ဒီတစ်ပတ်ကတော့
မိုးအေးအေးလေးမှာ တန်ပူရာကြော်လေးရယ် မိုးတွင်းဘက် မှစားရတဲ့ ရာသီပေါ် ဒန်ကျွဲရွက်နဲ့သုပ်ထားတဲ့
မိုးကျလက်ဖက်သုပ်လေးရယ် ငါးရွှေကြပ်တိုက်လေးနဲ့ချက်ထားတဲ့ အာပူလျှာပူ ဟင်းရည်လေးရယ်ပဲ
ချက်စားဖို့စိတ်ကူးထားတယ်ဗျာ၊ ကျွန်တော်ကတော့ သီးရွက်စုံ တန်ပူရာကြော်နဲ့ အာပူ လျှာပူဟင်းရည်
တာဝန်ယူချက်မယ်၊ မယ်တော်မားသားကတော့ မိုးကျ လက်ဖက်လေး သုပ်မယ်ပေါ့။
သီးရွက်စုံတန်ပူရာကြော်
အာလူး၊ ရွှေဖရုံသီး၊ မြင်းခွာရွက်၊ baby
corn၊ ခရမ်းသီး ငါးမျိုးလောက်ရွေးထားတယ်။ ဒါမှလည်း အရသာစုံစုံလေးနဲ့ စားလို့အဆင်ပြေမှာပေါ့နော်။
တန်ပူရာမှုန့်ထဲကို ရွှေကြည်ဆန်မှုန့်လေးရောပြီး မပျစ်မကျဲ လေးဖျော်ထားလိုက်မယ်၊ ရွှေကြည်ဆန်မှုန့်လေးရောလိုက်တော့
ပိုပြီးကြွပ်ကြွပ်ရွရွလေးဖြစ်တယ်၊ စားလို့ လည်း ပိုကောင်းတယ်ပေါ့။ အသီးအနှံလေးတွေကို
အနေတော်လေးလှီးထား၊ မြင်းခွာရွက်လေးတွေ ကိုလည်း အနေ တော်လေးစည်းထား၊ ကြော်ခါနီးမှ ခုနကဖျော်ထားတဲ့မုန့်နှစ်လေးထဲ ထည့်နှစ်ပြီး
ဆီပူပူမှာပြန်ကြော်ရုံပါပဲ။ ဆီများများလေးနဲ့တော့ ကြော်ဖို့လိုတာပေါ့နော်။ ဒါဆိုရင်တော့
စားလို့ကောင်း မှာသေချာတဲ့ တန်ပူရာကြော်ကြွပ် ကြွပ်လေးရပြီပေါ့နော်။ သူနဲ့တွဲစားဖို့အချဉ်လေးလည်း
ဖျော်ဖို့လိုတာပေါ့။ ကြက်သွန်ဖြူသုံးတက်၊ ဂျင်းက ကြက် သွန်ဖြူတစ်တက်စာလောက် ငရုပ်သီးစိမ်းအနီက
ဆယ်တောင့်၊ နံနံပင်အရိုးလေးနည်းနည်း၊ သကြား၊ ပုဇွန်ငံပြာ ရည်၊ သံပုရာရည်သင့်ရုံထည့်ပြီး ဖျော်ရည်ဖျော်စက်ထဲမှာ
ရေလေးနဲနဲထည့်ပြီး အားလုံးကြေအောင်ကြိတ်လိုက် မယ်ဆိုရင် တန်ပူရာကြော်ပူပူလေးနဲ့ တွဲစားဖို့အရမ်းလိုက်ဖက်တဲ့
ချဉ်ငံစပ်မွှေအချဉ်ပန်းရောင်လေးရပြီပေါ့။
မိုးကျလက်ဖက်သုပ်
ဒန်ကျွဲရွက်ကို ရင့်တာလေးတွေဖယ်ပြီးမှ
မန်ကျဉ်းမှည့်ရည်လေးနဲ့ ရေထည့်ပြီးပြုတ်၊ ခဏအအေးခံ၊ ရေတွေကုန်အောင်ညှစ်ပြီး ခပ်ပါးပါးလှီးထား၊
မန်ကျည်းမှည့်ကိုရေနွေးနဲ့စိမ်ပြီး မန်ကျည်းမှည့်ရည်လေးရ အောင် လုပ်ထား၊ ငရုတ်သီးစိမ်းနဲ့ကြက်သွန်နီအထူမပါးလှီးထား၊
ငရုပ်လှော်မှုန့်လေးလည်း အဆင် သင့်ပြင်ထား၊ ကြက်သွန်နီကို ဆီချက်ချက်ထား၊ ပုဇွန်ခြောက်လေးကို
မညက်တညက်လေးထောင်းထား၊ နှစ်ပြန်ကြော်လေး လည်း ၀ယ်ထားပေါ့။ အားလုံးစုံပြီဆိုမှ လှီးထားတဲ့ဒန်ကျွဲရွက်ကို
ဆီချက်၊ ပုဇွန်ငံပြာရည်၊ ငရုပ်သီးစိမ်း ငရုပ်သီး လှော်မှုန့်၊ မန်ကျည်းမှည့်ရည်၊ ကြက်သွန်နီ၊
ပုဇွန်ခြောက်မှုန့်ထည့်ပြီး ခပ်ဖွဖွလေးနယ်၊ အရသာလေး မြည်းကြည့်လို့ ချဉ်ငံစပ်လေးရပြီဆိုမှ
နှစ်ပြန်ကြော်လေးထည့်နယ်လိုက်ရင် ရာသီပေါ် မိုးကျလက်ဖက်သုပ် ချဉ်ငံစပ်လေးရပါပြီ။ ငရုပ်သီးလှော်မှုန့်ရော
ငရုပ်သီးစိမ်းပါထည့်ထားတော့ ပိုလည်းမွှေးမွှေးလေးဖြစ်တာပေါ့
အာပူလျှာပူဟင်းရည်
ငါးရွှေကြပ်တိုက်လေးကို ရေနွေးနဲ့ခဏစိမ်
နည်းနည်းနူးလာမှ အရိုးထွင် အနေတော်လေးတွေ ဖဲ့ထား၊ ကြက်သွန်ဖြူနဲ့ငရုပ်ကောင်းကို ရောထောင်းထား၊
စိမ်းစားငါးပိလေး နည်းနည်းကိုရေဖျော်ပြီး ခဲသလဲစစ်ထား၊ အာပူလျှာပူရွက်ခြောက်လေးကို
ရေပြန်ဆေးထား ရေအရင်ဆူအောင်တည်၊ ရေဆူလာမှ ငါးရွှေကြပ်တိုက်နဲ့ ကြက်သွန်ဖြူနဲ့ ငရုပ်ကောင်းရောထောင်းထားတာထည့်၊
စိမ်းစားငါးပိဖျော်ထားတာထည့် ခဏနေလို့ ငါးရွှေကြပ် တိုက်က အချိုရည်ထွက်လာပြီဆိုရင် အာပူလျှာပူလေးထည့်ပြီး
အရသာမြည်းကြည့် လို့ အရသာလည်း စိတ်ကြိုက်ရ အာပူရွက်နံ့လေးလည်းမွှေးနေပြီဆိုရင်တော့ တန်ပူရာကြော်လေးရယ်
မိုးကျလက်ဖက်သုပ်လေး ရယ်နဲ့ တွဲစားဖို့အရမ်းလိုက်တဲ့ အာပူလျှာပူဟင်းရည်တစ်ခွက်ရပြီပေါ့နော်။
မိုးကျလက်ဖက်သုပ်ဖို့ ဆီချက်လေးလည်း
အသင့်ရှိနေတော့ မုန့်ဖတ်လေးနဲ့ ပဲကြော်လေးဝယ် ထည့်ပြီး အာပူလျှာပူလေးလည်း သောက်ချင်သောက်လို့ရတော့
ပိုအဆင်ပြေတာပေါ့ဆွေမျိုးတို့ရာ။
ဒီတစ်ပတ်ကတော့ဒီလောက်ပဲ ချက်ကြတာပေါ့ဆွေမျိုးတို့ရာ
နောက်တစ်ပတ်မှနောက်တစ်မျိုး ချက်ဖို့ပြန်ဆုံ ကြတာပေါ့နော်။ အားလုံးပဲ ပျော်ရွှင်ကြပါစေ။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment