ပုဇွန်ကင်သုပ်၊ ပန်းဂေါ်ဖီကြော်၊ ကြာရိုးဟင်းခါး










မိုးရာသီဆိုတော့ ပုဇွန်လေး ငါးလေးလည်းပေါတာပေါ့နော်။ ဒီတစ်ပတ်ကိုတော့ မယ်တော်မားသား စားချင်နေတဲ့ ပုဇွန်ကင်သုပ်လေးကို ပန်းဂေါ်ဖီကြော်လေးနဲ့ ကြာရိုးဟင်းခါးလေး တွဲချက်ပေးလိုက်မယ် စိတ် ကူးထားတယ်။ မယ်တော်မားသား ဈေးကနေပြန်လာတော့လည်း လိုချင်တာတွအကုန်ပါခဲ့တယ်ဆိုတော့ စိတ်ကူးထားတဲ့အတိုင်း ချက်ဖြစ်တယ်ပေါ့ဆွေမျိုးတို့ရာ။ မစားဖြစ်တာလည်းကြာနေ၊ စားလည်းစားချင်နေတဲ့ ဟင်းတွေဆိုတော့ ဒီတစ်ပတ်လည်း မယ်တော်မားသားနဲ့ ကျွန်တော်တို့သားမိနှစ်ယောက်ကတော့ စားကောင်း ဦးမှာ အသေအချာပဲပေါ့ဗျာ။

ပုဇွန်ကင်သုပ်
ပုဇွန်အကောင်ခပ်ကြီးကြီးကို ရေစင်စင်ဆေးပြီး ရေခြောက်အောင်စစ်ထားလိုက်တယ်။ ပြီးမှ မီးသွေး မီးဖိုမှာ မီးနည်းနည်းနဲ့မွှေးလာတဲ့အထိ ကင်လိုက်တယ်။ အခွံခွာပြီး မထူမပါးလှီးထား၊ ကြက်သွန်နီကိုလည်း ခပ်ပါးပါးလှီးပြီး ရေဆေး၊ ရေပြန်ညှစ်ထား၊ ရှောက်ရွက်နုနုလေးတွေကိုလည်း ရေစင်စင်ဆေးပြီး ခပ်ပါးပါး လှီးထား၊ သံပုရာရည်၊ ဆား၊ သကြားထည့်ပြီး အကုန်လုံးကို ခပ်ဖွဖွလေးနယ်ပေး၊ အရသာကတော့ ချိုချိုချဉ်ချဉ် လေးပေါ့နော်။ စပ်စပ်လေးစားချင်တယ်ဆိုရင်တော့ ငရုတ်သီးလှော်မှုန့်ကြိုက်ရင် ငရုတ်သီးလှော်မှုန့် ငရုတ်သီး စိမ်းကြိုက်ရင် ငရုတ်သီးစိမ်းလေး ခပ်ပါးပါးလှီးထည့်ပေးလိုက်ရင်ရပြီပေါ့။ ဒါဆိုရင်တော့ ပုဇွန်ကင်သုပ် ချိုချို ချဉ်ချဉ်မွှေးမွှေးလေးက စားကောင်းမှာတော့ သေချာတာပေါ့ဗျာ။

ပန်းဂေါ်ဖီကြော်
ပန်းဂေါ်ဖီကို ဘဲဥနဲ့ဆိမ့်ဆိမ့်ချိုချိုလေးကြော်လိုက်မယ်။ ပန်းဂေါ်ဖီကိုအနေတော်လေးတွေဖဲ့ပြီး ဆားရည်နဲ့ခဏစိမ်၊ ပြီးမှရေစင်စင်ဆေး၊ ရေစစ်ထားလိုက်မယ်။ ဆားရည်နဲ့စိမ်မှ ပါလာတဲ့ပိုးသတ်ဆေးတွေ စင်သွားတာပေါ့နော်။ ဆေးဖျန်းထားတာများတဲ့ အသီးအရွက်တွေကိုဆိုရင် ဆားရည်လေးနဲ့ခဏစိမ်ပြီး ကြော်ချက်စားရတာက ပိုပြီးဘေးကင်းတယ်မဟုတ်လား။ ပြီးရင် ကြက်သွန်ဖြူဓါးပြားရိုက်ထားတာကို ဆီသတ်၊ စိမ်းနံ့ပျောက်လို့ မွှေးလာပြီဆိုမှ ပန်းဂေါ်ဖီထည့်၊ ဆား၊ ကြက်သားမှုန့်၊ ခရုဆီသင့်ရုံထည့်ပြီး မွှေပေး၊ ပန်းဂေါ်ဖီ နူးခါနီးပြီဆိုမှ ဘဲဥတစ်လုံးလောက်ဖောက်ထည့်ပြီး မွှေပေးလိုက်ရင် ပန်းဂေါ်ဖီကြော် ချိုချိုဆိမ့်ဆိမ့်လေးရပါပြီ။

ကြာရိုးဟင်းခါး
အပေါ်က ဟင်းနှစ်မျိုးနဲ့လိုက်ဖက်အောင် ကြာရိုးဟင်းခါး ပူပူမွှေးမွှေးလေးချက်လိုက်မယ်။ ကြာရိုးကို အပေါ်ကအခွံနဲ့အမျှင်လေးတွေဖယ်၊ အနေတော်လေးတွေချိုးထား ရေလိုသလောက်ကိုအရင်ဆူအောင်တည်၊ ရေဆူလာရင် ပုဇွန်ခြောက် မညက်တညက်ထောင်းထားတာရယ် ငရုတ်ကောင်းနဲ့ကြက်သွန်ဖြူရောထောင်း ထားတာရယ်ထည့်။ ပြီးရင် ပုဇွန်ငံပြာရည်ထည့်၊ ပုဇွန်ခြောက်က အချိုရည်လည်းထွက် ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းက စိမ်းနံ့လည်းပျောက်ပြီဆိုရင် ခုနက ကြာရိုးလေးတွေထည့်လိုက်ရင် ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းနံ့သင်းနေတဲ့ ကြာရိုးဟင်းခါးပူပူမွှေးမွှေးလေးရပြီပေါ့နော်။

ဒါဆိုရင်တော့ မိသားစုထမင်းဝိုင်းလေးမှာ စားလို့ကောင်းကြမှာ အသေအချာပဲပေါ့ဆွေမျိုးတို့ရာ။
ဒီတစ်ပတ်ကတော့ဒီလောက်ပဲချက်ကြတာပေါ့။ နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံ ကြတာပေါ့နော်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။

Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment