ဒီတစ်ပတ်တော့
မိုးအေးအေးနဲ့မို့ မစားဖြစ်တာာကာနေတဲ့ ၀က်သားလေး အငန်ချက်မယ်။ ပြီးတော့ မယ်တော်မားသားအကြိုက်
အရွက်စုံလှော်ဟင်း ချဉ်ချဉ်ငန်ငန်စပ်စပ်လေးချက်မယ်။ အရည်သောက်ကိုတော့ ပူပူမွှေးမွှေးလေးနဲ့
မိုးအေးအေးလေးမှာ သောက်လို့ကောင်းမယ့် ဂုံမင်းဟင်းခါးလေးချက်လိုက်မယ်။ ဒါဆိုရင် တော့
မယ်တော်မားသားနဲ့ကျွန်တော် သားအမိနှစ်ယောက်ကတော့ ဒီတစ်ပတ်နားရက်လေးမှာလည်း ထမင်းစားလို့
မြိန်ဦးမှာအသေအချာပဲပေါ့ဆွေမျိုးတို့ရာ။
ဝက်သားအငန်ချက်
ဝက်သားအငန်ချက်ဖို့အတွက်
ဝက်သားကိုအသားများတဲ့ သုံးထပ်သားလေးရွေးသုံးပါ့မယ်။ ၀က်သား ကို အတုံးခပ်ကြီးကြီးတုံး။
ပြီးရင် ပဲငံပြာရည်အကြည်၊ ဆား၊ သကြားနည်းနည်းနဲ့နယ်ပြီး ခဏနှစ်ထားလိုက်မယ်။ ၀က်သားချက်ဖို့အတွက်
လိုတဲ့ရေကိုလည်း ရေနွေးအဖြူပဲသုံးမှာမို့ ရေနွေးကြိုတည်ထားလိုက်မယ်။ ဟင်းချက် တဲ့အခါ
ရေထည့်ရင်ရေအေးထည့်တာထက် ရေနွေးထည့်တာက ဟင်းလည်းအနူးမြန်ပြီး စားရတာလည်း အသားအရသာပိုကောင်းလို့ပါ။
ချက်မယ့်အိုးကိုတော့ အောက်ခြေပြန့်တဲ့ အိုးအစောက်ကိုသုံးတာ ပိုအဆင်ပြေ ပါတယ်။ အိုးအောက်ခြေမှာ
သကြားစားပွဲတင်ဇွန်းတစ်ဝက်လောက်ကိုဖြန့်ခင်းပြီး အပူပေး။ သကြားက ဆူလာ ပြီး အညိုရောင်လေးရတာနဲ့
ခုနကနှပ်ထားတဲ့ ၀က်သားထည့်။ ရေခန်းတဲ့အထိလုံးပြီးမှ ရေနွေးအဖြူ အသားမြုပ်ရုံလောက်ထည့်ပြီး
အသားနူးတဲ့အထိတည်ထားရုံပါပဲ။ သကြားအိုးကင်းတိုက်တဲ့အခါမှာ တူးပြီးမဲ မသွားဖို့တော့
သတိထားရမှာပေါ့နော်။ ၀က်သားကျက်ခါနီးကျမှ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူလေးငါး တက်ထည့်၊
အရသာလိုရင် ကြက်သားမှုန့်လေးနည်းနည်းလိုက်ပေးလိုက်ရင် ရပါပြီ။ အသားလည်းနူး၊ အရသာလည်းစိတ်ကြိုက်ရလို့
မီးဖိုပေါ်ကနေချပြီး ဆယ်မိနစ်လောက်နေရင် အပေါ်ယံမှာတက်နေတဲ့ ၀က်ဆီ တွေကို ခပ်ထုတ်ထားတာပေါ့။
ဒါမှစားတဲ့အခါ ၀က်ဆီကမအီဘဲ ဆိမ့်ဆိမ့်လေးနဲ့စားလို့ပိုကောင်းသွားတာပေါ့။ ခပ်ထုတ်ထားတဲ့ဆီကျတော့လည်း
စားရဲရင် ကန်ဇွန်းရွက်ပဲကြော်ကြော် ပဲပင်ပေါက်ပဲကြော်ကြော် ကြော်စားရင် ကောင်းမှကောင်းပဲပေါ့
ဆွေမျိုးတို့ရာ။ ဒီဟင်းကချက်တဲ့အခါမှာ ဆီမကုန်ဘဲ ဆီတောင်ပြန်ထွက်သေးတာမို့ ဆီကုန်လည်းသက်သာ
ကျန်းမာရေးအတွက်လည်း ကောင်းတာပေါ့နော်။
ရွက်စုံလှော်ဟင်း
မယ်တော်မားသားအကြိုက်
ရွက်စုံလှော်ဟင်းချက်ဖို့အတွက် ရာသီပေါ်ဖလံတောင်ဝှေးလေးကို လယ်ကန်ဇွန်း၊ ဇရစ်ရိုး၊ ချဉ်ပေါင်ရွက်လေးတွေထည့်ပြီး
ပုဇွန်လေးနဲ့ချက်ပါ့မယ်။ ပုဇွန်တစ်ထောင်ဖိုးလောက် ၀ယ်လာပြီး လှော်ဟင်းထဲတစ်ဝက် အရည်သောက်ဟင်းခါးထဲတစ်ဝက်
ထည့်ချက်လိုက်မယ်ပေါ့။ ဒါမှ အရသာက ပိုချိုချိုလေးလည်းဖြစ် ပုဇွန်ဟင်းခတ်လေးနဲ့ဆိုတော့
စားလို့လည်းပိုကောင်းသွားတာပေါ့နော်။ ဖလံတောင်ဝှေးကို အရင့်တွေဖယ် ဓားပြားရိုက်၊ အနေတော်လေးတွေပိုင်းပြီး
ရေစင်စင်ဆေး၊ ရေပြန်ညှစ်ထား၊ ကျန်တဲ့ အရွက်တွေကိုလည်း ခြွေပြီးရေစင်စင်ဆေး ရေပြန်စစ်ထား။
ကြက်သွန်နီမထူမပါးလှီးထားတာကို အရင်ဆီသတ်။ စိမ်းနံ့ပျောက်လို့မွှေးလာမှ နနွင်းမှုန့်လေးနည်းနည်းထည့်
အခွံခွာထားတဲ့ပုဇွန်လေးထည့်။ ငါးငံပြာရည်လေး သင့်ရုံထည့်ပြီးဆီသတ်။ ပြီးရင် ဖလံတောင်ဝှေးနဲ့
ဇရစ်ရိုးထည့်ပြီး အရင်လုံးပြီးမှ ချဉ်ပေါင်ရွက် နဲ့ ကန်ဇွန်းရွက်ထည့်။ ချဉ်ပေါင်ရွက်က
အချဉ်ထွက်လာပြီဆိုမှ အရသာအပေါ့အငန်မြည်းကြည့်။ လိုအပ်ရင် ငါးငံပြာရည်လေးထပ်ထည့်။ ပြီးရင်
ဓားပြားခပ်နာနာရိုက်ထားတဲ့ ငရုတ်သီးစိမ်းထည့်မွှေပေးလိုက်မယ်ဆိုရင် ရွက်စုံလှော်ဟင်း
ချဉ်ချဉ်စပ်စပ်လေးတစ်ပွဲရပြီပေါ့။
ဂုံမင်းဟင်းခါး
ဂုံမင်းကို
ရင့်တာလေးတွေဖယ်ပြီး ရေစင်စင်ဆေး။ ပြီးမှ ဓားပြားရိုက်ပြီး အနေတော်လေးတွေ ပိုင်းထား။
ပုဇွန်ကိုအခွံခွာပြီး လက်နဲ့အသာဖြစ်ထား။ ဒါမှ အချိုရည်ပိုထွက်တာပေါ့နော်။ ရေအရင်ဆူအောင်တည်။
ရေဆူ လာရင် ညက်အောင်ထောင်းထားတဲ့ ငရုတ်ကောင်းမှုန့်ရယ်။ မညက်တညက်ထောင်းထားတဲ့ ကြက်သွန်ဖြူရယ်
ထည့်။ ပုဇွန်ထည့်၊ ငါးငန်ပြာရည်ထည့်ပြီးမှ ဂုံမင်းထည့်။ ဂုံမင်းနူးပြီဆိုရင် အရသာအပေါ့အငန်မြည်းကြည့်။
လိုအပ်ရင် ဆားလေးသင့်ရုံထည့်။ ဒါဆိုရင်တော့ ငရုတ်ကောင်းနဲ့ ဂုံမင်းနံ့မွှေးမွှေးလေးနဲ့
အရသာ ပူရှိန်းရှိန်း လေးဖြစ်နေတဲ့ ဂုံမင်းဟင်းခါးလေးရပြီပေါ့ ဆွေမျိုးတို့ရာ။
ဒီတစ်ပတ်တော့ဒီလောက်ပဲ ချက်ကြတာပေါ့
ဆွေမျိုးတို့ရာ။ နောက်တစ်ပတ်မှနောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment