ဘဝကိုရှုပ်ထွေးနေစေသော


ဘဝဆိုတာရှုပ်ထွေးပွေလီဖို့ မွေးဖွားလာတာမှမဟုတ်တာ။ ဒါဆို ဘယ်သူတွေကရှုပ်ထွေးစေတာလဲ။ အဲဒါ ကတော့ ကိုယ်ကိုယ်တိုင်ပါ။ တစ်နေ့ကိုနာရီပေါင်းများစွာ အလုပ်လုပ်မယ်။ မျှော်လင့်ချက်၊ ရည်ရွယ်ချက်အမှား တွေထားမယ်၊ မလုပ်နိုင်တာတွေကတိပေးမယ်၊ မလိုအပ်ဘဲလိမ်ညာပြောမယ် စသည်ဖြင့်ပေါ့။ ပြိုင်ဆိုင်မှု၊ တိုး တက်မှုတွေများလာလေ ဘဝကပိုပြီးကျဉ်းကြပ်လာလေ၊ ပိုပြီးစိတ်ဖိစီးမှုတွေများလာလေပါ။ ကဲ အဲဒီတော့ အသက်ခပ်ပြင်းပြင်းရှူပြီး ဘာတွေမှားနေလဲ၊ ဘာတွေကိုရှုပ်ထွေးနေစေသလဲ သိရဖို့ နောက်ကိုခြေတစ်လှမ်း ခပ်ရဲရဲဆုတ်ကြည့်ရအောင်။

အရာရာတိုင်းပိုလိုချင်ကြတယ်

အရည်အတွက်သည်ပဓာန၊ အရည်အချင်းသာအဓိက ဆိုတဲ့ ဆောင်ပုဒ်လေးကြားဖူးကြမှာပါ။ ဒါပေမဲ့ ဘယ်သူတွေ ဒီဆိုရိုးအတိုင်း လိုက်နာကျင့်သုံးကြပါသလဲ။ အရည်အသွေးအစား အရည်အတွက်ကိုသာ တကယ်တမ်းတန်ဖိုးထားနေကြတာပါ။ ဘယ်အရာမဆို ပိုပိုသာသာလေးလိုချင်တယ်။ အဝတ်အစား၊ ဖိနပ်၊ သူငယ်ချင်း၊ ငွေကြေး သူများတကာထက်ထူးပြီး ပိုပိုသာသာလေးလိုချင်ကြတယ်။ ကိုယ်ပိုင်ဆိုင်သမျှအရာတွေ ကို စစ်ထုတ်ကြည့်ဖူးပါသလား။ ဘဝကို ပျော်ရွှင်ရောင့်ရဲနေသူတွေကတော့ ဒီလိုအရေအတွက်များတဲ့ ပတ်ဝန်း ကျင်အရာဝတ္ထုတွေထက် ပိုင်ဆိုင်ထားပြီးသားအရာတွေထဲက စစ်မှန်မှုကိုသာရှာဖွေရင်း ဘဝကိုကျေနပ် ရောင့်ရဲကြပါတယ်။

တွန့်ဆုတ်နေတယ်

တစ်ခါတစ်ရံမှာတော့ လူတစ်ချို့ဟာ ပြောသင့်ပြောထိုက်တာကို မပြောတဲ့အတွက် အချိန်တွေပိုကြာကုန်ပါ တယ်။ ဥပမာ 'ငြင်းဆန်ဖို့' ခက်ခဲနေတာမျိုးပေါ့။ ဒီနေ့အားနာပြီး ပြတ်ပြတ်သားသားမပြောလိုက်တဲ့ကိစ္စက နောက်တစ်နေ့မှာလည်း မပြတ်မသားနဲ့ နှစ်ဖက်စလုံးအတွက် အချိန်ပိုကြာပြီး မျက်နှာပျက်စရာတွေ ဖြစ်လာပါ တယ်။

မကောင်းမြင်သူတွေ ဝန်းရံနေတယ်

မကောင်းမြင်သူတွေရဲ့ မကောင်းတဲ့အတွေးတွေကလည်း လူတွေရဲ့ဘဝကို အမှန်တကယ်ရှုပ်ထွေးစေပါတယ်။ ခင်မင်မှုစည်းမျဉ်းတွေဆိုတာ လူတစ်ဖက်သားကို နာကျင်စေဖို့မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမဖို့ပါ။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ ခင်မင်မှုစည်းမျဉ်းတွေဟာ ကိုယ့်ကိုယ်စိတ်ဖိစီးစေပြီး အချိန်တွေ ကုန်ဆုံးနေစေပါတယ်။ လူတွေကဘဝထဲဝင်လာကြတယ်။ ဘဝထဲကနေ ပြန်ထွက်သွားကြတယ်။ ကိုယ့်ဘဝ ထဲဝင်လာတဲ့ တစ်ခဏတာလေးအတွင်းမှာ ခင်မင်ခွင့်ရရုံနဲ့တော့ သူငယ်ချင်းလို့မခေါ်နိုင်ပါဘူး။ ကိုယ့်ကို စိတ်ဖိစီးစေ၊ စိတ်ဓာတ်ပျက်ပြားစေတဲ့လူတွေကတော့ အတတ်နိုင်ဆုံးအဝေးဆုံးက ရှောင်ရမဲ့လူတွေပါ။ ဒီလိုလူတွေနဲ့ပေါင်းမိရင်း ဘဝကြီးက ရှုပ်ထွေးလာတာမဟုတ်ပါလား။

အလုပ်နှစ်ခုပြိုင်တူလုပ်တယ်

'ယုန်နှစ်ကောင်လုံးတစ်ပြိုင်တည်းပစ်ဖို့ကြိုးစားရင် ဘယ်ကောင်မှ မိမှာမဟုတ်ပါဘူး'လို့ ကွန်ဖြူးရှပ်က ဆိုထားပါတယ်။ အဲဒီလိုပါပဲ တစ်ပြိုင်တည်း အလုပ်တွေမျိုးစုံလုပ်တာကလည်း မဖြစ်ပါဘူး။ ဒါတင်မကပါဘူး၊ လူကိုပါပိုပြီး ဖိစီးစေပါတယ်။ လူတိုင်း အလုပ် ၂ခု ၃ခု ကတော့ ပြိုင်တူလုပ်ကြပါတယ်။ Chatting ဝင်နေရင်း ဘေးကထိုင်တဲ့သူငယ်ချင်းကို စကားပြောမယ်၊ ထမင်းစားရင်း ရုပ်ရှင်ကြည့်မယ်၊ ဟင်းချက်ရင်းဖုန်းပြောမယ်၊ လုပ်ငန်းခွင်မှာဆိုရင်လည်း အလုပ် ၂ခုလောက်ကို တစ်ပြိုင်နက်လုပ်နေမယ်။ ဒါက လုပ်နေတဲ့အရာပေါ် ရှုပ်ထွေးသွားစေရုံသာမက စိတ်ထဲပါ ရှုပ်ထွေးလာစေပါတယ်။

ကိုယ့်တန်ဖိုးကိုယ်မသိဖြစ်နေတယ်

ကိုယ့်တန်ဖိုးကိုယ်မသိတဲ့လူတစ်ယောက်ဟာ ကိုယ့်ကိုယ့်ကိုယ် အမှန်အတိုင်းမြင်ရဖို့ ရုန်းကန်နေရပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်းမမြင်နိုင်တဲ့လူတစ်ယောက်ဟာလည်း သူ့ကိုမလိုအပ်တဲ့ ပတ်ဝန်းကျင်မှာ သံသရာလည်နေတတ်ပါတယ်။

အချိန်ဆွဲတယ်
အချိန်ဆွဲတဲ့အရသာနဲ့ အကျိုးဆက်ကို လူတိုင်းခံစားဖူးကြမှာပါ။ အချိန်ဆွဲနေချိန်မှာတော့အကောင်း၊ ဒါပေမယ့် တဖြည်းဖြည်းအလုပ်တွေပုံလာပါတယ်။ ဒီအလုပ်တွေကို အသည်းအသန်လုပ်နေရတာကလည်း စိတ်ဖိစီးစရာ ပါ။ ဘယ်သူ့အပြစ်မှမဟုတ်ပါဘူး။ လုပ်ခွင့်ရနေချိန်မှာ ဘာမှမလုပ်တဲ့ ကိုယ့်အပြစ်သာဖြစ်ပါတယ်။

အရေးကြီးတာကိုနားမလည်
လူတစ်ယောက်က ဘဝမှာ ပြင်ချင်တယ်ဆိုရင် လုပ်ချင်တာနဲ့ လုပ်ဖို့လိုအပ်တာကို ခွဲခြားသိဖို့လိုပါတယ်။ ဒီထက်ပိုပြီးပြောရမယ်ဆိုရင် လုပ်ဖို့လိုအပ်တာထဲက အရေးကြီးဆုံးတွေကို တန်းစီပြီး အစီအစဉ်ချဖို့ လိုအပ်ပါ တယ်။ ကိုယ့်အတွက်အရေးကြီးတာကိုမသိရင် ဘာပြီးရင်ဘာလုပ်ရမယ်ဆိုတဲ့ အချိန်ကိုလည်း သိမှာမဟုတ်ပါ ဘူး။ အဲဒီတော့ ဘဝအတွက် အရေးကြီးဆုံးတွေကို ခွဲခြားသိပါ။

သေသေချာချာအလုပ်မလုပ်

တစ်ခါတစ်ရံ လူတိုင်းအတတ်နိုင်ဆုံး အလုပ်အနည်းငယ်ဆီ လုပ်ကြပါတယ်။ ကိုယ့်အတွက်အချိန်ပိုများများ ထွက်တာပေါ့။ အချိန်ပိုများများထွက်တော့ များများပျော်ရွှင်ရတယ်။ ဒါပေမယ့် ဒီပျော်ရွှင်မှုက တာရှည်ခံပါ့ မလား။

အစိုးရိမ်လွန်တယ်

စိုးရိမ်စိတ်က လူတစ်ယောက်ကို လက်ရှိပစ္စုပ္ပန်ကာလကနေ ဝေးကွာစေပါတယ်။ စိုးရိမ်ပူပန်နေလို့ ဖြစ်ပျက်နေတာတွေက ရပ်သွားမှာမှမဟုတ်တာ။ ကိုယ်သာ လက်ရှိအချိန်တွေကနေ ဝေးကွာရတာပါ။

ရန်နိုင်


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment