ချစ်တယ်’ဆိုတဲ့ စကားတစ်ခွန်းနဲ့


‘ချစ်တယ်’ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဒီစကားလုံးလေးအတွက်အချိန်၊ နေရာဆိုတာ သီးသန့်ရှိပါတယ်။ တစ်ခါတလေမှာတော့ တစ်ယောက် နဲ့တစ်ယောက် ဆက်ဆံရေးကြား ‘ချစ်တယ်’ဆိုတာထက်ပိုတဲ့ စကားလုံးလေးတွေလိုအပ်လာပါပြီ။ အဲဒီ စကားလုံးလေးတွေကဘာတွေဖြစ်မလဲ ...။

‘ကျေးဇူးပြုပြီး ...’

ရိုးရှင်းတဲ့စကားစုလေးပါ။ ဒါပေမဲ့ အလွန်ထိရောက်မှုရှိပါတယ်။ ပတ်ဝန်းကျင်က ကိုယ့်လက်အောက် ငယ်သားတွေ၊ ကိုယ်ချစ်ခင်ရင်းနှီးရသူတွေကို အမိန့်ပေးခိုင်းစေနိုင်တဲ့ စကားလုံးလေးတွေသုံးမဲ့အစား ‘ကျေးဇူးပြုပြီး’လို့ ယဉ်ယဉ်ကျေးကျေးလေးပြောကြည့်ပါ။ အခြေအနေတွေအားလုံး သိသိသာသာ ပြောင်းလဲသွားပါလိမ့်မယ်။

‘ကျေးဇူးတင်ပါတယ်’

စကားလုံးလေးက ရိုးရှင်းလှပေမဲ့နှလုံးသားအတွင်းထိ စိမ့်ဝင်သွားမယ့်စကားလုံးလေးပါ။ ကိုယ့်ချစ်သူ ခင်သူက ကိုယ့်အတွက် သတိတရနဲ့ စားစရာလေး၊ ပစ္စည်းလက်ဆောင် ပေးမယ်။ ကိုယ့်ကိုယ်တစ်စုံတစ်ခု ကူညီပေးမယ်။ ဒီလိုအခြေအနေမျိုးမှာ ‘ကျေးဇူးတင်ပါတယ်’ဆိုတဲ့စကား ရင်ထဲကနေလှိုက်လှိုက်လှဲလှဲ ပြောကြည့်ပါလား။ လုပ်ပေးရသူရော စိတ်ထဲမှာပီတိဖြာပြီး ကျေနပ်မသွားနိုင်ဘူးလား။ ကိုယ့်အတွက် ပိုပြီး လုပ်ပေးချင်စိတ်တွေ ပေါ်လာမှာမဟုတ်ပါလား။

‘မင်းဘယ်လိုထင်သလဲ’

ပတ်ဝန်းကျင်ဆိုတာ ကိုယ့်အတွေးကိုယ့်အမြင်တစ်ခုတည်းနဲ့ တည်ဆောက်ထားတာမဟုတ်ပါဘူး။ အဲဒီတော့ ကိုယ်ပဲအမြဲဦးဆောင်မယ်။ ပတ်ဝန်းကျင်ကို နောက်လိုက်ခိုင်းမယ်လို့ စိတ်မကူးပါနဲ့။ သူတို့ မှာလည်း ကိုယ်ပိုင်စိတ်ကူး၊ ကိုယ်ပိုင်အမြင်ဆိုတာ ရှိကြပါတယ်။ အဲဒီတော့ ‘ခင်ဗျားရောဘယ်လို ထင်သလဲ’ ဆိုတဲ့စကားလေးပေါ့။ ဒီစကားလေးက သူတို့ကိုအရေးပေးရာလည်း ရောက်တယ်မဟုတ်ပါလား။

‘မင်းကိုယုံကြည်တယ်’
ယုံကြည်မှုဆိုတာ လူတိုင်းမျှော်လင့်တောင့်တတဲ့အရာပါ။ ကိုယ့်ဆီက မျှော်လင့်ထားတဲ့ယုံကြည်မှု သူတို့ ရသွားရင် ဘယ်လိုခံစားရမလဲ...။ ပျော်ရွှင်မှာပေါ့။ အဲဒီတော့ သူတို့တွေပျော်ရွှင်သွားစေဖို့ ကိုယ့် ယုံကြည်မှုလေးတွေ ပုံအပ်ရင် မကောင်းဘူးလား။

‘မင်းကိုနားလည်တယ်’
တစ်ခါတလေတော့ တစ်ဖက်သားရဲ့အပြုအမူ၊ ပြောစကားလေးတွေကို ကိုယ်တစ်ယောက်တည်း နားလည် နေရုံနဲ့တင် မလုံလောက်ပါဘူး။ အမူအရာလေးတွေ၊ ပြောစကားလေးတွေနဲ့ ဖော်ပြပေးဖို့လိုပါတယ်။ သူကိုယ့်အတွက် ကူညီတဲ့အချိန်တိုင်း အကူအညီကိုနားလည်ကြောင်း ပြသမှာပါ။ ဒါမှလည်း နောက် တစ်ကြိမ် ကူညီဖို့ခွန်အားတစ်ခုဖြစ်စေမှာ မဟုတ်ပါလား။

‘တောင်းပန်ပါတယ်’
ကျေးဇူးတင်စကားပြောတတ်ပေမဲ့ တောင်းပန်စကားကိုပြောဖို့ လူတိုင်းနှုတ်ဖျားက တွန့်ဆုတ်နေတတ်ကြပါ တယ်။ ဘာကြောင့်လဲ...။ တကယ်တော့ နှလုံးသားထဲက နှစ်နှစ်ကာကာ ကျေးဇူးတင်တတ်ရင် ‘တောင်းပန်ပါတယ်’ ဆိုတဲ့စကားကို နက်နက်ရှိုင်းရှိုင်းပြောပြဖို့ မကောင်းဘူးလား။ ကိုယ့်ရဲ့အမှားတိုင်း အတွက် တောင်းပန်တတ်အောင် ကြိုးစားကြည့်ပါ။

‘ခွင့်လွှတ်တယ်’
ကျေးဇူးတင်စကား၊ တောင်းပန်စကားတွေတောင် နှစ်နှစ်ကာကာပြောတတ်လှပြီဆို ‘ခွင့်လွှတ်တယ်’ ဆိုတဲ့ စကားရော မပြောတတ်စရာဘာရှိလဲ။ ခွင့်လွှတ်တာက နှုတ်ကပြောရတာ လွယ်ပါတယ်။ ကိုယ်တိုင် စိတ်ကသာလက်ခံဖို့ ခက်ခဲနေတာပါ။ တကယ်တော့လည်း ‘ခွင့်လွှတ်တယ်’ ဆိုတာ ကိုယ့်စိတ်ကိုယ် ချမ်းသာခွင့် ပေးလိုက်တာပါ။

ဝဿန်


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment