ငါးသောက်ဆမ်း၊ မက်မန်းသီးသုပ်၊ ပဲပြားကြော်။



ဒီတစ်ပတ်တော့ ငါးကို ပအို့စတိုင် သောက်ဆမ်းလေးချက်ကြတာပေါ့ ဆွေမျိုးတို့ရာ၊ အရံဟင်းအနေနဲ့ ကတော့ ရာသီပေါ်မက်မန်းသီးလေးသုပ်မယ်၊ ပြီးတော့ ပဲပြားကို အကြေမွှေကြော်လေးကြော်လိုက်တာ ပေါ့။ ဒါဆိုရင် မယ်တော်မားသားလည်း ရာသီစာလေးတွေစားရ၊ အရသာလည်းစုံစုံလေးဆိုတော့ စားလို့အဆင်ပြေမှာ အသေအချာပဲပေါ့နော်။ ငါးကတော့ ကျက်ရုံလေးကင်ထားတာနဲ့ ချက်ရင်ပိုကောင်း ပေမယ့် ကင်ဖို့အဆင်မပြေရင်လည်း ကျက်ရုံပျော့ပျော့လေးကြော်၊ ပြီးမှ ချက်ရင်လည်းအဆင်ပြေပါတယ်။

ငါးသောက်ဆမ်း
ကျက်ရုံလေးကင်ထား ဒါမှမဟုတ် ကျက်ရုံပျော့ပျော့လေးကြော် ထားတဲ့ငါးကို အတုံးကြီးကြီးလေးဖဲ့ထား၊ ဂျင်း၊ စပါးလင်နဲ့ ကြက်သွန်ဖြူကို ဓါးပြားရိုက်ပြီး နနွင်းနည်း နည်းထည့်ဆီသတ်၊ ပြီးမှဖဲ့ထားတဲ့ ငါးလေးတွေထည့်ပြီးလုံးပေး၊ အရသာအတွက်ကတော့ ဆားနဲ့ကြက်သားမှုန့်ပဲ ထည့်တာပေါ့။ ရေကို ကိုယ်လိုချင်သလောက်ထည့်ပြီး ဆူအောင်တည်၊ အရသာစိတ်ကြိုက်ရပြီဆိုမှ ဓါးပြားရိုက်ထားတဲ့ ငရုတ်သီးစိမ်းလေးအပေါ်ကနေ အုပ်ပေးလိုက်ရင် ပအို့စတိုင်ငါး သောက်ဆမ်းလေးတစ်ခွက်ရပြီပေါ့။ စားနေကျ ငါးသောက်ဆမ်းတွေနဲ့မတူဘဲ သူကတော့စတိုင်တစ်မျိုးနဲ့ ပူပူစပ်စပ်မွှေးမွှေးလေးပေါ့နော်။ အခု လို မိုးအေးအေးလေးနဲ့ဆိုရင် စားလို့ ကတော့ကောင်းမှကောင်းပဲပေါ့ ဆွေမျိုးတို့ရာ။ သူနဲ့စားလို့လိုက်ဖက် အောင် ရာသီပေါ်မက်မန်းသီးလေးကိုလည်း သုပ်လိုက်ကြတာပေါ့။

မက်မန်းသီးသုပ်
မက်မန်းသီးဝမ်းရောင်လေးတွေကို ဓါးနဲ့အသားတွေကြီးဖဲ့ထုတ်ထား၊ ပြီးရင် ကြက်သွန်နီဆီချက် မညက်တညက်ထောင်းထားတဲ့ မြေပဲမှုန့်၊ ဆား၊ သကြား၊ ကြက်သားမှုန့်လေးနဲ့နယ်လိုက်ရင် ချိုချိုချဉ်ချဉ်နဲ့ အဖန်အရသာလေးပါပါနေတဲ့ မက်မန်းသီးသုပ်လေးတစ်ပွဲ ရပြီပေါ့။ ပူပူစပ်စပ်မွှေးမွှေး ငါးသောက်ဆမ်း လေးနဲ့ကတော့ ကွက်တိပဲပေါ့နော်။

ပဲပြားကြော်

ပဲပြားကို လက်နဲ့အသာလေးခြေထား၊ အရမ်းတော့မကြေစေနဲ့ပေါ့နော်။ ပြီးမှ ကြက်သွန်နီမထူမပါး လှီးထားတာရယ် ကြက်သွန်ဖြူဓါးပြားရိုက်စဉ်းထားတာရယ်ကို နနွင်းမှုန့်နည်းနည်းထည့်ဆီသတ်၊ စိမ်းနံ့ ပျောက်လို့မွှေးလာပြီဆိုမှ ပဲပြားခြေထားတာလေးထည့်၊ ဆား၊ ကြက်သားမှုန့်လေးထည့်လိုက်ရင် ချိုချိုဆိမ့်ဆိမ့်ပဲပြားကြော်လေးတစ်ပွဲ အဆင်ပြေပြီပေါ့နော်။ ဒီတစ်ပတ်ကတော့ ငါးသောက်ဆမ်းပူပူ စပ်စပ်မွှေးမွှေးလေးရယ် မက်မန်းသီးသုပ် ချိုချဉ်ဖန်လေးရယ်၊ ပဲပြားအကြေကြော်ချိုဆိမ့်လေးရယ်နဲ့ဆို တော့ အရသာစုံစုံလေးနဲ့ စားလို့ကတော့ကောင်းမှာ သေချာတာပေါ့ ဆွေမျိုးတို့ရာ၊ နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့နော်။
အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
Share on Google Plus

0 comments:

Post a Comment