တစ်ပတ်ရစ်ကားကို ဘယ်လိုအင်ဂျင်စစ်ဆေးမလဲ









ကားတစ်စီးက အကောင်းဆုံးပုံစံမှာ ရှိနေမယ်ဆိုရင် ယာဉ်ပိုင်ရှင်က ဘယ်တော့မှ သူ့ကားကို ရောင်းဖို့ ဆုံးဖြတ် မှာ မဟုတ်ပါဘူး။ ဒီကားက ထိန်းသိမ်းစရိတ်လည်းနည်းမယ်။ ပိုင်ရှင်ကို စိတ်မညစ်စေရဘဲ အမြဲတမ်း ပြီးပြည့်စုံ တဲ့ကားတစ်စီးဖြစ်နေမယ်ဆိုရင်ပေါ့။ တစ်ပတ်ရစ်ကားတိုင်းက မကောင်းဘူးလို့ မဆိုလိုပေမယ့် ဒီလိုကားတွေ ၀ယ်ဖို့ ဖြစ်လာပြီဆိုရင်တော့ ပထမပိုင်ရှင်စိတ်ထဲမှာ မကြိုက်တော့တဲ့ အကြောင်းပြချက်တစ်ခုကရှိနေပြီဆိုတာ ကိုတော့ သေချာပေါက်သိထားရမှာပါ။ ဒါကြောင့် ကိုယ့်အနေနဲ့ တစ်ပတ်ရစ်ကားဝယ်ယူဖို့ ပြင်ဆင်နေပြီဆိုရင် ဒီကားကို ထောင့်စေ့အောင် စစ်ဆေးဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ကားတစ်စီးရဲ့အသက်ဖြစ်တဲ့ အင်ဂျင်ပိုင်း ကို သေချာပေါက်စစ်ဆေးမှုပြုလုပ်ရပါမယ်။ တစ်ပတ်ရစ်ကားဝယ်ယူဖို့ ကိုယ့်အိပ်ကပ်ထဲက ပိုက်ဆံအကြောင်း အရင်မစဉ်းစားခင် ကားအင်ဂျင်ကောင်း၊ မကောင်း သိရအောင် ကိုယ့်ဦးနှောက်ကို အရင်ဆုံးအလုပ်ပေးသင့်ပါ တယ်။ တစ်ပတ်ရစ်ကားတစ်စီးရဲ့အင်ဂျင်ကောင်း/မကောင်း ဘယ်လိုစစ်ဆေးရမလဲဆိုတာနဲ့ပတ်သက်လို့ အကြံပြုပေးပါရစေ။

ကားရပ်နားတဲ့နေရာကို စစ်ဆေးကြည့်ပါ
ဝယ်ယူဖို့ မျက်စိကျနေတဲ့ ကားရှိမယ်ဆိုရင် မူလပိုင်ရှင်နဲ့ ညှိနှိုင်းမှုတွေမလုပ်ခင်ကတည်းက ဒီကားရဲ့ အခြေအနေတွေကို ကိုယ်တိုင်လေ့လာထားသင့်ပါတယ်။ ဥပမာ ကားရပ်နားထားတဲ့နေရာကို စစ်ဆေးတာမျိုးပါ။ ကားအတွင်းပိုင်းနဲ့ အင်ဂျင်ကိုစက်နှိုးပြီး စစ်ဆေးတာမျိုးတွေ မလုပ်ခင် အရင်ဆုံးလုပ်သင့်တာကတော့ ဒီကားရဲ့ အင်ဂျင်အောက်ပိုင်းက ဆီယိုနေတာမျိုးရှိလားဆိုတာ အရင်စေ့ငုသင့်ပါတယ်။ တကယ်လို့ ကားအင်ဂျင် အောက်မှာ ဆီယိုစိမ့်မှုရှိနေပြီဆိုရင်တော့ အကြမ်းဖျင်းအားဖြင့် ဒီကားရဲ့သက်တမ်းဘယ်လောက်ဖြစ်နေပြီ ဆိုတာ သိနိုင်မှာပါ။ ဒီနေရာမှာ တစ်ခုသတိထားရမှာက အင်ဂျင်အောက်ဘက်ကို ယိုစိမ့်ကျနေတဲ့ဆီကွက်က အင်ဂျင်ဝိုင်အသစ်လဲရင်း အိုဗာဖြစ်သွားလို့ လျှံကျလာတဲ့ ဆီလား၊ ဒါမှမဟုတ် အင်ဂျင်ရဲ့ချို့ယွင်းချက်ကြောင့် ကျလာတဲ့ ဆီလားဆိုတာ သတိထားရမှာဖြစ်ပါတယ်။ ဒါကလည်း မြေကြီးပေါ်ကျလာတဲ့ အင်ဂျင်ဝိုင်က အသစ် လား/ အဟောင်းလား ဆိုတာသိရုံနဲ့ ဘယ်လိုအကြောင်းပြချက်နဲ့ ကျလာတာလည်းဆိုတာ  သေချာပေါက် သိနိုင်မှာပါ။

အောက်ပိုင်းကို မေ့မထားပါနဲ့
ကားရောင်းလိုသူအများစုက  သူတို့ကားအင်ဂျင်ခန်းကို သန့်ရှင်းရေးလုပ်ထားလေ့ရှိသလို ဘော်ဒီကိုလည်း သန့်ရှင်းနေအောင် ပြုပြင်ထားလေ့ရှိပါတယ်။ ဒါပေမယ့်  သူတို့သတိတရသန့်ရှင်းရေးမလုပ်ဖြစ်တဲ့နေရာ တစ်ခု လည်း ရှိနေသေးတာပါ။ အဲဒါကတော့ ကားအောက်ပိုင်းတွေပဲ ဖြစ်ပါတယ်။ ဒါက များသောအားဖြင့် ယာဉ် ပိုင်ရှင်တွေ မျက်စိလျှံသွားလေ့ရှိတဲ့အပိုင်းပဲဖြစ်ပါတယ်။ ကားအောက်ပိုင်းမှာ ဆီအစအနတွေနဲ့ ကြေးညော်တွေ တွေ့ရလေ့ရှိတာ ထူးဆန်းတဲ့ ကိစ္စတစ်ခုမဟုတ်ပေမယ့် မူလီတွေနေရာမှာ ဆီယိုစိမ့်မှုတွေဖြစ်နေတာ၊ ဆီကြေး တွေနဲ့ ပိတ်ဆို့နေတာမျိုးဖြစ်ရင်တော့ အင်ဂျင်ချို့ယွင်းချက်တစ်ခုကြောင့်ဖြစ်လာတဲ့ ဆီကြေးတွေလားဆိုတာ သေချာအောင် စစ်ဆေးကြည့်သင့်တာပါ။  ဒီလိုမျိုးဖြစ်နေတဲ့ကားမျိုးဆိုရင်တော့ နောက်ထပ်စစ်ဆေးမယ့် အကြောင်းအရာတွေကို ပိုပြီးသတိထားစစ်ဆေးရပါလိမ့်မယ်။

အင်ဂျင်အစိတ်အပိုင်းတွေကို စစ်ဆေးပါ
ရှေ့ကပြောတဲ့အချက်နှစ်ချက်ကို စစ်ဆေးကြည့်ပြီးပြီဆိုရင်တော့ အင်ဂျင်ပိုင်းကို စစ်ဆေးကြည့်ရပါလိမ့်မယ်။ ပထမဆုံးလုပ်ရမှာကတော့ အင်ဂျင်ပိုင်းအတွင်းမှာရှိနေရမယ့် ပစ္စည်းတွေ အင်္ဂါစုံ/မစုံ စစ်ဆေးကြည့်ဖို့ဖြစ်ပြီး စုံတယ်ဆိုရင်လည်း ဘယ်အပိုင်းက အသစ်/ ဘယ်အပိုင်းက အစားထိုးတာစသဖြင့် ထပ်ဆင့်စစ်ဆေးကြည့်ရ မှာပါ။ ပြီးတော့ ရောင်းမယ့်သူကို ဘယ်ကြိုးတွေကို ဘယ်တုန်းက နောက်ဆုံးလဲခဲ့သလဲဆိုတာ မေးမြန်းကြည့်ရ မှာ ဖြစ်ပါတယ်။ လဲထားတဲ့အချိန်မကြာသေးဘဲ ဘတ်ကြိုးတွေ ပွန်းပဲ့စုတ်ပြတ်နေတယ်ဆိုရင်တော့ ကား အင်ဂျင်ပိုင်းက ချို့ယွင်းချက်တစ်ခုခုကြောင့် ဘတ်ကြိုးတွေ ဒီလောက်ကြီး ပျက်ဆီးတာမြန်တာလို့ ကောက် ချက်ချရမှာပါ။ ပြီးတော့ ဘတ်ကြိုးပေါ်မှာ ဆီအကျွင်းအကျန်တွေရှိနေတာမျိုးလည်း တွေ့ရပါတယ်။ သက်တမ်း သိပ်မကြာသေးဘဲ ဘတ်ကြိုးက အကောင်းမွန်ဆုံးပုံစံမှာရှိမနေဘူးဆိုရင် ကားကိုဝယ်သင့်/မသင့်စဉ်းစားရမှာ ဖြစ်ပြီး တချို့ရောင်းသူတွေက ၀ယ်သူကိုပြမယ့်ရက်ပိုင်းအတွင်း ဘတ်ကြိုးအသစ်လဲထားတတ်တာကိုလည်း မေ့မထားသင့်ပါဘူး။

အသံနားထောင်ကြည့်
ကားကိုမောင်းနှင်စမ်းသပ်တော့မယ်ဆိုရင် ကားအင်ဂျင်သံကို ဂရုတစိုက်နားထောင်သင့်ပါတယ်။ ကားမောင်း နှင်နေချိန်မှာ ကားအင်ဂျင်သံမှန်ရဲ့လား၊ တိုင်မင်မမှန်ဘဲ တစ်ချက် တစ်ချက်မှာ အင်ဂျင်သံ ပြောင်းသွားတတ် လား ဒါမှမဟုတ် ငြိမ်နေရမယ့် အင်ဂျင်သံထဲမှာ အခြားအသံတွေရောနှောပါဝင်နေသလားဆိုတာ သတိထားပြီး နားစွင့်နေရမှာဖြစ်ပါတယ်။ ဥပမာ သာမန်ကားမောင်းနှင်နေချိန်မှာကြားနေရတဲ့ ''တစ်၊ တစ်၊ တစ်''မြည်သံဟာ ကားစက်ရှိန်မြင့်လိုက်တာနဲ့အမျှ လိုက်ကျယ်လာတယ်ဆိုရင် ကားအင်ဂျင်မှာ ပြသနာတစ်ခုခုရှိနေပြီဆိုတာ ကြို တင်သိရှိနိုင်မှာပါ။ ကားအင်ဂျင်ပိုင်းမှာ ပြနာတစ်စုံတရာရှိမနေဘူးဆိုရင် ကားစက်ရှိန်ဘယ်လောက်ပဲတင် တင် ညက်ညောတဲ့အင်ဂျင်လည်ပတ်သံကိုသာ ကြားရမှာဖြစ်ပြီး အခြားဘယ်အသံတွေမှ ရောနှောပါဝင်လာမှာ မဟုတ်ပါဘူး။



အာကာထက်ဝေ




Share on Google Plus

0 comments:

Post a Comment