Bella Victor



သူများတွေက Miss Myanmar World Crown ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကောလဟလတွေအပေါ် ဝမ်းနည်းနေတယ်လို့ထင်ကြတယ်။ ဒါပေမဲ့ ညီမရဲ့ Facebook အကောင့်ကဟန်းသွားတယ်။ ဘာ Newfeed မှမတက်ဘူး။ ဘာတွေဖြစ်နေတာလဲ ညီမ သိတောင်မသိဘူး။ ညီမ ကိုယ့်လိပ်ပြာကိုယ်လုံပြီးသား ..

ဒီနှစ်က အသက် ၁၇နှစ်ကနေ စခေါ်တယ်ဆိုတော့ ညီမ အခွင့်အရေးရတာနဲ့ဝင်ပြိုင်ခဲ့တယ်
ညီမ Miss World ကို ဒီဇင်ဘာလမှာ သွားပြိုင်မယ်။ ဘယ်နိုင်ငံမှာပြိုင်ရမယ်ဆိုတာတော့ မသိသေးဘူး။ Miss World က လွန်ခဲ့တဲ့ (၂) နှစ်ကမှ စလုပ်သွားတာ ညီမသိတယ်။ အဲဒီတုန်းက ညီမ ကျောင်း တစ်ဖက်နဲ့ဆိုတော့ ဘယ်လိုမှအဆင်မပြေဘူး။ ပြီးတော့ ညီမအသက် (၁၈) နှစ်ပြည့်တဲ့အချိန်အထိ စောင့်နေတယ်။ ဒါပေမဲ့ ဒီနှစ်က အသက် (၁၇) နှစ်ကနေစခေါ်တယ်ဆိုတော့ ညီမအခွင့်အရေးရတာနဲ့ ဝင်ပြိုင်ခဲ့တယ်။ ပြိုင်ပွဲကိုဒီမှာလုပ်ပြီ ဆိုတာရော မြန်မာနိုင်ငံက မိန်းကလေးတွေအတွက် အထောက်အကူ ဖြစ်တယ်ဆိုပြီးတော့ ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံကိုယ်စားပြု Miss တစ်ယောက်ဖြစ်ချင်တာ ရည်မှန်းချက်ဆိုတော့ ပြိုင်ဖြစ်တာပါ။

Miss Universe က အသက် ၁၈ နှစ်ပြည့်မှဝင်ပြိုင်လို့ရတာ
ဘယ်ပြိုင်ပွဲမဆို ကိုယ့်အတွက်အတွေ့အကြုံကောင်းတွေ အများကြီးရမယ်ထင်လို့ ဝင်ပြိုင်ခဲ့တာပါ။ Miss Universe ကအသက် ၁၈ နှစ်ပြည့်မှဝင်ပြိုင်လို့ရတာ။ (၁) နှစ်ထပ်စောင့်ရမယ်။ Miss World က ဒီနှစ် အသက် ၁၇ နှစ်က စခေါ်တာဆိုတော့ ညီမရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ အတွေ့အကြုံယူမယ်ဆိုပြီး တော့ ဒီနှစ်မှာပြိုင်ဖြစ်သွားတာ။

မဝိုင်းလေး မခင်ရတနာသိန်းမြင့် လူတွေနဲ့စကားပြောပုံတွေ ဂရုစိုက်ပုံတွေအားလုံး နှစ်ယောက်လုံးစီက ညီမ သင်ယူခဲ့တယ်
ညီမသီချင်းဆိုကတော့ ဝါသနာပါတယ်။ အဲဒီတော့ မဝိုင်းလေး သီချင်းဆိုပုံတွေ သူတို့နဲ့ Bangkok Trip တွေသွားတုန်းက ညီမတို့အားလုံး Dinner လုပ်တဲ့နေ့တုန်းက သီချင်းဆိုတာ အဲဒါတွေအားလုံး ညီမ အတုယူ တယ်။ သူ့ကိုယ်သူ အရမ်းယုံကြည်မှုရှိရှိနဲ့ လူအများအရှေ့မှာ အကောင်းဆုံးဆိုပြနိုင်ခဲ့တယ်။ မဒိန်း (မခင်ရတနာသိန်းမြင့်) ကျတော့လည်း အဲဒီအတိုင်းပဲ။ လူတွေနဲ့စကားပြောပုံတွေ ညီမတို့အပေါ် ဂရုစိုက်ပုံတွေ အားလုံး နှစ်ယောက်လုံးစီက ညီမသင်ယူခဲ့တယ်။

ညီမပထမဆုံးပြိုင်ပွဲက Miss Forever Gem 2015 ရွှေနန်းတော်ပြိုင်ပွဲ အဲဒီမှာ 1st Runner Up ရခဲ့တယ်။ ဒါကဒုတိယပြိုင်ပွဲပါ။ တခြားပြိုင်ပွဲတွေဝင်မပြိုင်ဖြစ်ဘူး။ International ပွဲမှာ ဒါပထမဆုံးပဲ။

Miss တစ်ယောက်က Photo Shooting တွေ Cat walk လျှောက်တဲ့အပိုင်းတွေမှာ Model ထက်ပိုပြီး Pose တွေလုပ်လို့ရတယ်

ညီမက Talents & Models မှာ သင်တန်းတက်ခဲ့တာ။ အဲဒီကနေမှ Miss World ဝင်ပြိုင်တာ။ Model နဲ့ Miss တော်တော်ကွာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တူကိုမတူတာ။ Model တစ်ယောက်က Photo Shooting တွေမှာရော Catwalk လျှောက်တဲ့အပိုင်းတွေမှာရော Miss ထက်ပိုပြီးတော့ Pose တွေလုပ်လို့ရတယ်။ Miss တစ်ယောက်ကကျတော့ အရမ်းသတိထားရတယ်။ စင်ပေါ်မှာလမ်းလျှောက် တဲ့အခါရော ပြီးတော့ လျှောက်ပုံလျှောက်နည်းတွေကအစ မတူဘူး။ စင်ပေါ်မှာလက်ပြတာကအစပေါ့နော်။ ကွာခြားတာတွေက အများကြီးပဲ။ ညီမက Miss ကိုပိုအားသာတယ်။ Model ကတော့ အရမ်းကြီးပိန်နေမှ လှတာလေ။ ပိန်ပိန်သွယ်သွယ်လေးမှ လှတယ်။ Miss ကျတော့ လူအများကြားထဲမှာ အရမ်းကိုထင်းပြီး တော့လှနေရင် ပြီးတော့ အပြုံးလှရမယ်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာရော အစစအရာရာ အပြင်ပိုင်းအသွင်အပြင် တင်မကဘူး Miss တစ်ယောက်မှာ ရှိသင့် ရှိထိုက်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာရော အကုန်လုံးပြည့်စုံနေမှ Miss တစ်ယောက်ဖြစ်ထိုက်တာပေါ့နော်။ Model ကျတော့အပြင်ပိုင်းလှနေရင် အဆင်ပြေတယ်။

လူအများလည်း စိတ်ဝင်စားမှုရှိအောင် အဖက်ဖက်ကနေ Talent အပိုင်းကိုပြင်ဆင်နေတယ်
ခန္ဓာကိုယ်အတွက် ညီမက Gym ဆော့တယ်။ ပြီးတော့ တခြား Talent တွေကျတော့ နိုင်ငံခြားမှာ သွားပြိုင်ဖို့အတွက် အားလုံးအဆင်ပြေအောင် ညီမ Organization ကအကုန်လုံးနဲ့ အတူတူညှိနှိုင်းပြီး လုပ်နေတယ်။ သူများထက်ထူးခြားအောင်လို့ လူအများလည်းစိတ်ဝင်စားမှုရှိအောင်လို့ အဖက်ဖက်ကနေ Talent အပိုင်းကိုပြင်ဆင်နေတယ်။ အခုချိန်ကတော့ညီမ Gym ပဲဆော့ဖြစ်တာများတယ်။ အားကစားရယ် လို့တော့သီးသန့်ကြီးမပြင်ဆင်ရသေးဘူး။

ဒီပြိုင်ပွဲပြိုင်နေရင်း အဖွဲ့အစည်းနဲ့ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း တိုးတက်လာတယ်
အားနည်းချက်ကတော့ အဓိက ညီမစိတ်ဓါတ်က နည်းနည်းအားငယ်တတ်တယ်။ ပြီးတော့ နည်းနည်း စိတ်ဆတ်တယ်။ အဲဒီအပေါ်မှာလည်း ညီမအများကြီး ပြင်သွားဖို့လိုပါသေးတယ်။ ညီမ Body Train ဖို့အများကြီးလိုအပ်ပါသေးတယ်။ ဒီ့ထက်ပိုပြီးတော့ ညီမခန္ဓာကိုယ်လှအောင် အများကြီးပြင်ဖို့လိုအပ်တယ်။ ညီမအားသာချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ ဒီပြိုင်ပွဲပြိုင်နေရင်း အဖွဲ့အစည်းနဲ့ပူးပေါင်းလုပ်ဆောင် နိုင်စွမ်းတိုးတက်လာတယ်။ ပြီးတော့ Teamwork ကိုကောင်းကောင်း လုပ်လာနိုင်တယ်။ နိုင်ငံခြားမှာသွား ပြိုင်ရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိနဲ့ နိုင်ငံခြားက Organization နဲ့ရော နိုင်ငံခြားပြိုင်ပွဲဝင်တွေနဲ့ရော အဆင်ပြေပြေ ပေါင်းသင်းနိုင်မယ်လို့ ထင်ပါတယ်။ ဒါညီမရဲ့အားသာချက်ပေါ့နော်။ နောက်အားသာချက် တစ်ခုအနေနဲ့ ညီမအပြုံးပေါ့နော်။ ညီမအပြုံးကတွေ့တဲ့လူတိုင်းကိုပျော်ရွှင်စေတယ်လို့ ပြောကြတယ်။ ဒီအပြုံးကိုဆက်ပြီး ထိန်းသွားနိုင်အောင်ကြိုးစားနေပါတယ်။

ညီမက ပြောရရင် Model သာလုပ်နေတာ။ ပြိုင်ပွဲတွေသာ ပြိုင်နေတာ။ မိတ်ကပ်လိမ်းရတာအရမ်းကြီး မကြိုက်ဘူး။ ညီမ ကိုယ့်အလုပ်မို့လို့ လိမ်းတာတော့လိမ်းရတယ်။ အလုပ်သဘောအရလိမ်းရတယ်။ ညီမရဲ့ စိတ်ဓာတ်က ဘယ်မိတ်ကပ်ဆရာပဲလာလာ အကောင်းဆုံးဖြစ်မယ်ထင်လို့ သူတို့လိမ်းပေးတဲ့အတွက် ငြိမ်နေလိုက်တယ်။ ဒါပေမဲ့ မိတ်ကပ်မပါသလောက်ရှိတာလေးက ညီမနဲ့ပိုအဆင်ပြေတယ်။ မိတ်ကပ်တွေ အရမ်းထူပြီး မျက်နှာမှာ Hight Light တွေအရမ်းများရင် အမည်းတွေအရမ်းများရင် ညီမနဲ့မလိုက်တော့ ဘူးလို့ခံစားရတယ်။ အဲဒီလိုပြင်လိုက်ရင် ညီမကိုယ်ညီမ ယုံကြည်မှုမရှိတော့ဘူး။ မပြင်ထားရင် ယုံကြည်မှု ရှိတယ်။ ပါးပါးလေးပြင်ထားပြီး မျက်တောင်တုမတပ်လည်း စင်ပေါ်မှာအဆင်ပြေတယ်။ သဘာဝအတိုင်းပြင် ထားပေးတာက ညီမကိုယ်ညီမ ပိုပြီးယုံကြည်မှုရှိစေတယ်။

အကောင်းဆုံးကြိုးစားတဲ့အပေါ်မှာ ရလာဒ်ကိုရလာတယ်လို့ပဲမြင်တယ်

သူများတွေကတော့ထင်ကောင်းထင်နိုင်တယ်။ ညီမ Miss Myanmar World Crown ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကောလာဟလတွေအပေါ် ဝမ်းနည်းနေတယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ကုန်ကုန်ပြောရရင် ညီမရဲ့ Facebook အကောင့်က ဟန်းသွားတယ်။ Notification တွေအရမ်းတက်တော့ Facebook Account ပါ ဟန်းသွားတယ်။ ညီမ ဘာ Newfeed မှ မတက်ဘူး။ တစ်ရက် နှစ်ရက် သုံးရက်လောက်အထိ သူများတွေကပြောနေကြတယ်။ ''တွေ့လား''တဲ့။ ''ငါဘာမှမတွေ့ဘူး၊ ဘာတွေဖြစ်နေကြတာလဲ'' လို့။ Organization ဘက်ကလည်း ညီမကိုပြောတယ်။ ''ညီမလေး ဒီကိစ္စတွေအတွက်ကြောင့် ဘာမှစိတ်ထဲ မထားနဲ့'' ''ဘာတွေဖြစ်နေတာလဲ၊ ညီမတောင် မသိဘူး''လို့။ ''သြော် ဟုတ်လား၊ မသိတာ ကောင်းတယ်''လို့ပြောတယ်။ နောက်ပိုင်းကျတော့ ညီမဖွင့်ကြည့် တယ်။ ဘာမှမဖြစ်ပါဘူး။ ညီမ ကိုယ့်လိပ်ပြာကိုယ်လုံပြီးသား။ post အောက်က comment တွေကိုဖတ်ပြီးတော့ ညီမကို ချစ်တဲ့ပရိသတ်တွေက ညီမပြောစရာမလိုပဲနဲ့ သူတို့က ညီမအစားနာပြီးတော့ ဒေါသတွေထွက်ပြီးတော့ ပြန်ပြောပေးကြတယ်။ အဲဒါကိုကြည့်ပြီးတော့ ညီမအရမ်းဝမ်းသာသွားတယ်။ အရမ်းလည်းပီတိဖြစ်တယ်။ ဒီပွဲက ညီမကလည်း အကောင်းဆုံးကြိုးစားခဲ့တယ်။ အယောက် ၂၀လုံးလည်းသိတယ်။ ပြီးတော့ ညီမနဲ့အနီးကပ်ဆုံး လူတွေ ညီမဘယ်လောက်အထိပင်ပန်းခဲ့တယ်၊ ညီမဘယ်လောက် ကြိုးစားခဲ့တယ်ဆို တာကိုသိတယ်။ ညီမ အကောင်းဆုံးကြိုးစားတဲ့အပေါ်မှာ ရလာဒ်ကိုရလာတယ်လို့ပဲမြင်တယ်။ ပွဲစကတည်း က အားလုံးသိမှာပါ။ ညီမ Registeration လာလုပ်ကတည်းက ညီမ Miss World မှာတင်လိုက်တဲ့ ဓာတ်ပုံလေးနှစ်ပုံကြောင့်ပဲ ပရိသတ်တွေအားလုံးက အားပေးလာကြတယ်။ တစ်နေ့ထက်တစ်နေ့ ပိုပြီး အားပေးလာတယ်။ ပွဲပြီးတော့လည်း ညီမကိုချစ်တဲ့ ပရိသတ်တွေမပျောက်ကွယ်သွားဘူး။ ဒီကိစ္စကြောင့် လည်း ပရိသတ်တွေ ပိုပြီးတော့တောင် ညီမဘက်မှာရှိနေပေးတယ်။ ညီမကိုဝေဖန်တဲ့လူလည်းရှိတယ်။ ဝေဖန်တဲ့လူတွေကိုလည်း ညီမပြောချင်ပါတယ် ညီမအကောင်းဆုံးကြိုးစားနေပါတယ်။ ဆက်ပြီးတော့ လည်းဝေဖန်ပေးပါ။ အားပေးပါလို့။

Miss World ပြိုင်ပွဲအတွက် ဒီဇိုင်နာတွေက အရမ်းဂရုစိုက်ပေးတယ်။ Stage က ညီမတို့ Half-Turn တောင် မလှည့်နိုင်လောက်အောင် မချောဘူး။ Full Turn တောင်လှည့်ဖို့အရမ်းခက်ခဲတယ်။ စင်ကမချောဘူး ထစ် နေတယ်။

Miss World ပြိုင်ပွဲအတွက်ဝတ်စုံက ညီမတို့တစ်ရက် Fitting သွားရတယ်။ သွားပြီးတော့ ကိုယ်မကြိုက်တာ ရှိရင် ချက်ခြင်းပြောတာ။ ဒေါက်ဖိနပ်တွေနဲ့လည်း သေသေချာချာဝတ်ကြည့်ပြီးတော့မှ အကယ်၍ ကိုယ်နဲ့ အဆင်ပြေလား။ တချို့ဆိုရင် နည်းနည်းချောင်နေတယ်ဆိုပြီး အဲဒီတစ်ရက် Fitting တင်မကဘူး။ နောက်တစ် ရက်ပါထပ်ခေါ်တယ်။ ဒီဇိုင်နာတွေက အရမ်းဂရုစိုက်ပေးတယ်။ ညီမတို့ အဲဒီမှာလည်း သေသေချာချာ လျှောက်ကြည့်တယ်။ အဆင်ပြေပြီဆိုမှ ဝတ်စုံကို ဒီထက်ပိုလှအောင်ပြင်ပေးကြတယ်။ တချို့တွေဆို ဘော်ကြယ်တွေပြန်ကပ်ကြတယ်။ တချို့ဆို ဝတ်စုံကအရမ်းရှည်နေတာရှိတယ်။ သူတို့ကိုယ်တိုင်ညှပ်ခိုင်း တယ်။ ဖြတ်ခိုင်းတယ်။ ညီမတို့ကိုယ်တိုင်ဝတ်ရမယ်ဆိုတဲ့အတွက်ကြောင့် ညီမတို့စိတ်ကြိုက် အဆင်ပြေအောင် လုပ်ပေးတယ်။ Stage ကလည်း ပြောရရင် ညီမတို့ Half-turn တောင်မလှည့်နိုင်လောက်အောင် မချောဘူး။ ညီမတို့ Full-turn တောင်လှည့်ဖို့ အရမ်းခက်ခဲတယ်။ စင်ကမချောဘူး ထစ်နေတယ်။ ဒေါက်ဖိနပ်နဲ့လည်း အဆင်ပြေတယ်။ အကုန်အဆင်ပြေတယ်။ ဒါပေမဲ့ ဘာဖြစ်လည်းဆိုတော့ ညီမက ခါးနံပါတ် ၂ဆိုတော့ နောက်ပိုင်းက လူတွေချော်လဲတာများတယ်။ နံပါတ် ၁ က ချော်လဲသွားလား မချော်လဲသွားဘူးလား ဆိုတာလည်း ညီမ မမြင်လိုက်ဘူး။ နံပါတ် ၂ ညီမထွက်ရမယ့်အချိန်မှာ ထွက်လိုက်တယ်။ ညီမလည်းနည်း နည်းတော့ ချော်သွားတယ်။ ဒါပေမဲ့ သိပ်မသိသာလိုက်ဘူး။ ပရိသတ်တွေလည်း မသိလိုက်ဘူး။

အားလုံးက ဖိုင်နယ်ပွဲမှာ စိတ်လှုပ်ရှားနေကြတယ် Evening Gown နဲ့ ချော်လဲမယ်လို့ ဘယ်သူမှထင်မှာ မဟုတ်ဘူး

အဓိက ညီမထင်တာကတော့ ဘယ်သူ့ကြောင့်မှမဟုတ်ပါဘူး။ အားလုံးက ဖိုင်နယ်ပွဲမှာစိတ်လှုပ်ရှားနေကြ တယ်။ ညီမတို့ Evening Gown နဲ့က ဖိုင်နယ်ပွဲမှလျှောက်ရတာ။ Rehearsal နေ့က တခြားဝတ်စုံတွေနဲ့ လျှောက်ရတယ်။ Evening Gown ကိုတော့ တကယ့်ဖိုင်နယ်နဲ့တူအောင်လို့ တကယ့်စိတ်လှုပ်ရှားမှုလေး ရှိအောင် အဲဒီနေ့မှာမလျှောက်ခိုင်းဘူး။ အဲဒီနေ့ကတော့ အားလုံးက ဖိုင်နယ်မို့လို့စိတ်လှုပ်ရှားနေတာလည်း ပါတယ်။ ပြီးတော့လည်း ဒီ Evening Gown နဲ့ ချော်လဲမယ်လို့ ဘယ်သူမှထင်မှာမဟုတ်ဘူး။ အဲဒါကြောင့် ဘယ်သူ့အမှားမှလည်း မဟုတ်ပါဘူး။ ကိုယ့်အမှားလည်း မဟုတ်ပါဘူး။ ဒါဖြစ်ချိန်တန်လို့ ဖြစ်သွားတယ်လို့ပဲ ယူဆပါတယ်။

Organization နဲ့တွဲလုပ်ရတဲ့အတွက် တော်တော်သက်သာသွားတယ်။ ကိုယ်ကအမြဲ Taxi နဲ့သွားနေတာ ဆိုတော့ ငါဒီအချိန်ရောက်မှရောက်ပါ့မလားလို့လောနေတာ အရမ်း Pressure များတယ်

Organization နဲ့တွဲလုပ်ရတဲ့အတွက် ပြောရရင်တော့ ညီမတော်တော်သက်သာသွားတယ်။ အရင်တုန်းက အလုပ်တစ်ခုလာအပ်ရင် ညီမကိုယ်တိုင် အဝတ်အစား ဆံပင် မိတ်ကပ် အချိန်ကအစ လိုက်မှတ်ရတယ်။ ငါမိတ်ကပ်ကိုဘယ်အချိန်မှာလိမ်းမယ်။ ကိုယ်ကအမြဲ Taxi နဲ့သွားနေတာဆိုတော့ ငါဒီအချိန် ရောက်မှ ရောက်ပါ့မလားလို့ လောနေတာပေါ့။ အရမ်း Pressure များတယ်။ အခုကျတော့ ကိုယ့်ကိုယ် အလုပ် လာအပ်တာနဲ့ Organization ကိုပြောပါဆိုတော့ သူတို့တွေက မနက်ဆိုအစောကြီး ခေါ်နှိုးတယ်။ ပြီးရင် ကားကလာခေါ်တယ်။ အဲဒီတော့ ကိုယ်က ဘာမှမလိုဘူး။ အရုပ်ကလေးတစ်ရုပ်လို မိတ်ကပ်ပြင်ဆိုလည်း ထိုင်ပြီးပြင်လိုက်တယ်။ ဓာတ်ပုံရိုက်ရင်လည်း အဝတ်အစားလေးလဲပြီး ရိုက်လိုက်ရော။ အင်တာဗျူးဖြေဖို့ အတွက်လည်း သူတို့ကအကုန်လုံးစီစဉ်ပေးတယ်။ ညီမအတွက်အကုန်အဆင်ပြေတယ်။ ဘာမှလိုက်လုပ် စရာမလိုဘူး။ အဲဒါတစ်ခုကတော့ အားသာချက်ပေါ့။ အားနည်းချက်ရယ်ရယ်လို့တော့ မရှိပါဘူး။ အလုပ်တွေ များလာတာတစ်ခုပဲ။ အလုပ်လာအပ်ရင် ဒီ Organization နဲ့ပဲဆက်သွယ်ခိုင်းတယ်။ အလုပ်တွေများ လာတာလည်း ညီမအတွက် တက်လမ်းတစ်ခုပါပဲ။

Organization နဲ့တွဲလုပ်ရင် သတိထားဖို့က ညီမ Organization နဲ့ပဲ အဆင်ပြေနေဖို့လိုတယ်။ သူတို့ မကြိုက်တာလေးတွေမလုပ်ဘူး။ Crown ရပြီးတဲ့ညကတည်းက ညီမဘဝက တဆစ်ချိုးပြောင်းလဲသွားပြီ ဖြစ်တဲ့အတွက်ကြောင့် အရင်တုန်းက ဘယ်လိုပဲ လွတ်လွတ်လပ်လပ်နေခဲ့နေခဲ့ အခုချိန်မှာအရမ်း သတိထားရပြီ။ ဒီ Crown ကိုယ့်ခေါင်းပေါ်ရောက်လာပြီဖြစ်တဲ့အတွက် တာဝန်လည်းအရမ်းကြီးသွားပြီ။ ပရိသတ်တွေအားလုံးကလည်း ညီမကို ဝိုင်းပံ့ပိုးပေးနေကြတယ်။ အများကြီးမျှော်လင့်ထားတဲ့အတွက် ကြောင့် ညီမအများကြီးပို ကြိုးစားဖို့ လိုအပ်လာပြီ။ Organization ကသတ်မှတ်ထားတဲ့စည်းကမ်းအတိုင်း ညီမနေမယ်။ အဆင် မပြေတာရှိရင်လည်း အတူတူညှိနှိုင်းပြီးလုပ်ကြမယ်။ အကုန်လုံးနဲ့ မိသားစုလိုပဲ ညီမနေသွားမယ်။

ညီမရည်မှန်းချက်က Miss တစ်ယောက်၊ အနာဂါတ်အတွက် သီချင်းဆိုချင်တယ် အဆိုတော်လိုင်းကို သွားချင် တယ်၊ သရုပ်ဆောင်ဝါသနာပါတယ်၊ အနုပညာဆိုအကုန်လုံးကိုလုပ်ချင်တာ


အခုလောလောဆယ်တော့ Miss World ပြိုင်ပွဲအတွက် ညီမအကောင်းဆုံးကြိုးစားနေတယ်။ ပြိုင်ပွဲ ပြီးသွားရင်တော့ ပြိုင်ပွဲရလာဒ်နဲ့ပတ်သက်ပြီး ညီမပြန်ပြီးစဉ်းစားရမှာပေါ့။ ညီမရည်မှန်းချက်ကတော့ ရှိပါတယ်။ Miss တစ်ယောက်ဖြစ်မယ်။ နောက်ပိုင်း ညီမအနာဂါတ်အတွက် သီချင်းဆိုချင်တယ်၊ အဆိုတော် လိုင်းကိုသွားချင်တယ်။ ပြီးရင် သရုပ်ဆောင်ဘက်ကိုလည်း ညီမဝါသနာပါတယ်။ ညီမက အနုပညာဆို အကုန်လုံးကို လုပ်ချင်တာ။ လောဘတော့ကြီးတယ်။ အဲဒီအတွက်ကြောင့်မို့လို့ နောက်ပိုင်း သရုပ်ဆောင်တို့ အဆိုတော်တို့ ဘက်သွားဖို့ကျတော့ ဒီ Miss World ပြိုင်ပွဲပြီးရင် စဉ်းစားသွားမှာပါ။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment