ပုဇွန်အစိမ်းသုပ်၊ ရခိုင်ငါးပိထောင်း၊ သင်္ဘောသီးစိမ်းဟင်းခါး













ဒီတစ်ပတ်တော့ ရခိုင်စာလေးတွေဘက် ပြန်လှည့်လိုက်ဦးမယ် ဆွေမျိုးတို့ရာ။ မစားရတာလည်း ကြာ၊ မယ်တော်မားသားကလည်း စားချင်နေတယ်ဆိုတော့ ပိုအဆင်ပြေသွားတာပေါ့နော်။ ပုဇွန်ကို အစိမ်းသုပ်မယ် ဆိုရင်တော့ ပုဇွန်ကလတ်ဖို့အရေးကြီးတယ်ဗျ။ ဒါမှ စားတဲ့အခါ အနံ့အသက်လေးလည်းကောင်း၊ ဗိုက်နာတာ တွေဘာတွေလည်း မဖြစ်တော့ဘူးပေါ့နော်။ နောက်တစ်ခုက ပုဇွန်ခေါင်းထဲမှာရှိတဲ့ အနှစ်တွေမပါဖို့လည်း လိုသေးတယ်။ အဲအနှစ်တွေပါသွားမယ်ဆိုရင် ညှီနံ့ပြင်းပြီးစားလို့အဆင်မပြေတော့ဘူးဗျ။ နောက်တစ်ခုက ရခိုင် စာတွေချက်မယ်ဆိုရင် မပါမဖြစ်တဲ့ ငါးပိကလည်း ကောင်းဖို့အရေးကြီးပြန်ရော။ ငါးပိများမကောင်းလို့ကတော့ ဟင်းပွဲကရတဲ့အနံ့ကိုက စားချင်စိတ်ပျောက်သွားနိုင်တယ် ဆွေမျိုးတို့ရေ ကဲပြောနေကြာတယ်ဗျာ မယ်တော်မားသားလည်း ဈေးကပြန်လာပြီဆိုတော့ ပွားတာလေးတွေရပ်ပြီးတော့ ချက်ရေးပြုတ်ရေးဘက်  ပြန်လှည့်ကြရအောင်လား။

ပုဇွန်အစိမ်းသုပ်
ပုဇွန်အစိမ်းသုပ်ဖို့အတွက် ပုဇွန်ကိုခေါင်းအရင်ခြွေပြစ်ပြီးမှ ကျန်တဲ့ကိုယ်လုံးအပိုင်းကို ခေါင်းကနေ အနှစ်တွေမပါအောင်ရေစင်စင်ဆေး၊ အခွံခွာပြီး ကျောခွဲ၊ ပုဇွန်ချေးကြောင်းကိုဖယ်ထားပြီးရင် သံပုရာ ရည်သင့်ရုံထည့်နယ်ပြီး ငါးမိနစ်လောက်နှပ်ထားလိုက်မယ်။ ဒါဆိုပုဇွန်က သံပုရာရည်ကြောင့် အညှီလည်း သက်သာသွားပြီး သုပ်တဲ့အခါလည်း အချဉ်အရသာလေး အဆင်သင့်ဖြစ်သွားတာပေါ့နော်။ ပုဇွန်စိမ်းစား ငါးပိနည်းနည်းကို မွှေးသွားအောင်မီးပြပြီးမှ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းနည်း နည်းထည့်ပြီး ညက်အောင်ထောင်း၊ ကြက်သွန်နီတစ်ဥလောက်ကို ခပ်ပါးပါးလှီး ရေစင်အောင်ဆေး ရေညှစ်ထားတာရယ်၊ နံနံပင်ကို ခပ်ရိပ်ရိပ်လေးလှီးထားတာရယ်၊ ခုနက ထောင်းထားတဲ့အနှစ်ရယ်၊ နှပ်ထားတဲ့ပုဇွန်ရယ်ကိုရောပြီး သမအောင် ခပ်ဖွဖွလေးနယ်ပေးလိုက်ရင် ရခိုင်စတိုင်လ်ပုဇွန်အစိမ်းသုပ် ချိုချဉ်ငံစပ်မွှေးလေးရပြီပေါ့။

ရခိုင်ငါးပိထောင်း
သူကတော့လွယ်ပါတယ်။ ပုဇွန်ငါးပိကိုမွှေးသွားအောင် မီးနည်းနည်ကင်ထား၊ မန်ကျည်းသီးစိမ်းကို အခွံတွေခြစ်ပြစ်ပြီး အစေ့ဖယ်ထား၊ ငရုတ်သီးစိမ်းကို အညှာချွေ ရေစင်စင်ဆေး၊ ရေစစ်ထား၊ ကြက်သွန်နီ ဥခပ်သေးသေးလေးတစ်ဥလောက်ကို ခပ်ပါးပါးလှီးထား၊ ခုန ပုဇွန်အစိမ်းသုပ်မှာပိုတဲ့ ပုဇွန်ခေါင်းလေးတွေကို အခွံခွာပြီး ရေခြောက်တဲ့အထိလှော်ထား၊ မီးကင်ထားတဲ့ငါးပိရယ် ပုဇွန်ခေါင်းရယ်ကို အရင်မညက်တညက် လေးဖြစ်တဲ့အထိထောင်းပြီးမှ ကျန်တဲ့ မန်ကျည်းသီးစိမ်း၊ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်နီထည့်ပြီး ထောင်းပေး လိုက်မယ်ဆိုရင် ထမင်းစားလို့အရမ်းမြိန်တဲ့ ရခိုင်ငါးပိထောင်းမွှေးမွှေးစပ်စပ်လေးရပြီပေါ့နော်။ ပိုပြီးစပ်စပ်မွှေး မွှေးလေးဖြစ်ချင်ရင်တော့ အာဝါးသီးလည်းခေါ် ကုလားအော်သီးလည်းခေါ်တဲ့ အသီးလေးတစ်တောင့်လောက် ကို မီးကင်ပြီးထည့်ထောင်းပေးလိုက်ရုံပေါ့နော်။ ဒါဆိုရင် ပိုပြီးလည်းစပ်၊ မွှေးလည်းမွှေးသွားတာပေါ့ ဆွေမျိုးတို့ရာ။

သင်္ဘောသီးစိမ်းဟင်းခါး
သင်္ဘောသီးစိမ်းကို အခွံခွာရေစင်စင်ဆေးပြီး သခွားခြစ်လေးနဲ့ အမျှင်လေးတွေရအောင်ခြစ်ထား၊ ရှမ်းကြက်သွန်ဖြူကို အခွံမခွာဘဲ ဓါးပြားရိုက်ထား၊ ငရုတ်ကောင်းကို လှော်ပြီးညက်အောင်ထောင်းထား၊ ပုဇွန်ခြောက်ကို မညက်တညက်လေးထောင်းထား၊ ရေအရင်ဆူအောင်တည်၊ ရေဆူလာရင် အသင့်ပြင်ထားတဲ့ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်၊ ပုဇွန်ခြောက်မှုန့် ထောင်းထားတာရယ် ပုဇွန်ငါးပိနည်းနည်းရယ်ထည့်ပြီး ပုဇွန် ခြောက်ကအချိုရည်ထွက်တဲ့အထိတည်ထားပြီးမှ ခြစ်ထာဲး့သင်္ဘောသီးလေးတွေထည့် ရေပြန်ဆူလာတာနဲ့ မီးဖိုပေါ်ကချ၊ ဒါမှသင်္ဘောသီးလေးတွေက အရမ်းနူးမသွားဘဲ ကြွပ်ကြွပ်လေးနဲ့ပိုသောက်လို့ကောင်းတာပေါ့။
ဒီတစ်ပတ်ကတော့ဒီလောက်ပဲချက်ကြတာပေါ့။ နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံ ကြတာပေါ့နော်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။

Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment