ကက္ကတစ်ငါးလေးကို ခပ်စပ်စပ်လေး၊ ခရုဆန်လှော်ဟင်းချို၊ သခွားသီးထောင်း









ဒီတစ်ပတ်တော့ အသားတွေပဲစားနေရလို့ ငါးဘက်လှည့်လိုက်ဦးမယ်။ ကက္ကတစ်ငါးလေးကိုခပ်စပ် စပ်လေးချက်လိုက်မယ်၊ ခရုလေးကို တော့ဆန်လှော်ထောင်းလေးနဲ့ ဟင်းချိုပုံစံလေးချက်မယ်။ သခွား သီးကိုတော့ချိုချဉ်စပ်လေး ထောင်းမယ်၊ ဒါဆိုရင်တော့ မယ်တော်မားသားလည်း စားလို့ကောင်းမှာသေချာ တယ်ဗျ။

ကက္ကတစ်ငါးလေးကို ခပ်စပ်စပ်လေး
ကက္ကတစ်ငါးကိုအရိုးဖယ်ပြီး အသားထွင်၊ အတုံးခပ်သေးသေးတုံး။ ပြီးရင် ငါးငံပြာရည်၊ ဆား၊ သကြားလေး နည်းနည်းထည့်ပြီး ခနနှပ်ထား၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်းနဲ့စပါးလင်ကို ရောထောင်းထားတာကို နနွင်းမှုန့်နည်းနည်းထည့်ပြီးဆီသတ်၊ စိမ်းနံ့ပျောက်လို့ မွှေးလာပြီဆိုမှ ခုနကနှပ်ထားတဲ့ ငါးထည့်ပြီး ခပ်ဖြေးဖြေးချင်းမွှေပေး၊ အရသာလိုရင် ကြက်သားမှုန့်လေး နည်းနည်းထည့်၊ ဆီကျန်ရေကျန် အနေအထားလေးရပြီဆိုရင် အပေါ်ကနေ ရှောက်ရွက်လေးအုပ်ပေးလိုက်ရင် ငါးချက်စပ်စပ်မွှေးမွှေး လေးရပြီပေါ့၊ ချက်နေကျပုံစံမဟုတ်ပေမယ့် တစ်မျိုးတော့စားလို့ကောင်းမှာ အသေအချာပဲပေါ့ဆွေမျိုးတို့ရာ။

ခရုဆန်လှော်ဟင်းချို
ခရုကိုတော့ စေတီခရုအသေးလေးတွေကို ရေနဲ့ခနပြန်စိမ်ထားလိုက်မယ်။ ဒါမှခရုမှာပါတဲ့သဲတွေ စင်သွားတာပေါ့။ ပြီးမှ ခရုဖင်လေးတွေကိုဓါးနဲ့ဖြတ်၊ ရေစင်စင်ဆေးလိုက်ရင်ရပါပြီ။ ခရုလေးတွေကဖင် ဖြတ်ထားမှ စုပ်စားလို့ရတာမို့ ခရုဖင်ပိုင်းလေးကိုတော့ စိတ်ရှည်ရှည်နဲ့ဖြတ်ဖို့လိုမယ်နော်။ ဆန်လေးနည်း နည်းကိုအရင်လှော်၊ မွှေးလာပြီဆိုမှ မညက်တညက်လေးထောင်းထား။ စပါးလင်၊ ကြက်သွန်ဖြူနဲ့ ဂျင်းကိုဓါးပြားရိုက်၊ နနွင်းမှုန့်နည်းနည်းထည့်ပြီးဆီသတ်၊ ပြီးရင် ခရုထည့်ပြီးခနမွှေပေး၊ ဒါမှ ခရုကိုစုပ် စားတဲ့အခါ ကပ်မနေဘဲစားလို့လွယ်မှာ။ ပြီးရင် ဆန်လှော် မညက်တညက်ထောင်းထားတာကို ရေနည်းနည်းချင်းထည့်ပြီး ဆန်လှော်နူးတဲ့အထိတည်ထား၊ အရသာအတွက်တော့ ပုဇွန်ငံပြာရည်၊ ဆား၊ သကြားသင့်ရုံထည့်ရင်ရပါပြီ။ အရည်ကိုတော့ အရည်ဟင်းပုံစံမို့ ခပ်များများလေးထားရမယ်ပေါ့နော်။ ဆန်လှော်လေးနူးရင် ထမင်းစားလို့အရမ်းမြိန်မှာသေချာတဲ့ ခရုဆန်လှော်ဟင်းချိုတစ်ခွက်ရပါပြီ။

သခွားသီးထောင်း
 သခွားသီးကို အခွံခွာ၊ အစေ့ တွေဖယ်ပြီး အသားချည်းပဲမထူမပါး လှီးထား၊ မြေပဲနဲ့ပုဇွန်ခြောက်ကို အရင်မညက်တညက်ထောင်း၊ ငရုပ်သီးစိမ်းပါထည့်ထောင်း ပြီးမှ ခုနက မထူမပါးလှီးထားတဲ့သခွားသီး၊ သံပုရာရည်၊ သကြား၊ ဆား ထည့်ပြီး ခပ်ဖွဖွလေးထောင်းလိုက်ရင် ချိုချဉ်စပ် သခွားသီးထောင်း ဟင်းတစ်ပွဲရပြီပေါ့။ ဒါဆိုရင်တော့ ငါးချက်မွှေးမွှေးစပ်စပ်လေးရယ် ခရုဆန်လှော်ဟင်းချိုမွှေးမွှေးလေးရယ်နဲ့ သခွားသီးထောင်း ချိုချဉ်စပ်လေးရယ်ပါဆိုတော့ မယ်တော်မားသားနဲ့ ကျွန်တော်ကတော့ စားလို့ကောင်းမှ ကောင်းပဲပေါ့ဆွေမျိုးတို့ရာ။ 

Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment