ပါးနပ်တဲ့ ကားဝယ်သူ တစ်ယောက်ဖြစ်အောင် ဘာတွေသိထားသင့်လဲ









ကားတစ်စီး ဝယ်တော့မယ်ဆိုရင် ဒီကားမှာ အပျက်အဆီးရှိ၊ မရှိသိအောင် စစ်ဆေးတတ်ဖို့ အရေးကြီး ပါတယ်။ အထူးသဖြင့် အသုံးပြုပြီးသားကားကို မဖြစ်မနေ ဝယ်ယူရတော့မယ့် အခြေအနေမျိုး ကြုံတွေ့လာရ တဲ့အခါ ဒီကားက မူလပိုင်ရှင်လက်ထက်မှာ ဘယ်လိုထိခိုက်မှုမျိုးတွေရှိခဲ့လဲ သိအောင် စစ်ဆေးတတ်ဖို့ လိုအပ်မှာပါ။ ဘာကြောင့်လဲဆိုရင် ကားတစ်စီးရဲ့ အပြစ်အနာအဆာတွေကို ကြည့်မြင် တတ်သူတစ်ဦးအနေနဲ့ ဒီကားကိုဝယ်ယူဖို့ ဖြစ်လာတဲ့အခါ ဒီပြစ်ချက်တွေကို ထောက်ပြပြီး မူလဆိုဈေးထက် သက်သာတဲ့နှုန်းထား တစ်ရပ်နဲ့ ဝယ်ယူနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကားတစ်စီးကို အတိတ်ကာလတုန်းက ဘယ်လို အပျက်အဆီးတွေရှိခဲ့လဲဆိုတာကို ပြန်လည်စစ်ဆေးကြည့်နိုင်မယ့် အကြံဥာဏ်ကောင်းလေးတွေ ပေးလိုက် ချင်ပါတယ်။ 

၁။ ရီပို့တောင်းပါ
ပြည်တွင်းမှာ သိပ်ခေတ်မစားပေမယ့် အခြားနိုင်ငံတွေမှာတော့ အသုံးပြုပြီးကားတစ်စီး ဝယ်ယူတော့ မယ်ဆိုရင် ဒီကားနဲ့ပတ်သက်တဲ့ ရီပို့တောင်းယူလေ့ရှိပါတယ်။ ခေတ်မီတဲ့နိုင်ငံအချို့မှာတော့ ကားတစ်စီးရဲ့ အကြောင်းအရာတွေကို မှတ်တမ်းတင်ပေးထားတဲ့ ကုမ္ပဏီတွေတောင် သီးသန့်ရှိနေတာပါ။ ဒီကုမ္ပဏီတွေက ကားတစ်စီးက Show Room ကနေ ဝယ်ယူတစ်ဦးက ဝယ်ယူသွားချိန်ကတည်းကစလို့ မှတ်တမ်းတင် ပေးထားပြီး ဘယ်အချိန်မှာ ဘယ်လိုပြစ်မှုတွေ ဖြစ်ခဲ့တယ်ဆိုတာကအစ ပြန်လည်သိစေနိုင်တဲ့အထိ မှတ်သားပေးထားမှာ ဖြစ်ပါတယ်။  ဒါ့အပြင် အဲဒီလို ကုမ္ပဏီတွေက  ကိုယ့်အရင် ဒီကားကို ပိုင်ဆိုင်ခဲ့တဲ့ ပိုင်ရှင်ဘယ်နှစ်ဦးရှိခဲ့တယ်၊ ဘယ်ကုမ္ပဏီမှာ ဒီကားကို အာမခံလုပ်ထားတယ် စတဲ့အချက်တွေကိုလည်း အတိအကျ မှတ်တမ်းတင်ပေးထားလေ့ ရှိတာပါ။ ဒီလို ရီပို့တွေက ကားရဲ့ စက်ပိုင်းဆိုင်ရာတင်မကဘဲ ဘယ်လိုထိခိုက်မှုမျိုးတွေ အတိတ်ကာလမှာ ရှိခဲ့တယ်ဆိုတာကိုပါ နောက်ထပ်ဝယ်လက်ဆီ အတိအကျ အစီရင်ခံနိုင်မှာ ဖြစ်ပါတယ်။ 

၂။ လေကာမှန်နဲ့ ဘန်ပါတွေကို စစ်ပါ
ဒီနှစ်ခုကိုလည်း စစ်ဆေးဖို့ မေ့လျော့မနေသင့်ပါဘူး။ အသုံးပြုထားတဲ့ကားတစ်စီးကို ဝယ်ယူတော့ မယ့် သူတွေအနေနဲ့ ဒီကားရဲ့ လေကာမှန်နဲ့ ဘန်ပါတွေမှာ ဘယ် လိုအမှားအယွင်းတွေရှိနေလဲ ဆိုတာကို ရှာဖွေသင့် တာပါ။ ဘာကြောင့်လဲဆိုရင် ဒီအပိုင်းတွေက  ကားမတော်တဆမှု တစ်ခုခုဖြစ်ရင်  ထိခိုက်လွယ် တဲ့ နေရာတွေ ဖြစ်တာကြောင့် ပစ္စည်းအသစ်နဲ့ အစားထိုးထားရင်ပဲ ဖြစ်ဖြစ်၊ ပြန်လည်ပြုပြင်ထားရင်ပဲ ဖြစ်ဖြစ် မူလပစ္စည်းနဲ့ ခြားနားမှုတွေရှိနေတာကို တွေ့မြင်နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။  ဒါပေမယ့် ဒီလိုနေရာမျိုးမှာ ကာယကံရှင် ကိုယ်တိုင်အနေနဲ့ မူလပစ္စည်းက ဘယ်လိုအခြေအနေမျိုးရှိလဲ ဆိုတာလောက်ကို နည်းနည်း ဖြစ်ဖြစ် တီးခေါက်မိအောင် လေ့လာထားသင့်ပါတယ်။ 

၃။ ဘေးတံခါးတွေကို မေ့မထားပါနဲ့
ကားတစ်စီးကို စစ်ဆေးရာမှာ မေ့မထားသင့်တာကတော့ ဘေးတံခါးတွေကိုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကွဲရှလွယ်တဲ့ ဖန်သားနဲ့ပြုလုပ်ထားတဲ့ ဒီမှန်တံခါးတွေအားလုံးဟာ တစ်စုံတခု အမှားအယွင်းဖြစ်ထားခဲ့ရင် လိမ်လို့ရတဲ့ အစိတ်အပိုင်းတွေမဟုတ်တာကြောင့် ကားဝယ်ဖို့ ပြင်ဆင်နေသူတစ်ဦးအနေနဲ့ မဖြစ်မနေ စစ်ဆေးသင့်တဲ့အထဲမှာ ဒါတွေကို ထည့်သွင်းထားသင့်တာပါ။ 

၎။ တံခါးနဲ့ ဘော်ဒီမှာ လွဲချော်မှုတွေ ရှိနေလား
နောက်ထပ်စစ်ဆေးဖို့ မမေ့လျော့သင့်တဲ့အထဲမှာ ပါဝင်နေတာကတော့ ကားတံခါးနဲ့ ဘော်ဒီ ဆုံ ချက်ကိုပဲ ဖြစ်ပါတယ်။ ကားဝယ်ယူသူတစ်ဦးအနေနဲ့ စစ်ဆေးသင့်တာကတော့ တံခါးနဲ့ ဘော်ဒီ ဆုံမှတ်ဟာ ကွက်တိအသားကျမနေဘဲ အံမဝင်တာမျိုး ရှိနေလားဆိုတာကိုပါ။ သိသိသာသာ လွဲချော်မှုမျိုး ရှိနေမှာ မဟုတ်ပေမယ့် မူလအတိုင်းရှိမနေဘဲ ပြန်လည်ပြုပြင်ထားတဲ့ တံခါးနဲ့ ဘော်ဒီတွေဟာ သေချာကြည့်တတ်ရင် အော်ရီဂျင်နယ်အတိုင်း မဟုတ်မှန်း သိသာတာ ကြောင့် တစ်ပတ်ရစ်ကား ဝယ်ယူ တော့မယ့်သူတွေအနေနဲ့ ဒီနေရာကို မေ့မထားဘဲ သေချာစစ်ဆေးကြည့်သင့်တယ်လို့ ထပ်မံအကြံပြုချင်ပါတယ်။ 

၅။ ဆေးသား မှန်  /မမှန် သိနိုင်တယ်
တချို့ကားတွေမှာ ကြီးကြီးမားမား ထိခိုက်မိထားတာမျိုးမဟုတ်ဘဲ အသေးစား ထိခိုက်မိတာမျိုးတွေ အတွက် အကြီးစား ပြန်လည်ပြုပြင်မှုမျိုး မပြုလုပ်တော့ဘဲ ဆေးပြန်ဖြည့်ရုံနဲ့ ဖာထေးထားတတ်တာ မျိုးတွေလည်း ရှိနေတာပါ။ ဒီလိုကားမျိုးတွေမှာဆိုရင်တော့ ဒဏ်ရာဟောင်းရှိလား သိရအောင် လက်နဲ့ ပွတ်သတ်ကြည့်ရင်း သိနိုင် ပါတယ်။ အထူးသဖြင့် ဘောနက်စ် အဖုံးနဲ့ အောက်က ကားဘော်ဒီ ကို ဆက်ထားတဲ့နေရာမျိုးတွေမှာ  ထိခိုက်မိထားတာမျိုးဆိုရင် လက်နဲ့ ပွတ်ကြည့်တာမျိုး၊ မူလဆေးရောင် ဟုတ်/မဟုတ် ချိန်ထိုးကြည့်တာမျိုးနဲ့ တိုက်မိထားတာမျိုး ရှိလားဆိုတာ စစ်ဆေးကြည့်နိုင်မှာပါ။ 

၅။ ဘော်ဒီပေါ်က မျဉ်းကြောင်းကို ကြည့်ပါ
ကိုယ်ဝယ်ယူမယ့်ကားရဲ့ ဘေးပတ်လည်မှာ ထောင့်ဖြတ်ပြေးနေတဲ့ မျဉ်းကြောင်းရှိရင်လည်း နောက်တစ်နည်းနဲ့ ထိခိုက်မထားတဲ့ကား ဟုတ်/မဟုတ်ကို စစ်ဆေး နိုင်ပါသေးတယ်။ ဘာကြောင့်လဲ ဆိုရင်တော့ ကားဘော်ဒီ ဘေးဘက်မှာရှိနေတဲ့ မျဉ်းကြောင်းဟာ အတိုက်ခံထားရတဲ့ကားတချို့မှာ ဖြောင့် ဖြောင့်တန်းတန်းရှိမနေတော့ဘဲ အနည်းပဲဖြစ်ဖြစ် မညီမညာဖြစ်နေတတ်တာကြောင့်ပါပဲ။ ပြန်လည် ပြင်ဆင်ရေးနည်းလမ်းတွေ ဘယ်လောက်ပဲ ခေတ်စားလာပေမယ့် တချို့ပြန်လည်ပြုပြင်မှုတွေဟာ မူလနဲ့ ယှဉ်မရအောင် သိသာနေသေးတာမို့ ကားအဟောင်း ပြန်ဝယ်ယူဖို့ စဉ်းစားနေတယ်ဆိုရင် ဒီအချက်တွေကို သတိထားသင့်ပါတယ်။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment