ဒီတစ်ပတ်တော့
ရှမ်းပြည်ကချဉ်စော်ကားသီးတွေ လက်ဆောင်ရထားတာကို မယ်တော်မားသား အကြိုက် ငါးကြော်နှပ်ချဉ်စပ်လေးလုပ်မယ်။
ပိန္ဒဲသီးကိုအာလူးလေးနဲ့ ဆူးပုတ်ရွက်လေးအုပ်ပြီး အရည်သောက် လေးချက်မယ်၊ ပြီးရင် ဟင်းနုနွယ်လေးသုပ်လိုက်မယ်။
ဒါဆိုရင်တော့ အရသာစုံစုံလေးနဲ့ အာဟာရလည်းဖြစ် စားလို့ကောင်းမှာအသေချာပဲပေါ့ဆွေမျိုးတို့ရာ။
ငါးကြော်နှပ် (ချဉ်စပ်)
ငါးကြင်းခုတ်သားကိုအရိုးထွင်ရလွယ်အောင်
ခပ်ကြီးကြီးလေးတုံး၊ ပြီးရင် ဆားလေးသင့်ရုံ ထည့်နယ်ပြီး ကျက်အောင်ကြော်ထားလိုက်မယ်။
ကြက်သွန်နီကိုခပ်ထူထူလေးလှီးထား၊ ကြက်သွန်ဖြူနဲ့ချင်း ကို ဓါးပြားရိုက် ထား၊ ငရုတ်သီးစိမ်း၊
ရှမ်းနံနံနဲ့ပင်စိမ်းကို ခပ်ရိတ်ရိတ်လေးလှီးပြီး ရောထောင်းထား၊ ချဉ်စော်ကားသီးကို အခွံခွာ
ပြီးအနေတော်လေးတွေတုံးထား၊ ဆီပူလာရင်ကြက်သွန်ဖြူနီနဲ့ ချင်းကိုအရင် ဆီသတ် ခရုဆီ၊ ပဲငံပြာရည်အကြည်
ကြက်သားမှုန့်သကြားပါတခါတည်းထည့်၊ ပြီးမှ ချဉ်စော်ကားသီး တုံးထားတာထည့်၊ ငါးကြော်ထည့်ပြီးလုံးပေး၊
ရေမမြုပ်တမြုပ်လေးထည့်ပြီး ဆူတောင်တည်ထား၊ ဆူလာရင် အရသာမြည်းကြည့်၊ အချဉ်အနေတော်ရပြီဆိုရင်
ချဉ်စော်ကားသီးကိုပြန်ဆယ်ပြီး ငါးနူးတဲ့အထိ တည်ထား၊ ငါးနူးနူးအိအိလေးနဲ့ အပေါ့အငံအချဉ်လေးပါ
စိတ်တိုင်း ကျပြီဆိုရင် ခုနကရောထောင်းထားတဲ့ ရှမ်းနံနံ၊ ပင်စိမ်းနဲ့ငရုတ်သီးစိမိးအရောကို
ထည့်လိုက်မယ်ဆိုရင် ချဉ်ချဉ် စပ်စပ်လေးနဲ့ မွှေးမွှေးလေးဖြစ်နေ တဲ့ ငါးကြော်နှပ်လေးရပြီပေါ့ဆွေမျိုးတို့ရာ။
ပိန္ဒဲသီးဟင်းရည်
ပိန္ဒဲသီးအစိမ်းအစေးထုတ်ပြီးသားလေးကို
အနေတော်တုံးပြီး ရေနွေးနဲ့ခဏစိမ်ထား၊ အာလူးကို ခပ်သေး သေးတုံးထား၊ ဆူးပုတ်ရွက်လေးကိုလည်းခြွေပြီး
ရေသေချာဆေးထား၊ ကြက်သွန်ဖြူ တစ် တက်လောက်ကို ဓါးပြားရိုက်စဉ်းပြီး ဆီသတ်၊ စိမ်းနံ့ပျောက်လို့မွှေးလာမှ
အာလူးအရင်ထည့်လုံး၊ ပြီးမှ ပိန္ဒဲသီးထည့်လုံး၊ ဆား၊ ကြက်သားမှုန့်လေးထည့်၊ ရေထည့်ပြီး
ပိန္ဒဲသီးရောအာလူးပါနူးတဲ့အထိတည်ထား ရေလည်းအနေတော်လေးနဲ့ အရသာလေးလည်းအဆင်ပြေပြီဆိုမှ
အပေါ်ကနေ ဆူးပုတ်ရွက်လေး အုပ်လိုက်ရင်တော့ ကောင်းမှကောင်းတဲ့ ပိန္ဒဲသီးဟင်းရည်တစ်ခွက်ရပြီပေါ။့
ဟင်းနုနွယ်သုပ်
ဟင်းနုနွယ်ကိုခြွေပြီး ခဲသလဲစင်အောင်ရေနဲ့သုံးလေးခါလောက်ဆေး၊
ရေဆူလာအောင်အရင်တည် ရေဆူလာပြီဆိုမှ ဆီသုံးလေးစက်နဲ့ ဆားလက်ဖက်စားဇွန်းသုံးပုံတစ်ပုံလောက်ထည့်၊
ပြီးမှ ဟင်းနုနွယ်ရွက် ထည့်ပြီးတစ်မိနစ်လောက်ပြုတ်ပြီးရင် ရေခဲရေနဲ့ပြန်စိမ်ပြီး ရေပြန်ညှစ်ထား၊
မြေပဲလှော်နဲ့ပုဇွန်ခြောက်ကို မညက် တညက်ထောင်းထား၊ ကြက်သွန်နီကိုခပ်ပါးပါးလှီးပြီးကြော်ထား၊
နှမ်းနက်လှော်လေးလည်း အဆင်သင့်ပြင်ထား ပြီးရင် ဟင်းနုနွယ်ထဲကို ကြက်သွန်ကြော်ထဲကဆီလေးထည့်၊
မြေပဲမှုန့်၊ ပုဇွန်ခြောက် မှုန့်၊ နှမ်းနက်လှော်၊ ဆား၊ သကြားလေးနည်းနည်းထည့်နယ်၊ အရသာကအပေါ့အငံအဆင်ပြေပြီဆိုရင်
အပေါ်ကနေကြက်သွန်နီကြော် လေးဖြူးပေးလိုက်ရုံပေါ့၊ ဒါဆိုရင်တော့ စားရတာလည်းကောင်း၊ အာဟာရ လည်းဖြစ်တဲ့
ဟင်းနုနွယ်အချိုသုပ် တစ်ပွဲရပါပြီ။ ငါးကြော်နှပ်က ချဉ်စပ်ချက်ထားတာမို့ ဟင်းနုနွယ်လေး ကိုလည်း
အချိုလေးပဲသုပ်လိုက်တယ်။ နောက်တစ်ခါမှ ချဉ်စပ်လေးသုပ်ကြတာပေါ့နော်။ ဒီတစ်ပတ်ကတော့ ငါးကြော်နှပ်(ချဉ်စပ်)မွှေးမွှေးလေးရယ်
ပိန္ဒဲသီးဟင်းရည်လေးရယ်၊ ဟင်းနုနွယ်သုပ်လေးရယ်နဲ့ပါဆိုတော့ စားလို့တော့ကောင်းမှကောင်းပဲပေါ့ဆွေမျိုး
တို့ရာ…
နောက်တစ်ပတ်မှနောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့။အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment