''အဲကွန်းမောင်ပွ တီဗွီမောင်ပွ''









မောင်ပွဆိုတာငယ်ငယ်ကတည်းက ကားပေါ်တက်ခွလာသည့် အမျိုး၊ အရုပ်ကားအားပြောခြင်းဖြစ် ၏။ အရွယ်ရောက်လာလျှင် ဖခင်ဖြစ်သူ၏ကောင်းမှုကြောင့် ကားမောင်းတတ်ခဲ့သည်။ ဂျူံးဂျူံးကျ တဖုံးဖုံးဖြစ်နေ သော ၁၉၈၄ထုတ် Toyota ဖင်ထောင်ကားလေးကို သိန်း ၂၀၀ ခန့်ပေးဝယ်ခဲ့သည့် ပေးဆပ်သူတို့ နှလုံးသား စာရင်းဝင်ဖြစ်ခဲ့သူအဖေသည် သင်္ဘောသားတစ်ယောက်မို့ ၀င်ငွေကမဆိုးလှ။ ထို့အတွက်ကြောင့် မောင်ပွသည် လည်း အဖေ့ဖင်ထောင်ကားလေးကို အမွေဆက်ခံခွင့်ရခဲ့သည်။ လွန်ခဲ့သော မကြာသည့်နှစ်များက ကားသစ် များတင်သွင်းခွင့်ပြုခဲ့သောအခါ မောင်ပွတို့ တယုတယ စီးခဲ့ရသော ဖင်ထောင်ကားလေးခမျာ အရည်ကြိုစက်ထဲ သို့ ဖင်ထောင်၍ ၀င်သွားရရှာလေတော့သည်။

“ဟာ ကျော့်ကား ၂၀၀ တန်ကြီး ပြန်ပေး၊ ပြန်ပေး''ဟုပြောပါလျှင် ဟားတိုက်ရယ်မောကြမည့်သူတွေ မနည်း။ ၀ယ်စဉ်တုန်းက ၂၀၀ နား။ အရည်လဲကြိုရော ၈၀ တောင်မရချင် ရချင်။ ခုနေများ ၂၀၀ လောက်ရှိ ပါလျှင် ဖင်အဆီတက်စေမည့်ကားတွေ စီးလိုက်ရမည့်ဖြစ်ခြင်း။ သို့နှင့် ရှိစုမဲ့စုပိုက်ဆံလေးဖြင့် ကားတွေ လိုက်ရှာ သည်။ ကားတွေဆိုသည်မှာလည်း အရင်ကအိပ်မက်ပင်မမက်ဖူးသည့်ကားများချည်း။ ဟုတ်သည်လေ ကိုယ်တွေက အစုတ်ပဲစီးလာရတော့ ကားသစ်တွေမြင်ရသည်မှာ တောသားမြို့ရောက်နေ သည့်အတိုင်း။ ကြိုက် ကားလေးများတွေ့လျှင် ဖုန်းဆက်မေးရသည်မှာလဲအမော။
''အစ်ကို့ကားလေး ရှိသေးလားဗျ''
''ဟုတ်ကဲ့ ရှိပါတယ်''
''အဲဒါ ဘာအမျိုးအစားခေါ်လဲဗျ''
''Mazda demio ဗျ စီးကြည့် စွန်းမိုက်တယ်၊ ဖင်ကို ဇိမ်ကျနာပဲ။ ဇိမ်ကျလွန်းလို့ လူကအပြင်ထွက်ရင်တောင် ဖင်က မထွက်ချင်ပါဘူး အတင်းလုပ်နာ''
''ငှယ် ကြိုက်ပြီလေ''
ဒီဘက်ခေတ်တွင်တော့် facebook ပေါ်တွင် ကားဝယ်ရောင်းပြုလုပ်၍ ရနေလေပြီ။ ကားဝယ်ရောင်း လုပ်သော group များမှာ မနည်းမနော။ စိတ်ပါလို့ ထိုဂရုတွေထဲ ၀င်မကြည့်လိုက်နှင့်။
''စွန်းလန်းသော ကားလေးရောင်းမည်၊ ကားပေါ်တက်သည်နှင့် လန်းသွားစေရမည်။ မလန်းလျှင် မျက်နှာကို ရေနှင့်ပက်ပေးမည်''
''အတိုက်အခိုက်ဟူ၍ လေတောင်အတိုက်မခံသော ကားလေးကိုအိမ်ထဲထားလျှင် အောက်ပိုင်း ချိမှာစိုး၍ မရောင်းချင်ရောင်းချင်နှင့် ရောင်းမည်''
''အော်ဆေးပတ်လည်နှင့် အောက်ပိုင်းအသံမရှိ၊ အပေါ်ပိုင်းလည်းအသံမရှိ၊ ဘာဆိုဘာမှမရှိသော ကားရှယ်လေးရောင်းမည်''
''လုပ်ချင်မရှိ၊ ပြစ်ချက်မရှိ အင်ဂျင်ပါဝါ ၁.၈ ဆိုပေမယ့် ဆီစားဘယ်လောက်သက်သာလဲဆိုလျှင် အိမ်က မိန်းမဗိုက်ကြီးကတည်းက ဆီတစ်သောင်းဖိုးဖြည့်ထားတာ ကလေးလည်းမွေးပြီရော ဆီမကုန်တဲ့အပြင် ဆီတိုက်ကီထဲ တစ်သောင်းခွဲဖိုးလောက်ရောက်နေလို့ ဒုက္ခရောက်နာ''
ဆိုတော့ကာ ၀ယ်ချင့်စရာ ကားများသာတည်း။ မောင်ပွတို့ကလည်း ကားသာဝယ်ချင်တာ ကား အကြောင်းဘာမှမသိ။ ကိုယ်တွေသိတာက တီဗွီပါလား၊ အဲကွန်းအေးလား ဒီလောက်သိရင်ရပြီ။ ဟုတ်သည် လေ။ ကိုယ်တွေဆိုသည်မှာ အရင်ကကားပေါ် ယပ်ခတ်ရသည့်ဘ၀မှ တက်လာသည်ဆိုတော့ အဲကွန်းလေး တော့မက်မောလှသည်။ သို့နှင့် တစ်နေ့တော့ ကြိုက်ကားလေးတစ်စီးတွေ့သည်နှင့် မည်သူ့ကိုမှ အဖော်မခေါ် ဘဲ တျောက်ထဲသွားကြည့်လိုက်သည်။ သူ့ဘာသာသူ တိုက်တာခိုက်တာတွေ စိတ်မ၀င်စား။ အဲကွန်းနှင့် တီဗွီ ကောင်းလျှင် အဆင်ပြေပြီ။ အမှန်ကကိုယ်တွေက ဒါပဲကြည့်တတ်သည်ကိုး။
''ဟား အစ်ကို ကျော် ကားကြည့်ဖို့ ဖုန်းဆက်ထားတဲ့တျောက်ပါ''
''အော် ဟုတ်ကဲ့ ကြည့်ပါ ဒီမှာကားသော့''
ဆိုတော့ ဆရာကြီးစတိုင်ဖြင့် ကားခေါင်းခန်းထဲဝင်ထိုက်လိုက်၏။ ပြီးလျှင် ရုပ်တည်ဖြင့်စက်ဖုံးခလုတ်ကို ဖွင့် လိုက်သည်။ အေးဆေးပဲလေ။ အဟျင်း။ သို့နှင့် အပြင်ပြန်ထွက် စက်ဖုံးဖွင့်မည်လုပ်တော့ မဖွင့်တတ်တော့။ ပိုင်ရှင်မမြင်အောင်ခြေကန်ကာ အဖုံးကိုမသည်မရ။ ပုဆိုးကိုပြင်ဝတ်ပြီးအံကြိတ်ကာ အောက်ကနေပင့်တင် သည်။ ဒါလည်းမပွင့်။ နေပါအုံး။ အထဲမှာ မင်းတုန်းများ ခတ်ထားတာလား။
''အော် အစ်ကို အင်ဂျင်ခန်း ကြည့်မလို့လား ခဏလေး ကျော် ဖွင့်ပေးမယ်''
''အေးဗျာ လုပ်ပါဦး၊ အရေးထဲမှ ဒီလက်က နာနေသေး အဟျင်း''
ဆိုတော့ ပိုင်ရှင်ဖွင့်ပေးလိုက်ရာ လွယ်ကူစွာပင် ပွင့်သွားလေသည်။ ကိစ္စမရှိပါဘူး။ ငါလက်နာနေတယ် ပြောထားတာပဲ။ သို့နှင့် ကားအင်ဂျင်ခန်းထဲ တစ်ချက်ငုံ့ကြည့်လိုက်သည်။ ဘာတွေမှန်းလဲမသိ၊ အခွေတွေရော ပိုက်တွေရော၊ အတံတွေရော၊ သို့သော် ဟန်ကိုယ့်ဖို့ရှိသေးသည်မဟုတ်လား။ ဟိုနေရာလေး ချောင်နေလို့ ကျပ်သလိုလုပ်လိုက်၊ ဒီနေရာလေး ကျပ်နေလို့ ချောင်ပေးသလိုလုပ်လိုက်နှင့် အတန်ကြာကြည့်ပြီးသော် စက်ဖုံး ပြန်ပိတ်လိုက်၏။ ပြီးလျှင် ဘာဆက်လုပ်မလဲမောင်ပွ။ ဟုတ်ပြီ ကားကို ခေါက်ကြည့်ရမည်။ ခေါက်တော့ခေါက် သည်။ ဘာအသံက ဘာမှန်းတော့မသိ။ သို့နှင့် ကားပတ်လည်ကို လက်နှင့်လိုက်ခေါက်သည်။ ဒီလောက်ဆို ဟိုလူ ကိုယ့်ကိုအချဉ်မဟုတ်မှန်းသိသွားလောက်ပြီ။ ပြီးလျှင် ကားအောက်ငုံ့ကြည့်ရမည်။ သူများတွေကတော့ ဘာကြည့်ချင်လို့ ငုံ့ကြည့်မှန်းတော့မသိ။ မောင်ပွကတော့ ၀တ္တရားအရငုံ့ကြည့်ခြင်းသာ။ ဟာနေပါဦး၊ ဒီနားက ဟာက ဘာတုန်း၊ ပွေးညက်နဲ့ဖာထားတာလား။ ဟား အပြစ်တော့ တွေ့ပြီ။ ဘယ်ရလိမ့်မလဲ မောင်ပွကို ဒီလို လာလှိမ့်လို့။ မှန်းစမ်း လက်နဲ့စမ်းကြည့်မယ်။
''ဟာ ခွေးချီးတွေ ဖီ''
သို့နှင့်အပြင်ကို အားရအောင်ကြည့်ပြီးသော် မောင်ပွ အပိုင်ကွက်နေရာ အတွင်းခန်းသို့ရောက်ချေပြီ။ ကားထဲဝင်ထိုက်လိုက်သည်။
''အဲကွန်းကောင်းလားဗျ''
''အဲကွန်းက စောင်ခြုံဗျ''
''ဟင် စောင်ခြုံဆွာ ဘာ brand လဲဗျ''
''တောင်ဂျပန် brand''
''အော် ဒါနဲ့ တီဗီကရော ရှယ်ပဲလား''
''ရှယ်သလားတော့မမေးနဲ့ ရုပ်ထွက်ကကောင်းလွန်းတော့ တစ်ခါတလေ တီဗီထဲကဇာတ်ကောင်တွေ အပြင်ကိုထွက်ထွက်လာလို့ လက်နဲ့မနည်းတွန်းဖိထားရတယ် ဘရို''
''ငှယ် စွန်းကြိုက်ပြီလေ''
''သူက MRTV တွေ ဘာတွေလည်း မိတယ်လေ''
''ဟွတ် နား''
''အွင်း ဟောဒီအပြင်က ဧရိယာတိုင်တောင် ဆွဲထုတ်စရာမလိုဘူး၊ လိုင်းတွေမိတယ် အဲယောင်လို့များ ဒီဧရိယာတိုင်တွေ ဆွဲမထုတ်မိစေနဲ့ ဘရို''
''ဟင် ဘာဖြစ်လို့လား''
''လိုင်းဆွဲအားကောင်းလား မကောင်းလား ကျော် တစ်ခါက တိုင်ကိုဆွဲထုတ်လိုက်တာ သိကြား မင်းရေချိုးနေတဲ့ ပုံ လိုင်းထဲမိသွားလို့ မနည်းပြန်ပိတ်လိုက်ရတယ်''
''ဟင် အဲ့လောက်တောင်လား''
''ဟုတ်တယ် ဘရို''
''ဒါနဲ့ သိကြားမင်းရေချိုးတာ ဇလားနဲ့လား ရေပန်းနဲ့လား ဘရို''
''မြန်မာလိုပုဆိုးခါးတောင်းကျိုက် သတ္တုဖလားနဲ့ခပ်ချိုးတာပါပဲဗျာ မထူးဆန်းပါဘူး''
''လိုင်းရော ကြည်ရဲ့လား''
'' HD ပဲ ဘရို သိကြားမင်းမျက်နှာပေါ်က ၀က်ခြံတောင်တွေ့ရတယ်''
''ကြိုက်သွားပြီ ဘရို ကျော်ကတော့ နတ်သမီးရေချိုးတဲ့အချိန်ပဲ ဧရိယာတိုင် ဆွဲထုတ်တော့မယ်''
''သဘောပါ ဘရို''
''အိုကေဗျာ ကျနော်ယူဖြစ်ရင် အကြောင်းပြန်လိုက်မယ် ဘရို''
သို့နှင့် ကျော့်ကားထဲကထွက်ပြီး တခြားကားပေါ်တက်ထိုင်မယ်ဆိုရင် ဘာမီတွန်သောက်ပြီးထိုင်ပါ ဘရို''
''ဘာလို့လဲ ဘရို''
''ကျော်ကားပေါ်ထိုင်ပြီးမှ တခြားကားတွေပေါ်တက်ထိုင်ရင် တင်ပါး allergy ဖြစ်တတ်လို့ပါ ဘရို''
''ဟာ အဲ့လောက်တောင်''
''ဒါတောင် အကုန်မပြောသေးဘူး ဘရို''
''စွန်းခိုက်ဝါးပြီ ဘရို ဒါနဲ့ အဲကွန်းက ကောင်းရဲ့လား''
''ဟုတ်ကဲ့ ကျော့်ကားအဲကွန်းက တိုတောင်ဝင်ပါတယ်ဘရို''
''အော် သူက ရှေ့တိုးနောက် ဆုတ်သွားလို့လား ဒါဆို ပြန်ဆွဲထုတ်ဖို့ ကားပေါ် ပလာယာဆောင် ထားရမယ် ထင်တယ်နော် ဘရို''
''ဇာဂနာလောက်ဆိုရပါ တယ် ဘရို''
''အိုခေပါ ဘရို''
''ကျော့်ကားက back camera လည်းပါတယ် ဘရို''
''ဒါဆို Selfie ဆွဲလို့လည်းရတယ်လား ဘရို''
''ရတယ် ဘရို ဒါပေမဲ့ Selfie ဆွဲရင် အိပ်ဇောပိုက်နားမှာဆွဲရမယ် ဘရို အခန့်မသင့်ရင် အိပ်ဇောငွေ့ရိုက်ပြီး ကင်မရာထဲမှာမျက်နှာတော့မဲတတ်တယ်ဘရို''
''eco mode ရောပါလား ဘရို''
''မြန်မာလိုပြောပါ ဘရို၊ ဘောဂဗေဒ mode ကိုပြောတာလား''
''ဘာတွေလား ဘရို''
သူ့ဘရိုနဲ့ ကိုယ့်ဘရိုနှင့် ဘာတွေပြောမိမှန်းတောင်မသိတော့။ ဘာပဲပြောပြော အတွေ့အကြုံက သင်သွား၍ ထင်သည်။ အခုတော့ မောင်ပွတစ်ယောက် အရင်ကလို အဲကွန်းမောင်ပွ တီဗီမောင်ပွ မဟုတ်တော့။ တစ်လော ကပဲ ကားတစ်စီးရောင်းဖြစ်လိုက်သည်။ ကားဈေးတက်မလား ကျမလား စောင့်နေရင်းနှင့်မအောင့်နိုင်တော့ဘဲ ရောင်းလိုက်ခြင်းဖြစ်သည်။ လာဝယ်သူတွေမှာလည်း အရင်က အဲကွန်းမောင်ပွ တီဗီမောင်ပွပုံစံလိုမျိုးတွေ။ သို့သော် သူတို့ ခမဖေပ ဖြစ်တာကတစ်မျိုး။
''ကားကလက်တင်ပါလား ဘရို''
''manual လက်တင်ပဲပါတယ် ဘရို''
''ဟင် ဘာလား manual လက်တင်ဆွာ''
''manual လက်တင်ဆွာ ဒီလိုဟာကိုပြောတာဘရို အခုဝင်ထိုင်လိုက်''
''ထိုင်ပြီ ဘရို''
''ဘယ်ဘက်ဒူးခေါင်းထောင်လိုက်''
''ထောင်လိုက်ပြီ ဘရို''
''အဲ့ပေါ်လက်တင်လိုက် ဘရို အဲ့ဒါ manual လက်တင်ပဲ''
''ငှယ် စွန်းမိုက်တယ် ဘရို''
''မိုက်ရင် ၀ယ်လိုက် ဘရို''
''၀ယ်ပြီ ဘရို''
ဟုတ်ကဲ့ ကျနော်အရင်လို တီဗီမောင်ပွ၊ အဲကွန်းမောင်ပွ မဟုတ်တော့ပါ ဘရို၊ လက်တင် မောင်ပွ ဖြစ်ဝါးပါဘီ ဘရို။

အာကာထက်ဝေ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment