ဝက်သားလိပ်ကြော်၊ ဘဲဥပဲလိပ်ခြောက်ဆီပြန်၊ ချဉ်စပ်ဟင်းရည်











ဒီတစ်ပတ်နားရက်တော့ တရုတ်စာလေးဘက်လှည့်လိုက်ဦးမယ်။ မယ်တော်မားသားနဲ့ ကျွန်တော် အရမ်းကြိုက်တဲ့ ၀က်သားလိပ်ကြော်ရယ် နောက်ပြီး ဘဲဥကိုပဲလိပ်ခြောက်နဲ့ အငန်ဆီပြန်လေးချက်မယ်။ ပထမနှစ်မျိုးက အလုပ်ရှုပ်တော့ ဟင်းရည်ကိုတော့ ချဉ်စပ်ဟင်းရည်လေးပဲ အလွယ်ချက်လိုက်တော့မယ်။

ဝက်သားလိပ်ကြော်
ဝက်သားလိပ်ကို ၀က်သားနဲ့ကွန်ခြာဆီလို့ခေါ်တဲ့ ၀က်ဆီပြန်လေးနဲ့ ပြန်လိပ်မှာမို့တစ်ရက်တော့ ကြို မှာထားရမှာပေါ့နော်။ နှစ်မျိုးလုံးက ၀က်သားဆိုင်မှာကြိုမှာမထားရင် ရဖို့မလွယ်လောက်ဘူးမလား။ ၀က်ဂုတ် သားကို သေချာညက်နေအောင်စဉ်းပြီး ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်နဲ့ညက်နေအောင် ထောင်းထားတဲ့ ကြက်သွန်ဖြူထည့်ပြီး ခပ်နာနာလေး ငါးဖယ်ကိုဇလုံထဲမှာပြန်ပြီးပေါက်သလို စေးလာတဲ့အထိပေါက်ထားပေး။ ကွန်ခြာဆီကို တစ်ခါလိပ်စာလေးတွေဖြတ်ထား။ ဆလပ်ရွက်ကိုလည်း ရေစင်စင်ဆေး၊ ရေစစ်ထား။ တစ်လိပ်စာ လေးတွေဖြတ်ထားတဲ့ ကွန်ခြာဆီပေါ်ကို ဆလပ်ရွက်လေးခင်းပြီးရင် ညက်နေအောင်စဉ်းပြီး စေးနေအောင် ပေါက်ထားတဲ့ ၀က်ဂုတ်သားထည့်၊ ကွန်ခြာဆီကိုပြန်လုံအောင်လိပ်ပြီး ကြက်သွန်မြိတ်လေးနဲ့ ပြေလည်း ပြန်မပြေအောင် လှလည်းလှသွားအောင် ပြန်ချည်ထားပြီးမှ ဆီများများနဲ့ငါးမိနစ်လောက်ကြော်လိုက်ရင် စားလို့ ကောင်းမှကောင်းတဲ့ ၀က်သားလိပ်ကြော်ရပြီပေါ့ ဆွေမျိုးတို့ရာ။

ဘဲဥပဲလိပ်ခြောက်ဆီပြန်
ပဲလိပ်ခြောက်ကို ရေနဲ့ပွအောင် အရင်စိမ်ထား။ ပြီးမှ အနေတော်လေးတွေလှီးပြီး ရေစင်စင်ဆေး။ ရေပြန်ညှစ်ထား။ ဘဲဥကို အရင်ကျက်အောင်ပြုတ်ပြီး အခွံခွာထား၊ ကြက်သွန်ဖြူဓါးပြားရိုက်ထားတာကို ဆီအရင်သတ်။ ပြီးရင် ပဲလိပ်ခြောက်ထည့်။ ပဲငံပြာရည် အနောက်၊ ခရုဆီ၊ ဆား၊ သကြား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်ထည့်ပြီး ခပ်နာနာလေးလုံးထားပေးပြီးမှ ဘဲဥထည့်လုံး ရေနည်းနည်းချင်းထည့်ပြီး တစ်နာရီ လောက်တည်ထား။ ဒါမှ ပဲလိပ်ခြောက်လည်းနူး၊ ဘဲဥထဲလည်းအရသာဝင်ပြီး ပိုစားလို့လည်းကောင်း၊ အရောင် လည်းညိုညိုလေးနဲ့ပိုလှတာပေါ့နော်။ အရသာအားလုံးအဆင်ပြေပြီဆိုမှ တရုတ်မဆလာလေး ကြိုက်တတ်ရင် ဖြူးလိုက်ရုံပေါ့။ မကြိုက်တတ်ရင်လည်း ငရုတ်ကောင်းမှုန့်ပါပြီးသားမို့ မွှေးတော့မွှေးပြီးသားပါပဲ။

ချဉ်စပ်ဟင်းရည်
ပန်းဂေါ်ဖီကိုအနေတော်လေးတွေခြွေပြီး ရေစင်စင်ဆေးရေပြန်စစ်ထား၊ ငရုတ်စိမ်းကို ဓါးပြားရိုက်ထား၊ ကြက်ဥတစ်လုံးကို ရေ စားပွဲတင်ဇွန်းတစ်ဇွန်းခွဲလောက်ထည့်ပြီး ညက်အောင်ခေါက်ထား။ သံပုရာရည်ညှစ် ထား၊ ရေဆူလာရင် ပန်းဂေါ်ဖီထည့်၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်သီးစိမ်းဓါးပြားရိုက်ထားတာထည့်။ အရသာလည်း ချိုချဉ်ငံစပ်ဖြစ်၊ ပန်းဂေါ်ဖီလည်းနူးပြီဆိုမှ ဆူနေတဲ့ဟင်းရည်ထဲကို ခုနက ခေါက်ထားတဲ့ ကြက်ဥရည်ကို နည်းနည်းချင်းထည့်ပြီး ခပ်ဖြည်းဖြည်း မွှေပေးလိုက်ရင် ချဉ်စပ်ဟင်းရည်တစ်ခွက်တော့ အဆင်ပြေပြီပေါ့။

ခုနက ၀က်သားလိပ်ကြော်နဲ့စားဖို့ အချဉ်လေးမေ့သွားလို့ အခုပြန်ရေးလိုက်ဦးမယ်။ ငရုတ်ဆီနဲ့တို့ စားရင်ကောင်းပေမယ့်လည်း တစ်ခါတလေ လုပ်စားတဲ့ဝက်သားလိပ်လေးဆိုတော့ အချဉ်လေးလည်း ကောင်းကောင်းလေးလုပ်ကြတာပေါ့ ဆွေမျိုးတို့ရာ။ သိပ်လည်းမခက်ပါဘူးနော်။
ငရုတ်သီးစိမ်းအနီကို အတောင့်နှစ်ဆယ်လောက်ရယ်။ ဂျင်းလက်တစ်ဆစ်လောက်ရယ်။ ကြက်သွန်ဖြူ အတက်ကြီး ဆယ်တက်လောက်ရယ်ကို သံပုရာရည်၊ ငါးငံပြာရည်၊ သကြား၊ နံနံပင်အရိုးလေး သင့်တော်ရုံ ထည့်ပြီး ဖျော်ရည်ဖျော်တဲ့စက်ထဲမှာထည့်။ ညက်နေအောင်မွှေပေးလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ ချိုချဉ်ငံစပ် မွှေးလေးလည်းဖြစ် အရောင်လည်းလှတဲ့ အချဉ်တစ်ခွက်တော့ရပြီပေါ့။ ဒီတစ်ပတ်တော့ ဒီလောက်ပဲချက် ကြတာပေါ့ဆွေမျိုးတို့ရာ။ နောက်တစ်ပတ်တော့ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့။
အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။

Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment