီတစ်ပတ်ကတော့ မစားရတာကြာနေတဲ့ ၀က်သားကိုပဲပြားနဲ့အငန်လေးချက်မယ်၊ လက်ဆောင် ရထားတဲ့ ၀ါးမှိုလေးကိုချဉ်စပ်လေးသုပ်မယ်။ ပြီးတော့ ၀က်သားချက်တာမို့ မယ်တော်မားသားသွေးမတိုးအောင် ဒန့်ဒလွန်ရွက်ကို ပုဇွန်ခြောက်လေး မညက်တညက်ထောင်းပြီး ဟင်းချိုတစ်ခွက်ချက်လိုက်မယ်။ ဒါဆိုရင်တော့ မယ်တော်မားသားလည်း စားလို့အဆင်ပြေ ကျွန်တော်လည်းကြိုက်တဲ့ဟင်းတွေမို့ စားလို့ကတော့ ကောင်းမှ ကောင်းပဲပေါ့ဆွေမျိုးတို့ရာ။
ပိတ်ရက်တိုင်းမှိုတွေကြီးပဲ ချက်နေတယ်တော့မပြောကြနဲ့ဦးနော်။ စိုက်ထားတဲမှိုမဟုတ်ဘဲရာသီပေါ် မှိုလေးတွေပေါ်တုန်း ကျွန်တော်နဲ့မယ်တော်မားသားက အ၀စားထားမှာမို့ပါဗျာ။ စိုက်ထားတဲ့မှိုနဲ့ သူ့ရာသီနဲ့ သူပေါ်တဲ့မှိုက အရသာချင်းအရမ်းကွာတာ။ မှိုကြိုက်တဲ့အမျိုးတွေသိကြပြီးသားနေမှာပေါနော်။ ဒါကြောင့် ရာသီချိန်လေးတော့ အ၀စားလိုက်ဦးမယ်ဗျို့။

ဝက်သားပဲပြားအငန်ချက်
ဝက်သားကိုပေါင်သားပဲသုံးမယ်၊ အနေတော်လေးတုံးပြီးရင် ဆား၊ ပဲငံပြာရည်အကြည် ကြက်သားမှုန့် ခရုဆီနဲ့နယ်ပြီး ခဏနှပ်ထား၊ ၀က်သားနှပ်ထားတုန်းမှာ ပဲပြားကိုဝက်သားနဲ့ ရွယ်တူလေးတွေလှီး၊ ပြီးရင် ဆားနည်းနည်းနဲ့နယ်ပြီး ကျက်ရုံလေးကြော်ထား၊ ပြီးရင် အိုးထဲကိုသကြားထည့်ပြီး အညိုရောင်နဲ့ ဆူလာတဲ့ အထိတည်။ ရလာတာနဲ့ ၀က်သားထည့်ပြီးရေခန်းတဲ့အထိလုံးပေး၊ ပြီးမှ ရေမြုပ်ရုံနည်းနည်းချင်းထည့်ပြီး နူးအောင်တည်။ ၀က်သားနူးခါနီးပြီဆိုမှ ပဲပြားထည့်၊ ဒါမှ ပဲပြားထဲအရသာဝင်ပြီး စားလို့ကောင်းတာပေါ့နော်။ ပဲပြားထည့်တာနဲ့ ကြက်သွန်ဖြူဓါးပြားရိုက်ထားတာပါထည့်၊ ၀က်သားလည်းနူး၊ ပဲပြားလည်းအရသာဝင်ပြီး အိအိ လေးဖြစ်၊ အရသာလည်းစိတ်ကြိုက်ရပြီဆိုမှ အပေါ်ကနေ ငရုတ်ကောင်းမှုန့်လေးဖြူးပေးလိုက်ရင် စားလို့ကာင်း မှကောင်းတဲ့ ၀က်သားပဲပြားအငန်ချက်တစ်ပွဲရပြီပေါ့။

မှိုသုပ်
ကျွန်တော်ကတော့ လက်ဆောင်ရထားတဲ့ ၀ါးမှိုလေးကိုချဉ်စပ်လေးသုပ်မယ်။ ၀ါးမှိုဆိုတာ တစ်ချို့ ၀ါးပင်တွေမှာပေါက်တဲ့ ပင်လယ်ထဲကရတဲ့ သုပ်စားလို့ရတဲ့ ကျောက်ကျောလေးတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်။ သူကတော့ အရမ်းနူးညံ့တဲ့ မှိုတစ်မျိုးပါ။ ဆားနဲ့ထိရင်အရေပျော်သွားတတ်လို့ စားခါနီးမှအငန်ထည့်သုပ် ရပါတယ်။ ကျောက်ကပ်အတွက်အရမ်းကောင်းတဲ့ အစားအစာတစ်မျိုးလို့တော့ ကြားဖူးပါတယ်။ ဆွေမျိုးတို့ကတော့ ၀ါးမှိုမရရင်အလွယ်ရတဲ့မှိုတစ်မျိုးမျိုးကို ခဏပြုတ်၊ ရေညှစ်ပြစ်ပြီး အစားသုံးလို့ရပါတယ်။ ၀ါးမှိုလေးတွေကိုရေ စင်စင်ဆေး၊ ပြီးမှ ရေနွေးနဲ့တစ်ခါပြန်ပြီးဆေး၊ ရေစစ်ထား၊ ကြက်သွန်မြိတ်ကိုလည်း ရေစင်စင်ဆေးရေစစ်ပြီး အနေတော်လေးတွေလှီးထား၊ ငရုတ်သီးခွဲခြမ်းနဲ့ကြက်သွန်ဖြူ ရောထောင်းထားတာကို နနွင်းမှုန့်နည်းနည်းထည့်ပြီး ကြွပ်ကြွပ်လေးရတဲ့အထိကြော်ထား။ တူးတော့ မတူးစေနဲ့ပေါ့နော်။ ပြီးရင် မြေပဲကို မညက်တညက်လေးထောင်းထား၊ မှို၊ မြေပဲ ငရုတ်သီးဆီချက်၊ ကြက်သွန်မြိတ်၊ သံပုရာရည်၊ သကြားရော ထည့်ပြီးနှံ့အောင်နယ်၊ ပြီးမှ ဆားလေးသင့်ရုံထည့်ပြီးနယ်လိုက်ရင် အရသာရှိတဲ့မှိုသုပ်လေးရပါပြီ။

ဒန့်သလွန်ရွက်ဟင်းချို
ဒန့်ဒလွန်ရွက်မနုမရင့်လေးတွေကိုခြွေပြီး ရေစင်စင်ဆေး၊ ရေပြန်စစ်ထား၊ ပုဇွန်ခြောက်ကိုမညက်     တညက်ထောင်းထား၊ ကြက်သွန်နီ မထူမပါးလှီးထားတာကိုဆီသတ်၊ ပြီးရင် ပုဇွန်ခြောက်နဲ့ ငါးငံပြာရည် နည်းနည်းပါတစ်ခါတည်းထည့်ဆီသတ်၊ ပြီးမှ ဒန့်ဒလွန်ရွက်လေးထည့်လုံးပြီး ရေအနေတော်ထည့်၊ ရေဆူ လာရင် အရသာမြည်းကြည့် အရသာစိတ်ကြိုက်ရပြီဆိုရင်တော့ ၀က်သားစားလည်းသွေးတိုးမှာမပူရတဲ့ ဒန့်ဒလွန်ရွက်ဟင်းချိုတစ်ခွက် ရပြီပေါ့နော်။
ဒီတစ်ပတ်ကတော့ဒီလောက်ပဲချက်ကြတာပေါ့။ နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံ ကြတာပေါ့နော်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။

Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment