တန်ဖိုးကြီးပစ္စည်းတွေကို ဘယ်လိုသိမ်းဆည်းမလဲ










တစ်ခါတရံမှာ အရိုးဆုံးက အဆန်းဆုံး ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဆီကို ဓားပြတိုက်မယ့်သူ တစ်ယောက်ရောက်လာခဲ့ရင် ဒီလိုအန္တရာယ်ဆိုးက လွတ်ကင်းနိုင်ဖို့ ဖောက်ထွက်စဉ်းစားနည်းနဲ့ စဉ်းစားဖို့ ကိုယ့်အနေနဲ့ လိုအပ်လာပါပြီ။ ကားတစ်စီးနဲ့ ခိုးဆိုးလုယက်မှုတွေ ထူပြောတဲ့နေရာဒေသတစ်ခုကို သွားတော့မယ်ဆိုရင် ကိုယ့်အနေနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို အခြားလူတွေမမြင်အောင် ထိန်းသိမ်း ထားနိုင်ဖို့ လိုအပ်နေမှာ အသေအချာပါ။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်တန်ဖိုးကြီးပစ္စည်းကို ဘယ်လို ထိန်းသိမ်းထားမလဲ။ အထူးသဖြင့် ပိုက်ဆံ၊ လက်ဝတ်ရတနာနဲ့ အခြားတန်ဖိုးကြီးပစ္စည်းတွေကို ကားအ တွင်းမှာ လုံခြုံအောင် ဘယ်လိုထိန်းသိမ်းထားရမယ်ဆိုတာနဲ့ပတ်သက်ပြီး အကြံကောင်းပေးပါရစေ။

ပုလင်းလွတ်၊ ကရားလွတ်တွေကို ပြန်သုံးပါ
ခေါင်းလျှော်ရည် ပုလင်းအလွတ်တစ်ခု၊ ဒါမှမဟုတ် ကရားအလွတ်တစ်ခုကို ပြန်အသုံးပြုလို့ရပါတယ်။ ဒါတွေဟာ နေ့စဉ်အသုံးပြုနေကျ အသုံးအဆောင်ပစ္စည်းတွေဖြစ်တာကြောင့် လုယက်ချင်သူ၊ ခိုးဝှက် ချင်သူတွေအနေနဲ့ ယောင်လို့တောင် မျက်စောင်းထိုးမယ့်အရာတွေ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနေရာမှာ တစ်ခုသတိထားရမှာက ကိုယ့်အနေနဲ့ ခေါင်းလျှော်ရည်ဗူး၊ ကရားအလွတ်တွေကို အသုံးပြုတော့မယ်ဆိုရင် ဒါတွေကို သန့်ရှင်းအောင် အရင်ဆေးကြောဖို့လိုမှာကိုပါ။ အတွင်းရော၊ အပြင်ဘက်ကိုပါ သန့်ရှင်းအောင် ဆေးကြောပြီးမှ ကိုယ့်ရဲ့အဖိုးတန်ပစ္စည်းတွေကို ထည့်သွင်းသိမ်းဆည်းထားသင့်တာ ဖြစ်ပါတယ်။ အထူးသဖြင့် ငြုပ်ဆီပုလင်းလိုမျိုးအသုံးအဆောင်တွေကို ပြန်လည်အသုံးပြုတော့မယ်ဆိုရင် ရေနဲ့ ဆပ်ပြာ ကိုသုံးပြီး စင်ကြယ်သွားအောင် အရင်ဆေးရပါလိမ့်မယ်။ ပြီးရင် ဖောက်ထွင်းမြင်နိုင်တဲ့ ပုလင်းမျိုး ဖြစ်နေမယ်ဆိုရင်တော့ အတွင်းပိုင်းကို ဆေးသုံးပြီး အပြင်က အလွယ်တကူကြည့်လို့ မမြင်နိုင်အောင် ဆေးချယ်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် အများသတိမထားမိချိန်မှာပဲ လက်ကိုင်ဖုန်း၊ ပိုက်ဆံနဲ့ အခြားတန်ဖိုးကြီးပစ္စည်းတချို့ကို အထဲမှာ သိမ်းဆည်းထားနိုင်မှာပါ။ ဒီနေရာမှာ ပုလင်းတွေတင် မကဘဲ လိုရှင်းဗူးအဟောင်း၊ ကိုယ်တိုက်ဆပ်ပြာရည်ဗူးတွေကိုလည်း ကိုယ်စိတ်ကူးရရင်ရသလို ချဲ့ထွင်အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။


အမျိုးသမီးသုံးပစ္စည်းတွေလည်း အသုံးပြုနိုင်

Feminine Hygiene Boxes တွေလို အမျိုးသမီးအသုံးအဆောင်ပစ္စည်းတချို့ကိုလည်း ဒီနေရာမှာ အသုံးပြု နိုင်မှာဖြစ်ပါတယ်။ ဥပမာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေနဲ့ Tampon boxes တွေအတွင်းမှာ ထည့်သွင်းထားရင်းနဲ့လည်း တန်ဖိုးကြီးပစ္စည်းတွေကို တခြားလူလုယက်မယ့်ဘေးက ရှောင်ရှားနိုင်မှာပါ။ အချို့ယောက်ျားတွေဟာ ဒီလိုအသုံးအဆောင်ပစ္စည်းမျိုးတွေကို ကောက်ကိုင်မကြည့်တဲ့အပြင် လှည့်တောင်ကြည့်ဖို့မရှိတာကြောင့် ဒီနည်းကို အသုံးပြုပြီးတော့လည်း ကိုယ့်ရဲ့တန်ဖိုးကြီးပစ္စည်းတွေကို ကာကွယ်ထားနိုင်ပါတယ်။ ဒီအသုံးအဆောင်ပစ္စည်းနှစ်မျိုးဟာ ပိုက်ဆံ နဲ့ လက်ဝတ်လက်စားအချို့ကို ဝှက် ထားဖို့ အကောင်းဆုံးနေရာတွေလို့ တချို့ကဆိုကြပါတယ်။ တစ်ခုသေချာဖို့လိုအပ်တာကတော့ ကိုယ့်ရဲ့ သေတ္တာ ဒါမှမဟုတ် ပစ္စည်းထည့်မယ့်အရာက လုံခြုံနေဖို့လိုအပ်သလို တန်ဖိုးကြီးပစ္စည်းတစ်ခုခု ထည့်ဝှက်ထားတော့မယ်ဆိုရင်လည်း အလည်ဗဟိုတည့်တည့်မှာ သေချာထည့်သွင်းထားနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အလုံခြုံဆုံးဖြစ်စေမှာကတော့ ကိုယ့်အနေနဲ့ လက်ဝတ်ရတနာတစ်ခုခုကို ထည့်ထားတော့မယ် ဆိုရင် အလည်ဗဟို တည့်တည့်မှာထားသင့်သလို ဝါဂွမ်း ဒါမှမဟုတ် အဝတ်စတစ်ခုနဲ့ သေချာရစ်ပတ်ပြီးမှ ထည့်သွင်းသင့်တာပါ။

တင်းနစ်ဘောလုံးကလည်း အသုံးဝင်
ဒီနေရာမှာ နောက်ထပ်အသုံးဝင်တဲ့ပစ္စည်းတစ်ခုကတော့ တင်းနစ်ဘောလုံးပဲ ဖြစ်ပါတယ်။ ပန်းခြံ ဒါမှမဟုတ် အားကစားခန်းမကို သွားတော့မယ်ဆိုရင် အစိုးရိမ်လွန်တတ်သူတွေအနေနဲ့ တင်းနစ်ဘောလုံး ထဲမှာ ကိုယ်သိမ်းဆည်းချင်တဲ့ပစ္စည်းကို ထည့်သွင်းသိမ်းဆည်းပြီး လော့ကာထဲကို ထည့်သွင်းထားနိုင် တာပါ။ တင်းနစ်ဘောလုံးကို မသိမသာဓားနဲ့ခွဲပြီး ကိုယ်ထည့်ချင်တဲ့ပစ္စည်းကိုထည့်ပြီးချိန်မှာ မသိမသာ ပြန်စေ့ထားရမှာ ဖြစ်ပါတယ်။ သေချာတာကတော့ တင်းနစ်ဘောလုံးတွေဟာ ကျံ့နိုင်ဆန့်နိုင်တဲ့အရာနဲ့ ပြုလုပ်ထားတာဖြစ်လို့ တစ်ခုခုအထဲကိုထည့်ချိန်မှာ လက်နဲ့ညှစ်ထားရမှာဖြစ်ပြီး ထည့်သွင်းပြီးချိန်မှာ လက်ကိုလွှတ်လိုက်တာနဲ့ အလိုအလျောက် အပေါက်ပြန်စေ့ပြီးသား ဖြစ်သွားမှာ အသေအချာပါပဲ။

တန်ဖိုးကြီးပစ္စည်းတွေကို ဝတ်ဆင်ထားပါ

နောက်ထပ်တစ်နည်းကတော့ တန်ဖိုးကြီးပစ္စည်းတွေကို ကိုယ်နဲ့မကွာ ဆောင်ထားလို့ရတဲ့နည်းပဲ ဖြစ်ပါတယ်။ ပိုက်ဆံ၊ မှတ်ပုံတင်၊ လက်ဝတ်လက်စားစတဲ့ပစ္စည်းတွေကို ကိုယ့်အင်္ကျီရဲ့ အတွင်းဘက် အိပ်ကပ်တွေထဲမှာ ထည့်သွင်းသိမ်းဆည်းထားဖို့ ဆိုလိုတာပါ။ ဒီနည်းက သိပ်ပြီးစိတ်မချရသလို အလုံ ခြုံဆုံးလို့ပြောလို့မရပေမယ့် နောက်ပိုင်းထွက်တဲ့ ဂျက်ကပ်အင်္ကျီတွေမှာ အတွင်းမှာ ပစ္စည်းထည့်စရာ အိတ်တွေ နေရာအတော်များများပါဝင်လာတာကြောင့် ဆန္ဒရှိရင် ဒီလိုအိတ်မျိုးတွေထဲကို ထည့်သွင်းထား လို့လည်း ရပါတယ်။ များသောအားဖြင့် တချို့တွေက လျို့ဝှက်အိတ်တွေပါဝင်တဲ့အင်္ကျီမျိုးတွေကို ဝတ်ဆင်ရင်းနဲ့လည်း မသမာသူတွေကို လမ်းကြောင်းလွှဲလေ့ရှိတာပါ။ ဒါပေမယ့် ဒီလိုအင်္ကျီတွေကတော့ ကိုယ်တိုင်စိတ်တိုင်းကျ ချုပ်ခိုင်းမှရတတ်ပြီး အများသုံးစတိုးဆိုင်မျိုးတွေမှာ အလွယ်တကူရရှိမှာတော့ မဟုတ်ပါဘူး။
 အာကာထက်ဝေ

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment