ပုဇွန်မရမ်းသီးကြော်၊ ကြက်ဟင်းခါးသီးအစာသွပ်၊ ပဲအာလူးဟင်းချို












ဒီတစ်ပတ်တော့ ရာသီပေါ်မရမ်းသီးလေးတွေကို ပုဇွန်နဲ့ချဉ်စပ်စပ်လေးကြော်မယ်။ ပြီးတော့ မယ်တော် မားသားစားချင်နေတဲ့ ကြက်ဟင်းခါးသီးကို ၀က်လိုင်းသားနဲ့အစာသွပ်မယ်။ ၀က်သားနဲ့ဆိုတော့ အချိုလေးပေါ့ နော်။ ပြီးတော့ အရည်သောက်ကို ပဲလိပ်ပြာပဲနဲ့အာလူးရောပြီး ဟင်းရည်လုပ်လိုက်မယ်။ ဒါဆိုရင်တော့ အရသာ စုံစုံလေးနဲ့ မယ်တော်မားသားရော ကိုယ့်အကြိုက်ပါပါတဲ့ ဟင်းပွဲအတွဲအစပ်လေးတစ်ခုရပြီပေါ့ ဆွေမျိုးတို့ရာ

ပုဇွန်မရမ်းသီးကြော်
ပုဇွန်ကိုတော့ ဘော့ချိပ်အလတ်စားလေးသုံးပါ့မယ်။ ပုဇွန်ကို ရေစင်စင်ဆေး၊ အခွံခွာ၊ ငါးငံပြာ ရည်နဲ့နယ်ပြီးခဏနှပ်ထား၊ မရမ်းသီးကိုရေဆေး၊ အစေ့နဲ့အစေ့ခွံဖယ်ထား၊ ပြီးရင် ငရုတ်သီးစိမ်းသင့်ရုံထည့်ပြီး မညက်တညက်ထောင်းထား၊ ကြက်သွန်ဖြူကိုဓားပြားရိုက်စဉ်းပြီး နနွင်းမှုန့်နည်းနည်းထည့် ဆီသတ်၊ စိမ်းနံ့ ပျောက်လို့မွှေးလာရင် နှပ်ထားတဲ့ပုဇွန်ထည့်ပြီး ခဏလုံးပေး။ ပြီးမှ ထောင်းထားတဲ့မရမ်းသီးနဲ့ ငရုတ်သီးစိမ်း ထည့်၊ အပေါ့အငန်လိုရင်ကြက်သားမှုန့်လေးထည့် အရသာကချဉ်ငန်စပ်လေးနဲ့ အပေါ့အငန်စိတ်ကြိုက်ရပြီဆိုမှ ရေစင်စင်ဆေးပြီးခြွေထားတဲ့ နံနံပင်လေးအပေါ်ကနေအုပ်လိုက်ရုံပေါ့နော်။ ဒါဆိုရင်တော့ ပုဇွန်အရသာချိုချို လေးနဲ့ မရမ်းသီးနဲ့ငရုတ်သီးစိမ်း အရသာချဉ်စပ်လေးပေါင်းထားတဲ့ ပုဇွန်မရမ်းသီးကြော်ဟင်းတစ်ခွက်ရပြီပေါ့။

ကြက်ဟင်းခါးသီးအစာသွပ်
ကြက်ဟင်းခါးသီးကို သုံးလက်မလောက်ပိုင်း၊ အထဲကအစေ့တွေဖယ်ပြီး ဆန်ဆေးရေနဲ့တစ်နာရီ လောက်စိမ်ထား၊ ဒါမှအခါးအရသာလျော့ပြီး စားလို့ပိုအဆင်ပြေတာပေါ့နော်။ ၀က်လိုင်းသားကိုညက် တဲ့အထိစဉ်းထား၊ ပြီးရင် ခုနကပုဇွန်ကြော်ဖို့ထဲကဖယ်ထားတဲ့ ခေါင်းမပါတဲ့ပုဇွန်ကို ခပ်ကြီးကြီးလေးတုံး ပြီးရောနယ်ထား၊ အရသာအတွက်ကတော့ ဆားနဲ့သကြားသင့်ရုံထည့်ပေါ့။ ဆန်ဆေးရေနဲ့စိမ်ထားတဲ့ ကြက်ဟင်းခါးသီးကို ရေစင်စင်ပြန်ဆေး၊ ရေစစ်ပြီး ခုန၀က်သားနဲ့ပုဇွန်အစာပြန်သွပ်ပြီးရင် ဆီလေးနည်း နည်းနဲ့ခဏလှိမ့်ပေး၊ ရေနည်းနည်းချင်းထည့်ပြီးနူးလာတဲ့အထိနှပ်ထား။ ရေလည်းအသင့်အတင့်လေးနဲ့ ဆီ လေးလည်းပြန်၊ အရသာလေးကလည်း စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ ကြက်ဟင်းခါးသီးအစာသွပ် အချိုချက် ဟင်းတစ်ပွဲရပြီပေါ့ ဆွေမျိုးတို့ရာ။ အရည်လေးမှာပိုအရသာရှိချင်ရင်တော့ ကြက်သားမှုန့်လေးနည်းနည်း ထည့်ချက်လိုက်ပေါ့။

ပဲအာလူးဟင်းချို
ပဲကိုတော့ပဲလိပ်ပြာပဲကိုသုံးပါ့မယ်။ ပဲကိုအခွံခွာရေစင်စင်ဆေး ရေပြန်စစ်ထား၊ အာလူးကိုအခွံခွာ ပဲနဲ့လိုက်အောင် အတုံးသေးသေးတုံးထား၊ ကြက်သွန်ဖြူနဲ့ ဂျင်းဓားပြားရိုက်စဉ်းထားတာကို နနွင်းမှုန့် နည်းနည်း ထည့်ပြီးဆီသတ်။ ပြီးရင် ပဲနဲ့အာလူးထည့်၊ ဆားနည်းနည်းထည့်ပြီး ခပ်နာနာလေးလုံး၊ ရေနည်းနည်းချင်း ထည့်ပြီး နူးအောင်တည်၊ ပဲနဲ့အာလူးလည်းနူးပြီး ကြေတာလေးကလည်းကြေ။ အရည်ကလည်းမပြစ်မကျဲလေး ဖြစ်လာပြီ၊ အရသာလည်းစိတ်ကြိုက်ရပြီဆိုရင်တော့ ပဲအာလူးဟင်းချို ချိုချိုဆိမ့်ဆိမ့်လေးတစ်ပွဲရပါပြီ။

ပုဇွန်မရမ်းသီးကြော်ချဉ်စပ်လေးရယ်၊ ကြက်ဟင်းခါးသီးအစာသွပ် ချိုခါးလေးရယ် ပဲနဲ့အာလူးဟင်းချိုက ချိုဆိမ့်လေးရယ်ဆိုတော့ အရသာကလည်းစုံတယ်မလား၊ အဲတော့ စားလို့ကောင်းမှာကတော့ အသေအချာ ပဲပေါ့ဆွေမျိုးတို့ရာ။

ဒီတစ်ပတ်တော့ ဒီလောက်ပဲချက်ကြတာပေါ့ဆွေမျိုးတို့ရာ။ နောက်တစ်ပတ်တော့ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
 

Share on Google Plus

0 comments:

Post a Comment