မိုးရာသီလည်းရောက်ပြီဆိုတော့
ပုစွန်လေးတွေလည်း ဈေးပေါ လတ်လတ်ဆတ်ဆတ် ပေါပေါ များလေးရညပီပေါ့နော်။ ဒီတော့ ဒီအချိန်လေးမှာ
ကျွန်တော်နဲ့မယ်တော်မားသားကတော့ ပုစွန်ကို ၀အောင် စားထားလိုက်တယ် ဆွေမျိုးတို့ရေ။ ဒီတစ်ပတ်တော့
မယ်တော်မားသားအကြိုက် ပုစွန်ကိုငရုတ်သီး စပ်စပ် လေးနဲ့ကြော်မယ်။ ပြီးတော့ ချဉ်ပေါင်လေး
ကျိုလိုက်မယ်။ အမှန်က ဒီနှစ်မျိုးနဲ့တင် တော်တော်စားလို့ အဆင်ပြေနေပြီ။ ထမင်းကို ချဉ်ပေါင်ကျိုလေးဆမ်းပြီး
သေချာနယ်၊ ပုစွန်အစပ်ကြော်လေး မြှပ်စားလိုက်ရရင် ကောင်းမှကောင်းပဲပေါ့။ ဒါပေမဲ့ မယ်တော်မားသားက
ဈေးသွားရင်း ကြာရိုးလတ်တာလေးတွေ့လို့ ၀ယ်ခဲ့တယ် ဆိုတော့ ကြာရိုးလေးပါ ဟင်းခါးချက်လိုက်ဖြစ်တယ်။
ဒီတော့ ပိုပြီးစားလို့မြိန်သွားတာပေါ့နော်။
ပုစွန်အစပ်ကြော်
ပုစွန်ကို
အခွံပျော့တဲ့ဘော့ချိပ်လေး သုံးလိုက်မယ်။ ပုစွန်ကိုရေစင်စင်ဆေးပြီး ပုစွန်ကိုခေါင်းဖြုတ်
အမြီးဖြုတ်ပြီး ချီးကြောင်းလေးထုတ်ထား။ ခေါင်းဖြုတ်တယ်ဆိုတာကို အလွယ်ပြောတာနော်။ ခေါင်းက
အခွံလေးခွာပြီးရင် ခေါင်းထဲမှာရှိတဲ့ ပုစွန်ချီးအိတ်လေးကို ထုတ်လိုက်တာပါ။ ပြီးရင်
ချဉ်ပေါင်ကျိုရော ကြာရိုးဟင်းခါးပါ
ပုစွန်လေးထည့်ချက်မှာဆိုတော့ အဲ့နှစ်မျိုးချက်ဖို့ ပုစွန်လေးနည်းနည်းဖယ်ထား။ ကြော်မယ့်
ပုဇွန်ကို ငါးငံပြာရည်လေးသင့်ရုံထည့်နယ်ပြီး ခဏနှပ်ထား။ ငရုတ်ကောင်းဆယ့်လေးငါးစေ့လောက်ကို
အရင် ညက်အောင်ထောင်း၊ ပြီးမှ ငရုတ်သီးခွဲခြမ်း၊ ကြက်သွန်နီဥလတ်တစ်လုံးလောက်နဲ့ ကြက်သွန်ဖြူနှစ်တက်
လောက် ထည့်ထောင်း၊ ဆီပူလာရင် ခုနက ထောင်းထားတဲ့အရောကို နနွင်းမှုန့်နည်းနည်းထည့်ပြီး
ဆီသတ်၊ စိမ်းနံ့ပျောက်လို့ မွှေးလာပြီဆိုမှ ခုနကနှပ်ထားတဲ့ ပုစွန်ထည့်။ ပုစွန်မှာပါတဲ့ရေခန်းပြီး
ပုစွန်လေးတွေ မာလာ တဲ့အထိကြော်၊ အရသာမြည်းကြည့်လို့ ချိုချိုငန်ငန်စပ်စပ်လေးနဲ့ စိတ်ကြိုက်လေးရပြီဆိုရင်
ရေစင်စင်ဆေးပြီး အနေတော်လေးတွေလှီးထားတဲ့ ရှမ်းနံနံလေးအုပ်လိုက်ရင်စားလို့ ကောင်းမှကောင်းတဲ့
ပုစွန်အစပ်ကြော်လေး တစ်ပွဲရပြီပေါ့ ဆွေမျိုးတို့ရာ။
ချင်ပေါင်ကျို
ချဉ်ပေါင်ရွက်ကို
ရင့်တာတွေနဲ့အရိုးတွေဖယ်ပြီး ကိုယ်သုံးမှာလေးတွေပဲခြွေပြီး ရေစင်စင်ဆေး ရေစစ်ထား။ ပြီးရင်
အိုးထဲကို ရေနည်းနည်းထည့်၊ ခြွေထားတဲ့ချဉ်ပေါင်ရွက်ထည့်ပြီး ကြေတဲ့အထိမွှေပေး။ ချဉ်ပေါင်ကြေပြီဆိုရင်
မထူမပါးလှီးထားတဲ့ကြက်သွန်နီထည့်။ လက်နဲ့အသာဖြစ်ထားတဲ့ပုစွန်ထည့်။ မီးနည်းနည်း ပြထားတဲ့ပုစွန်ငါးပိလေးထည့်မွှေပေး။
အရသာစိတ်ကြိုက်ရပြီဆိုမှ ဗိုက်မနာအောင် ဆီစိမ်းလေးတစ်ဇွန်းထည့်၊ ပြီးရင် ပင်စိမ်းလေးအုပ်လိုက်ရုံပေါ့။
ဒါဆိုရင်တော့ ပုစွန်အစပ်ကြော်လေးနဲ့ အရမ်းလိုက်တဲ့ ချဉ်ပေါင်ကျို ချဉ်ချဉ် မွှေးမွှေးလေးရပါပြီ။
ကြာရိုးဟင်းခါး
ကြာရိုးကို
အပေါ်ယံမှာပါတဲ့ အခွံလေးဖယ်ပြီး အနေတော်လေးတွေပိုင်ထား။ ရေကို အရင်ဆူအောင် တည်။ ရေဆူလာရင်
လက်နဲ့အသာဖြစ်ထားတဲ့ပုစွန်ထည့်။ ရောထောင်းထားတဲ့ ငရုတ်ကောင်းနဲ့ ကြက်သွန်ဖြူ ထည့်။
ငါးငံပြာရည်ထည့်၊ အရသာစိတ်ကြိုက်ရပြီဆိုရင် ခုနကကြာရိုးလေးတွေထည့်ပြီးနှစ်မိနစ်လောက်
တည် လိုက်ရင် ကြာရိုးဟင်းခါးပူပူမွှေးမွှေးလေးရပါပြီ။ အရမ်းအကြာကြီးတည်လိုက်ရင် ကြာရိုးတွေက
ကြွပ်ကြွပ်လေး မနေဘဲ အိသွားတော့ စားရတာသိပ်မကောင်းဘူးလေ။ အဲဒါကြောင့် ကြာရိုးထည့်ပြီး
နှစ်မိနစ်လောက်ဆိုရင် စားလို့အနေတော်လေးရပါပြီ။
ဒီတစ်ပတ်တော့ဒီလောက်ပဲ ချက်ကြတာပေါ့
ဆွေမျိုးတို့ရာ။ နောက်တစ်ပတ်မှနောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment