ဒီတစ်ပတ်တော့
စားချင်နေတဲ့ ငါးသလောက်လေးကို တစ်ရက်ကြိုပြီးဆားနယ်ထားလိုက်တယ်။ ငါးသလောက်ဆားနယ်လေးကိုပဲ
မန်ကျဉ်းရေလေးနဲ့ ဆီမပြန့်တပြန်လေးချက်မယ်။ မယ်တော်မားသားနဲ့ ကျွန်တော် အရမ်းကြိုက်တဲ့ဟင်းလေးတစ်ပွဲပေါ့နော်။
ပြီးတော့ ရာသီပေါ်ကြောင်လျှာသီးလေးကိုသုပ်မယ်၊ အရည်သောက်အတွက်ကတော့ ဒီအချိန်မှာပေါတဲ့
ပိန်းရိုးကို ဟင်းခါးပူပူလေးချက်မယ်။ ဒီလောက် ဆိုရင်တော့ ဒီတစ်ပတ် နားရက်လေးမှာ မယ်တော်မားသားနဲ့ကျွန်တော်တို့
သားမိနှစ်ယောက်အတွက် စားလို့ကောင်းမှာ သေချာတဲ့ ဟင်းပွဲတစ်ပွဲအစပ်လေးရပြီပေါ့။
ငါးဆားနယ်ဆီပြန်
ငါးသလောက်ကိုပဲ
ဆားနယ်ထားတာပြီးဖြစ်တယ်။ ငါးကို သေချာအကြေးထိုး၊ အရိုးထွင်ရ လွယ်အောင် အတုံးခပ်ကြီးကြီးတုံး၊
ဆားခပ်များများလေးနဲ့နယ်ပြီး တစ်ညအိပ်ထားလိုကရုံပါပဲ။ ချက်ခါနီးမှ ဆန်ဆေးရေ လေးနဲ့ခဏစိမ်၊
ပြီးမှ ရေသေချာပြန်ဆေးပြီး ရေစစ်ထား၊ ငရုတ်သီးအရောင်တင်မှုန့်၊ ကြက်သွန်ဖြူနီကို ရောထောင်းထား၊
မန်ကျည်းမှည့်ကိုရေဆေးပြီး ရေနွေးအဖြူပူပူနဲ့ပြန်စိမ်ထား၊ ရှမ်းနံနံကို ရေသေချာဆေးပြီး
အနေတော်လှီးထား၊ ဆီပူလာရင် ငရုတ်သီးအရောင်တင်မှုန့်နဲ့ ကြက်သွန်ဖြူနီရောထောင်းထားတာကို
နနွင်း မှုန့်နည်းနည်းထည့်၊ ဆီသတ်၊ စိမ်းနံ့ပျောက်ပြီး မွှေးလာပြီဆိုမှ ငါးထည့်ပြီး ခပ်ဖွဖွမွှေပေး၊
ရေထည့်ပြီးကျက် အောင်တည်ထား၊ ဆီကျန်ရေကျန်လေးနဲ့ ဆီမပြန့်တပြန်လေးဖြစ်လာပြီဆိုမှ မန်ကျည်းမှည့်အနှစ်လေးထည့်၊
ငရုပ်သီးစိမ်းလေးပါ ဓါးပြားရိုက်ထည့်၊ အရသာမြည်းကြည့်လို့ ချိုချဉ်ငံစပ်လေးစိတ်ကြိုက်ရပြီဆိုမှ
အပေါ်ကနေ ရှမ်းနံနံလေးအုပ်လိုက်တော့ ပိုမွှေးသွားတာပေါ့နော်။ ဆီပြန်ဟင်းဆိုပေမယ့် ဆီမပြန့်တပြန်
ဆီကျန်ရေကျန် ပုံမျိုးလေးချက်ထားတော့ ထမင်းနဲ့နယ်စားလို့ကတော့ ကောင်းမှကောင်းပဲပေါ့
ဆွေမျိုးတို့ရာ။
ကြောင်လျှာသီးသုပ်
ကြောင်လျှာသီးနုနုကို
ပါးပါးလှီးပြီးဆားနဲ့နယ်၊ ပြီးမှရေစင်စင်ဆေး၊ ရေပြန်ညှစ်ထား၊ ကျွန်တော်က တော့ ကြွပ်ကြွပ်လေးစားချင်လို့
ရေနွေးနဲ့ပြန်မစိမ်တော့ဘဲ အစိမ်းပဲသုပ်တော့မယ်။ ကြက်သွန်နီဆီချက် ချက်ထား၊ ကြက်သွန်နီကိုလည်း
မထူမပါးလှီး၊ ရေဆေး၊ ရေပြန်ညှစ်ထား၊ မြေပဲကို မညက်တညက်ထောင်း ထား၊ ငါးကချဉ်စပ်လေးချက်ထားတော့
သူ့ကိုတော့ အချိုလေးပဲသုပ်တော့မယ်။ ကြောင်လျှာသီး၊ ကြက်သွန်နီ၊ မြေပဲမှုန့်၊ ဆီချက်၊
ပုဇွန်ငံပြာရည်၊ သံပုရာရည်သင့်ရုံထည့်ပြီး ခပ်ဖွဖွလေးနယ်ပေးလိုက်ရင် ချဉ်တင်တင် သက်
တက်တက်နဲ့ ကြွပ်ကြွပ်လေးဖြစ်နေတဲ့ ကြောင်လျှာသီးသုပ်တစ်ပွဲရပြီပေါ့နော်။
ပိန်းရိုးဟင်းခါး
ပိန်းရိုးကို
အပေါ်ယံအခွံနဲ့ အမျှင်တွေဖယ်၊ လက်နှစ်ဆစ်လောက်ပိုင်းထားပြီးမှ အအေးပြန်ခံပြီး ရေပြန်ညှစ်ထား၊
ပုဇွန်ခြောက်ကို မညက်တညက်ထောင်းထား၊ ငရုတ်ကောင်းနဲ့ကြက်သွန်ဖြူကို ရောထောင်း ထား၊ ရေနွေးဆူလာရင်
ငရုတ်ကောင်းနဲ့ကြက်သွန်ဖြူရောထောင်းထားတာရယ်၊ ပုဇွန်ခြောက်မှုန့်ရယ်၊ ငါးငံပြာ ရည်သင့်ရုံထည့်၊
အရသာစိတ်ကြိုက်ရပြီဆို မှ ပိန်းရိုးထည့်။ ဒါဆိုရင်တော့ ပိန်းရိုးဟင်းခါးပူပူ မွှေးမွှေးလေး
ရပြီပေါ့။
ဒီတစ်ပတ်ကတော့
ဒီလောက်ပဲပေါ့ ဆွေမျိုးတို့ရာ
နောက်တစ်ပတ်မှ
နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment