ဆိတ်ပဲဆီပြန်၊ ရှောက်သီးသုပ်၊ မှိုခ၀ဲသီးကြော်ချက်












ဒီတစ်ပတ်ကတော့ မစားရတာကြာနေတဲ့ ဆိတ်သားကို ကုလားပဲနဲ့ဆီပြန်လေးချက်မယ်၊ မိုးက လည်း အေးအေးလေးနဲ့ဆိုတော့ဆိတ်ပဲဆီပြန်လေးနဲ့လိုက်ဖက်အောင် ရှောက်သီးလေးကို ချဉ်ငံစပ်လေး သုပ်လိုက်မယ် အရည်ဟင်းကတော့ မှိုနဲ့ခ၀ဲသီးကို အရည်ခပ်များများလေးနဲ့ကြော်ချက်လေးချက်မယ် နားရက်လေးမှာ ဒီတစ်ခါတော့ အိပ်ယာစောစောနိုးလို့ မယ်တော်မားသားနဲ့အတူ ဈေးလိုက်ဖြစ်တယ်ဗျ။ ဘာချက်မယ်ဆိုတာ ညကတည်းက သားမိနှစ်ယောက်ပြောထားပြီးသားဆိုတော့ ဈေးဝယ်ရတာတော့ လွယ်တာပေါ့နော်။ လိုချင်တာ လည်းအကုန်ရတယ်ဆိုတော့ သားမိနှစ်ယောက်အိမ်ပြန်ရောက်တာနဲ့ ချက်ရေးပြုတ်ရေးစကြတာပေါ့နော်။

ဆိတ်ပဲဆီပြန်
ဆိတ်သားကိုတော့ အရိုးအသားတွဲပဲဝယ်လာတယ်။ ပဲနဲ့ချက်တာဆိုတော့ အရိုးအသားတွဲ လျက်လေးက ပိုစားလို့ကောင်းတယ်လေ ဆိုင်ကလိုချင်တဲ့အရွယ်ကို တစ်ခါတည်းတုံးပေးလိုက်တာမို့ ကိုယ် က ရေစင်စင်  ပြန်ဆေးဖို့ပဲလိုတာပေါ့။ ဆိတ်သားက မစားတာကြာတော့ ညှီမှာစိုးတာနဲ့ ရှာလကာ ရည်လေးပါ နည်းနည်းထည့်နယ်၊ ပြီးမှ ရေစင်စင်ပြန်ဆေးလိုက်တယ်။ ဒါဆိုတော့ ဆိတ်သားမှာပါတဲ့ အကျိအချွဲလေးတွေလည်းစင်။ အညှီလည်းသက်သာသွားတာပေါ့။ ပြီးတော့မှ ဆား၊ သကြား၊ ကြက်သား မှုန့်လေးထည့်နယ်ပြီး ခဏနှပ်ထား လိုက် ကုလားပဲကိုခဲသလဲရွေး၊ သေချာရေဆေးပြီး ရေပြန်စစ်ထား၊ ဇီယာကိုအရင်ညက်အောင်ထောင်း ပြီးမှ ငရုတ်သီးအရောင်တင်မှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ထည့်ထောင်း ဆီပူလာရင်ထောင်းထားတာထည့်၊ ဆီသတ်၊ ကရဝေးရွက် သစ်ဂျပိုးခေါက်နဲ့ နနွင်း မှုန့်နည်းနည်းပါထည့်၊ အားလုံးစိမ်းနံ့ပျောက်ပြီး မွှေးလာပြီဆိုမှ ကုလားပဲထည့်ပြီး ခဏမွှေပေး ပြီးမှ ဆိတ်သားထည့်ပြီး ခပ်နာနာလေးလုံးပေး ရေနည်းနည်းချင်းထည့်ပြီး နူးအောင်တည် ပဲပါတစ်ခါတည်း ထည့်ထားတာဆိုတော့ အိုးမကပ်အောင်တော့ ခဏခဏမွှေပေးပေါ့နော်။ ပဲရောဆိတ်သားပါနူးပြီး ဆီ လည်းပြန်လာပြီ အရသာလည်းစိတ်ကြိုက်ရပြီဆိုရင်တော့ အပေါ်ကနေ မဆလာ လေး ဖြူးပေးလိုက်မယ် ဆိုရင် ဆိတ်ပဲဆီပြန်မွှေးမွှေးဆိမ့်ဆိမ့်လေးရပြီပေါ့နော်။

ရှောက်သီးသုပ်
ရှောက်သီးသုပ်ကိုအရမ်းမှည့်ပြီး ၀ါနေတာမ၀ယ်ဘဲ ခပ်စိမ်းစိမ်းလေးပဲရွေးဝယ်လာတယ်။ ဒါမှ ရှောက်သီးကို အမွှာလေးတွေဖဲ့ရတာလည်းအဆင်ပြေ၊ သုပ်တဲ့အခါလည်း အရမ်းချဉ်မနေတော့ဘူးပေါ့။ ကြက်သွန်နီကိုမထူမပါးလှီး၊ ရေဆေးပြီး ရေစင်အောင်ပြန်ညှစ်ထား ရှောက်သီးကိုအမွှာလေးတွေဖဲ့ထား စိမ်းစားပုဇွန်ငါးပိလေးနည်းနည်းကို မီးကင်ထား၊ ပုဇွန်ခြောက်ကို မညက်တညက်ထောင်းထား၊ ငရုတ်သီး လှော်မှုန့်လေးလည်း အသင့်ပြင်ထားပြီးရင် အားလုံးကိုရောပြီး ခပ်ဖွဖွလေးနယ် ဗိုက်မနာအောင် ပဲဆီလေးပါ နည်းနည်းထည့် ဒါဆိုရင်တော့ ချဉ်ငံစပ်ရှောက်သီးသုပ်တစ်ပွဲရပါပြီ။

မှိုခ၀ဲသီးကြော်ချက်
မှိုကိုတော့ငွေနှင်းမှိုပဲ ၀ယ်လာလိုက်တယ်။ မှိုကိုရေသေချာဆေး မလိုတာတွေဖယ်၊ ပြီးမှ အနေတော် လေးတွေပြန်ဖဲ့ထား၊ ခ၀ဲသီးကို အခွံခွာအနေတော်ပြန်တုံးထား၊ ကြက်သွန်ဖြူဓါးပြားရိုက်ပြီး စဉ်းထားတာနဲ့ ကြက်သွန်နီခပ်ထူထူလှီးထားတာကို နနွင်းမှုန့်နည်းနည်းထည့်ဆီသတ်၊ ပြီးရင် ခ၀ဲသီးထည့် ခ၀ဲသီးတစ်ဝက် လောက်နူးပြီဆိုမှ မှိုထည့်၊ ငရုတ်သီးစိမ်းလေးဓါးပြားရိုက်ထည့်၊ အရသာအတွက်ကတော့ ခ၀ဲသီးက ချိုပြီးသား ဆိုတော့ ဆား၊ ကြက်သားမှုန့်လေးထည့်ရုံပေါ့နော် ငရုတ်သီးစိမ်းကတော့ အနံ့အတွက်ပဲဆိုတော့ နှစ်တောင့်  သုံးတောင့်လောက်ပဲထည့်ရင် ရပါပြီ။ ဒါဆိုရင်တော့ ဒီတစ်ပတ်နားရက်မှာ ချက်ထားတဲ့ ဟင်းပွဲလေးတွေနဲ့ မယ်တော်မားသားနဲ့ ကျွန်တော်တို့သားမိနှစ်ယောက်ကတော့ ထမင်းမြိန်မှာသေချာ တယ်ဗျို့၊ ဆွေမျိုးတို့လည်း မိသားစုထမင်းဝိုင်း လေးမှာ ထမင်းမြိန်မြိန်စားနိုင်ကြပါ စေလို့ ဆုတောင်းပေးလိုက်ပါတယ်
အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ

Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment