စိတ်သစ်လူသစ်ခွန်အားသစ်တွေနဲ့ မေတ္တာနဲ့ကိုယ်ချင်းစာတရားလက်ကိုင်ထားနိုင်ကြပါစေ… အိမ့်မျက်ချယ်






သင်္ကြန်ဆုတောင်း

အရင်နှစ်က ကိုယ်ခံစားရတဲ့ ပူပင်သောက လွမ်းဆွေးဝေဒနာ အဆိုးမြင်စိတ် ဒီအရာနဲ့ပါသွားပါစေ၊ စိတ်သစ်လူသစ်ခွန်အားသစ်တွေနဲ့ မေတ္တာနဲ့ကိုယ်ချင်းစာတရားလက်ကိုင်ထားနိုင်ကြပါစေ…

အိမ့်မျက်ချယ်

ကျိုင်းတုံ၊ တာချီလတ်ကို Miss Golden Land ရွေးချယ်ပွဲမှာ သွားပြီး Training ပေးတာတွေကူညီပေးဖို့ သွားရမယ်
လတ်တလောလှုပ်ရှားမှုအနေနဲ့ ဂျာနယ် Cover လေးတွေရိုက်ဖြစ်နေတယ်။ အခုဒီလအကုန်မှာ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလတ်ကို Miss Golden Land ရွေးချယ်ပွဲမှာ သွားပြီးTraining ပေးတာတွေ ကူညီပေးဖို့သွားရမယ်။ မိတ်ကပ်လိမ်းတာလည်း ကူပြင်ပေးရမယ်။ အခမ်းနားမှူးအနေနဲ့လည်း ဆောင်ရွက်ပေး ရမယ်ပေါ့။

Miss Golden Land Training လုပ်ပေးဖို့ ပြည်နယ်နဲ့တိုင်းတွေက အများကြီးကျန်သေးတယ်။ မန္တလေး၊ မွန်ပြည်နယ်၊ ရှမ်းပြည်တောင်ပိုင်း/မြောက်ပိုင်း ပြီးသွားပြီ။ အခုအရှေ့ပိုင်းပေါ့။ Final ပွဲကြီးက ခန့်မှန်းခြေ (၆)လပိုင်းလောက်မှန်းထားပါတယ်။ ဒါပေမဲ့ ကြားထဲမှာ ပြည်နယ်နဲ့ တိုင်းကိုယ်စားပြုအလှမယ်တွေ ရွေးပြီး တော့မှ ပွဲကြီးစလို့ရမှာပါ။

ရန်ကုန်ကမိန်းကလေးပုံစံလေးတွေနဲ့ သိပ်မတူဘူး အရမ်းရိုးကြတယ်…
ပြိုင်ပွဲတွေမှာသွားပြီး Training လုပ်ပေးရတာ အရမ်းလည်းပျော်တယ်။ တစ်ချို့နယ်တွေဆို ရောက် လည်းမရောက်ဖူးဘူးလေ။ ရန်ကုန်က မိန်းကလေးပုံစံလေးတွေနဲ့သိပ်မတူဘူး။ အရမ်းရိုးကြတယ်။ အရမ်း အေးကြတယ်။ လာပြိုင်တဲ့ ပြိုင်ပွဲဝင်တော်တော်များများဆိုရင် အနုပညာလှုပ်ရှားမှု ဘာမှမလုပ်ခဲ့ဖူးဘူး။ လုံးဝ သပ်သပ်ရပ်ရပ်လေးတွေဆိုတော့ သူတို့ကိုရဲတင်းလာအောင်သင်ပေးရတာ၊ Miss က စင်ပေါ်မှာ Confidence ကို ဦးစားပေးအမှတ်ပေးတာ။ firmance မှာ Confidence ကို ဦးစားပေး အမှတ်ပေးတာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တိုးလာအောင်လုပ်ပေးရတယ်ပေါ့။

တစ်လောကကျင်းပခဲ့တဲ့ Earth Hour ဆိုတာတစ်မ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းပေါ့။ နိုင်ငံတော်တော် များများပါဝင်တယ်။ အဲဒီနေ့လေးမှာ ည (၈)ခွဲကနေ (၉)ခွဲအထိ ဒီကမ္ဘာမြေကြီးရဲ့ကျွန်မတို့လူသားတွေအပေါ် ထောက်ပံ့ပေးတဲ့ သယံဇာတတွေတခြားစွမ်းအင်တွေ မီးတွေအကုန်လုံးကို (၁)နာရီမှိတ်လိုက်တယ်။ ဒီအချိန် လေးမှာ ဖယောင်းတိုင်လေးတွေထွန်းပြီးတော့ Earth Hour ကို ကျင်းပကြတာပေါ့။ အဖွဲ့ဝင်နိုင်ငံတော်တော် များများကျင်းပခဲ့ကြပါတယ်။ မြန်မာနိုင်ငံက အဖွဲ့ဝင်တာကြာပြီ။ ဒီအခမ်းအနားမှာ အခုမှ ပထမဆုံးအကြိမ်ဖြစ် တာပါ။

ရာသီဥတုဖောက်ပြန်လာခြင်းက လူသားတွေစည်းမဲ့ကမ်းမဲ့ သယံဇာတတွေအများကြီးသုံးစွဲနေတယ်…
Miss Earth Myanmar တစ်ယောက်အနေနဲ့ ရာသီဥတုဖောက်ပြန်လာခြင်းက ပြောရမယ်ဆိုရင် လူသားတွေ စည်းမဲ့ကမ်းမဲ့သယံဇာတတွေအများကြီး သုံးစွဲနေတယ်။ သစ်တောတွေအများကြီးပြုန်းတီးတယ်။ စက်မှုလုပ်ငန်းတွေ တိုးတက်နေတာနဲ့ အမျှ ရေ၊ လေ၊ မြေတွေ ညစ်ညမ်းနေပြီ။ ဒီအရာအားလုံးက ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းရဲ့တရားခံတွေပါပဲ။ ကျွန်မတို့လူသားတွေရဲ့နေ့စဉ်ရှင်သန်လှုပ်ရှားမှု ဒီစက်မှု၊ လက်မှု လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာခြင်းက အဓိကအကြောင်းရင်းတွေပါဘဲ။ ဒီအခါကျတော့ အကုန်လုံး သတိထား သင့်နေပြီပေါ့နော်။ ကိုယ့်ရဲ့နေ့စဉ်လှုပ်ရှားမှုတွေမှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးဖို့ လူတစ်ဦးတစ် ယောက်ခြင်းစီကနေ ကိုယ့်ရဲ့တစ်ပိုင်တစ်နိုင်လေး ထိန်းသိမ်းစွာပေးနိုင်မယ်ဆိုရင်တော့ ကမ္ဘာမြေကြီးဖောက် ပြန်ပြောင်းလဲမှုတွေ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။

ရာသီဥတုဖောက်ပြန်မှုကြောင့် ရေပြတ်လပ်တဲ့ဒေသတွေကို သွားကူညီဖို့အစီအစဉ်ရှိပါတယ်။ ရေတွေ ပြတ်နေပြီဆိုတာအပေါ် ညီမတို့ Project တွေဆွဲနေတယ်။ ပြီးရင် Organizaton ကိုပြန်တင်ပြပြီး အဲဒီကနေတစ်ဆင့် ဆရာတို့က လှူမယ့်ကုမ္ပဏီတွေကိုသွားတင်ပေးမှာ။ တင်ပေးတဲ့အခါ ဒီနေရာကိုသွား လှူကြမယ်ဆိုရင် ကုမ္ပဏီကနေ ရေဆိုလည်းရေပေါ့။ ငွေကြေးဆိုလည်း ငွေကြေးအားဖြင့် ရေသန့်လှူဖို့ အတွက် သူတို့ချပေးရင် ညီမတို့က သူတို့ကိုယ်စားလိုအပ်တဲ့ နေရာဒေသတွေကိုသွားပြီးလှူဒါန်းကြမှာပါ။

Media သမားတွေအပေါ်မှာ respect မရှိတဲ့စကားမျိုး အပြုအမူမျိုးလုံးဝမလုပ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ကိုယ့်အောင်မြင်မှုကို သူတို့က အကောင်းဆုံးလှေကားထစ် အနေနဲ့နေပေးနေတာပေါ့။

ညီမတို့ Miss တွေ Model တွေ သရုပ်ဆောင်တွေအနေနဲ့ ဒီလောကထဲမှာ ရပ်တည်မှုတစ်ခုရဖို့အတွက် Media ဆရာသမားတွေက အရမ်းကိုအရေးပါတဲ့ အထောက်အပံ့တွေဖြစ်ပါတယ်။ ညီမဆိုလည်းဘယ်တော့မှ Media သမားတွေအပေါ်မှာ respect မရှိတဲ့စကားမျိုးအပြုအမူမျိုး လုံးဝမလုပ်ပါဘူး။ ဖုန်းနဲ့ပဲဖြစ်ဖြစ် အင်တာ ဗျူးလာရင်တောင်မှ အချိန်ပေးပြီး စိတ်ရှည်လက်ရှည်ဖြေပေးတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အောင်မြင်မှုကိုသူတို့က အကောင်းဆုံး လှေကားထစ်အနေနဲ့ နေပေးနေတာပေါ့။ အဲဒီအခါကျတော့ မီဒီယာဆရာ၊ ဆရာမတွေ ကိုယ့်အ ပေါ် ကျေနပ်ရင်ကျေနပ်သလောက် မြောက်စားခွင့်ရသလို မကျေနပ်ရင်လည်း နေရာမရဘူးဖြစ်သွား တတ်ပါ တယ်။ နှစ်ဖက်စလုံးကတော့ အချင်းချင်း Respect ထားသင့်တယ်ပေါ့နော်။

ညီမသရုပ်ဆောင်သင်တန်း တက်တုန်းကတော့ ဒီလောကထဲကို ထဲထဲဝင်ဝင်မလုပ်ဖြစ်ခဲ့ပါဘူး။ မော်ဒယ်ဘ၀မှာ ပွဲတွေလျှောက်လာရတော့ ဒီလောကအကြောင်း ထဲထဲဝင်ဝင်သိလာရတယ်။ တချို့စီနီယာ တွေ လူရယ်လို့ဖြစ်လာရင် ဘာပဲဖြစ်ဖြစ်မနာလိုစိတ်ရှိမယ်။ ရှိလို့လည်းရတယ်။ ရှိတယ်ဆိုတာကိုလည်း နားလည်တယ်။ ဒါပေမဲ့ အပြင်ကိုမထုတ်မိစေနဲ့ပေါ့။ လူတစ်ယောက်အပေါ် မနာလိုတာ၊ အပုတ်ချတာက ကိုယ့်စိတ်နှလုံးသားမပြည့်ဝတာပေါ့။ ကိုယ့်ရဲ့သေးသိမ်မှုတွေပေါ့။ ဒီလိုအရာတွေကို သူများကိုမမြင်စေချင်ဘူး ပေါ့နော်။ အဲဒါကြောင့်ကိုယ့်ရဲ့ မပြည့်ဝမှုတွေကို ပညာရှိပီပီ အပြင်ကိုထုတ်မပြဘူးဆိုရင် senior Jonior ကြားမှာ သူ့ Professional Life တစ်ခုချင်းစီမှာ ဘာမှပဋိပက္ခတွေဖြစ်စရာမလိုဘူးလို့ ထင်ပါတယ်။ အကယ်၍ မကူညီချင်ဘူးဆိုရင်တောင်မှ မသိချင်ယောင်ဆောင်နေပေးပါ။ တချို့စီနီယာတွေလည်း တကယ် ကောင်းပါတယ်။ ကောင်းတဲ့သူတွေ သဘောထားပြည့်ဝတဲ့သူတွေ အများကြီးတွေ့ခဲ့ပါတယ်။

သင်္ကြန်အတွက်လောလောဆယ်တော့ ဘာမှမစီစဉ်ရသေးဘူး။ မော်လမြိုင်ကို Miss Mon State ရွေး တုန်းက ခင်မင်ခဲ့တဲ့ Organizer တွေနဲ့က သူတို့ဆီကိုလာဖို့ဖိတ်ထားတယ်။ ကိုယ့်ရဲ့ဇာတိဖြစ်တဲ့ မွန်ပြည် နယ်သင်္ကြန်ကိုပြောရရင် တစ်ခါမှမဆင်နွဲဖူးသေးဘူး။ အဲဒီကိုသွားမယ်လို့ စီစဉ်ထားတာတော့ရှိတယ်။ ဒါပေမဲ့ တစ်ခုခု အကုန်ပေါ်လာမလားတော့ မသိသေးပါဘူး။

သင်္ကြန်ကိုရေမထိတဲ့အထဲမှာပါတယ်၊ ငယ်ငယ်ကသင်္ကြန်ထွက်လည်ရင်း လူတစ်ချို့ကကားကိုအတင်း ပိတ် ရပ်ပြီး မှန်တွေအတင်းဖွင့်ပြီးရေလောင်းဖို့ လုပ်တာ၊ ကြောက်ပြီးတော့ သင်္ကြန်ဆိုအပြင်မထွက်ဖြစ်တော့ တာပါပဲ…

ပြောရမယ်ဆိုရင် သင်္ကြန်ကို ရေမထိတဲ့အထဲမှာပါတယ်။ ဘာလို့လည်းဆိုတော့ ငယ်ငယ်တုန်းက အဖေက သင်္ကြန်ထွက်လည်ရအောင်ဆိုတော့ ကိုယ်ပိုင် Taxi လေးနဲ့သွားလည်ဖူးတယ်။ အဲဒီတုန်းက မြို့ အစွန်ရွှေပြည်သာဘက်မှာနေတဲ့အခါကျတော့ လူတစ်ချို့က မူးရှုးပြီးရုပ်ပျက်ဆင်းပျက်တွေဖြစ်တယ်။ သရုပ် ပျက်တွေလည်းဝတ်စားထားကြတယ်။ အဲဒီလူတွေက ကားကိုအတင်းပိတ်ရပ်ပြီးတော့ မှန်တွေအတင်းဖွင့်ပြီးရေ လောင်းဖို့လုပ်တာ။ အဲဒီတုန်းက ၃-၄ တန်းပဲရှိသေးတဲ့အခါကျတော့ ကြောက်ပြီးတော့ သင်္ကြန်ဆိုအပြင် မထွက်ဖြစ်တော့တာပါ။ ကြီးလာတဲ့အထိ အဲဒီစိတ်ကစွဲနေတာ။


နှစ်တစ်နှစ်ကူးပြောင်းတဲ့အတွက် နှစ်ဟောင်းက စိတ်အညစ်အကြေးတွေ၊ ၀မ်းနည်းပူဆွေးမှုတွေ၊ သောကတွေ ဒီအရာတွေ အားလုံး ဒီနှစ်သစ်ကိုမပါလာအောင်လို့ သင်္ကြန်ရေတွေနဲ့ဆေးကြော သန့်စင်ကြ တယ်ပေါ့နော်။ တကယ့်သင်္ကြန်ပွဲကြီးကျင်းပရတဲ့ ရည်ရွယ်ချက်အတိုင်းပဲ အရင်နှစ်တွေက ကိုယ့်ခံစားခဲ့ရတဲ့ ပူပင်သောကတွေ လွမ်းဆွေးဝေဒနာတွေ အဆိုးမြင်စိတ်တွေ ဒီအရာတွေအားလုံး သင်္ကြန်နဲ့ပါသွားပါစေလို့ စိတ်သစ်လူသစ် ခွန်အားသစ်တွေနဲ့ မေတ္တာနဲ့ကိုယ်ချင်းစာတရား လက်ကိုင်ထားနိုင်ပါစေလို့ ဆုတောင်းပေး ပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape
Share on Google Plus

0 comments:

Post a Comment