ကားသော့အကျိုးကို ဘယ်လိုထုတ်မလဲ









သော့အိမ်အတွင်း ကားသော့ကျိုးတယ်ဆိုတာ သော့ကိုအနာဂတ်မှာဆက်ပြီး သုံးလို့မရတော့အောင် ပျက်ဆီးသွားစေသလို ယာဉ်ပိုင်ရှင်ကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ နောက်တစ်ချက် သော့ပြင်သူဆီမရောက်ခင်မှာပဲ သော့ကျိုးတန်းလန်းနဲ့ ကားကို ဘယ်လိုလုပ်ထားရမလဲဆိုတာ မသိရလောက် အောင် စိတ်ရှုပ်စရာကောင်းလှတာပါ။ ဒါကြောင့် ကိုယ်ကိုယ်တိုင်က ယာဉ်ပိုင်ရှင်တစ်ယောက်ဖြစ်နေပြီဆိုရင် ကားသော့ကျိုးကို ဘယ်လိုသော့အိမ်ထဲက ထုတ်ရမလဲဆိုတာလောက်တော့ အခြေခံအဆင့်အနေနဲ့ နားလည် ထားဖို့လိုအပ်ပါလိမ့်မယ်။ ဒါမှလည်း သော့အသစ်လဲတပ်ဆင်ဖို့ ကားဝပ်ရှော့ကိုသွားဖို့ အဆင်ပြေမှာဖြစ်သလို ကိုယ့်သော့အိမ်မှာ သော့ပိုရှိနေရင် အစားထိုးအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သော့အိမ်ထဲမှာ ကားသော့ ကျိုးပြီးကျန်ခဲ့ရင် ဘယ်လိုထုတ်ယူရမလဲဆိုတာနဲ့ပတ်သက်လို့ အကြံပြုပါရစေ။

သော့ခေါင်းကို ယူလိုက်ပါ
သော့ခေါင်းက လုံးလုံးမကျိုးသေးဘူးဆိုရင် အဲဒီသော့ခေါင်းကို လုံးဝချိုးယူလိုက်ဖို့ လိုအပ်မှာဖြစ် ပါတယ်။ သော့ကကျိုးဖို့ အနည်းငယ်ပဲလိုတော့တဲ့အချိန်မျိုးမှာ ကားစက်ကိုနှိုးလို့လည်းမရ၊ သော့ကို ချွတ်ယူ ဖို့လည်း ခက်ခဲနေတဲ့အခြေအနေမျိုးမှာ သော့ခေါင်းကိုအပြီးချိုးပစ်လိုက်တာက အထဲကသော့ကျန်ကို ဆွဲထုတ် ဖို့အတွက် လွယ်ကူသွားစေမှာ အသေအချာပါ။

သော့ကို ညီအောင်လုပ်ပါ
ကျိုးကျန်ခဲ့တဲ့သော့က တစ်စောင်းဖီလာဖြစ်နေမယ်ဆိုရင်တော့ ဆွဲထုတ်ဖို့အတွက် ဒီသော့ကို ညီညာ သွားအောင် ပြုလုပ်လိုက်ဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဖို့အတွက်    ဇာဂနာလိုအထောက်အကူပစ္စည်းမျိုးလိုအပ် မှာဖြစ်သလို ဇာဂနာနဲ့မရတဲ့အခါ ပလည်ယာနဲ့ကိုက်ထုတ်ရမှာပါ။ ဒီလိုလုပ်လို့မှ မရသေးဘူးဆိုရင်တော့ သော့ အိမ်ရော ကျိုးကျန်ခဲ့တဲ့သော့ရှိရာနေရာနှစ်ခုစလုံးကိုပါ သံဘရပ်ရှ်နဲ့တိုက်ရပါလိမ့်မယ်။ ဒါမှ သော့ကျိုးနဲ့ သော့ အိမ်ဘေးမှာရှိနေတဲ့ အညစ်အကြေးတွေကို ရှင်းထုတ်နိုင်မှာပါ။ သော့ကျိုးကို ရှင်းထုတ်ဖို့ မလိုအပ်တဲ့ အစအန တွေနဲ့ အမှိုက်သရိုက်တွေ  သော့အုံနားမှာ ရှိမနေဖို့လိုအပ်ပါတယ်။

ချောဆီကို မေ့မထားနဲ့
သော့ကျန်ကိုနုတ်ယူဖို့ အရေးကြီးတဲ့အထဲမှာ ချောဆီလည်းပါဝင်ပါတယ်။ ဒါမှ ကျိုးနေတဲ့ သော့ကျန် ကို လွယ်လင့်တကူထုတ်ယူနိုင်မှာပါ။ သော့ကျိုးပြီဆိုကတည်းက သော့အိမ်ကကျပ်နေတာကြောင့် အတင်း အကျပ်ဆွဲထုတ်ရင်း ကျိုးရတာများပါတယ်။ ဒါကြောင့် သော့ကျိုးကို ထုတ်ယူတော့မယ့်အခါ လွယ်ကူချောမွေ့ သွားအောင် ချောဆီသုံးဖို့ မဖြစ်မနေလိုအပ်တာပါ။ ချောဆီဆိုတဲ့နေရာမှာလည်း အမယ်စုံ၊ မျိုးစုံရှိနေတာ ကြောင့် ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တချို့က စပရေးနဲ့မှုတ် ထည့်ရတဲ့ ချောဆီမျိုးအသုံးပြုတတ်ကြပေမယ့် တချို့ကတော့ သော့ကျိုးတာတွေပြန်ထုတ်ဖို့အတွက် ရည်ရွယ်ထားတဲ့ အမှုန့်မျိုးကို အသုံးပြုကြတာပါ။ ချောဆီကို အသုံးပြုတော့မယ်ဆိုရင် သိထားသင့်တာတစ်ခုကတော့ သော့အိမ် ပတ်ဝန်းကျင်ကိုရော၊ သော့ကျိုးရှိနေတဲ့နေရာတွေကိုပါ နှံ့စပ်သွားအောင် ထည့်ပေးဖို့လိုအပ်ပါတယ်။ ဒါမှလည်း ကျပ်တည်းမနေတော့ဘဲ ချောချောရှူရှူထုတ်ယူနိုင်မှာပါ။

အထောက်အကူပစ္စည်းအသုံးပြုပါ
သော့ဖယ်ရာမှာအသုံးပြုတဲ့ အထောက်အကူပစ္စည်းတွေက လမ်းဘေးက ကုန်မာဆိုင်တွေမှာ အလွယ် တကူဝယ်ယူရရှိနိုင်သလို ကားအပိုပစ္စည်းရောင်းတဲ့ဆိုင်တွေမှာလည်း အလွယ်တကူဝယ်ယူရရှိနိုင်တာပါ။ တကယ်လို့ ဒီလိုပစ္စည်းတွေ ကိုယ့်မြို့ရွာဝန်းကျင်မှာမရရှိဘူးဆိုရင်လည်း စိတ်ပူနေစရာမလိုပါဘူး။ ဘာကြောင့် လဲဆိုရင်  ကိုယ်တိုင်ဖန်တီးနိုင်လို့ပဲဖြစ်ပါတယ်။ ကိုယ့်သော့အိမ်ထဲထည့်လို့ဝင်နိုင်မယ့် အရာတစ်ခုခုကို အသုံး ပြုပြီး ဇာဂနာပုံစံဖန်တီးရမှာဖြစ်သလို ကိုယ့်လက်မရောက်နိုင်မယ့်နေရာမျိုးက အရာဝတ္ထုတစ်ခုခုကို ဆွဲထုတ်နိုင် လောက်တဲ့အထိ မာကျောနေဖို့လည်း လိုအပ်မှာပါ။ ဥပမာ စပုတ်တံနှစ်ခုကို ထိပ်ဖျားတွေ ပြားသွားအောင်လုပ် ပြီး သော့အကျိုးကို ဆွဲထုတ်တဲ့နည်းလမ်းမျိုးဖြစ်ပါတယ်။ ကိုယ့်သော့က ချောဆီနဲ့နူးထားတာကြောင့် ချောင်နေ တဲ့အချိန်မျိုးဆိုရင် ဒီလိုနည်းကို အသုံးပြုရုံလောက်နဲ့ သော့အကျိုးက ကိုယ့်လက်ထဲပါလာနိုင်တယ်ဆိုတာ မေ့မ ထားသင့်ပါဘူး။

ဘယ်လို အသုံးပြုမလဲ
ဇာဂနာ၊ ပလယ်ယာနဲ့ ၀က်အူအပြားစတဲ့ ပစ္စည်းတွေကိုယ့်ဆီမှာရှိနေတယ်ဆိုရင်တော့ သော့အိမ်ထဲ မှာ ကျန်နေခဲ့တဲ့ သော့ကိုထုတ်ဖို့ပဲလုပ်ရတော့မှာပါ။ ဒီနေရာမှာ ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း အနည်း အကျဉ်းလောက်ပဲဖြစ်ဖြစ် သိထားဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် နည်းမှန်လမ်းမှန်မဟုတ်ဘဲ အားကုန် ထုတ်သုံးလိုက်ရင် သော့ကထွက်မလာတဲ့အပြင် အထဲကိုပိုပြီးတော့တောင် ၀င်သွားနိုင်တာကြောင့် ဖြစ်ပါတယ်။ သော့အကျိုးကို ဆွဲထုတ်ရာမှာ နူးညံ့ဖို့လိုအပ်သလို သော့အသွားလေးတွေနေရာကို ကိုယ့်ကိရိယာတွေနဲ့ ချိတ် သွားအောင်ချိန်ပြီး ဆွဲထုတ်နိုင်ဖို့လည်း လိုအပ်တာပါ။ ဒီလိုနည်းကိုသုံးရင်း သော့အစအနလေး သော့အိမ်ပြင်ပ ကို ထွက်လာပြီဆိုတာနဲ့ ပလာယာ ဒါမှမဟုတ် ဇာဂနာစတဲ့ အထောက်အကူပစ္စည်းတွေကို အသုံးပြုပြီး သော့ ကို ဆွဲထုတ်ရပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာမှ သော့ကကျပ်နေဦးမယ်ဆိုရင်တော့ ချောဆီကို အသုံးပြုပြီး ဒီလိုတစ်ဆင့်ချင်း သော့အကျိုးကို ပြန်ထုတ်ရမှာဖြစ်ပါတယ်။

အာကာထက်ဝေ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment