ဝက်သားလုံးဆီပြန်၊ မှိုကြော်၊ ကန်စွန်းရွက်ချဉ်ရည်ဟင်း




ဒီတစ်ပတ်တော့ မယ်တော် မားသားစားချင်နေတဲ့ ဝက်သားလုံးလေးကို ဂျူးမြစ်လေးနဲ့လုံးပြီး ဆီပြန်ချက်မယ်။ ပြီးတော့ ရာသီပေါ်မှိုလေးကို ငရုတ်သီးစိမ်းလေးနဲ့ ခပ်စပ်စပ်လေးကြော်လိုက်မယ်။ မှိုရော ဝက်သားပါ ချက်ထားတယ်ဆိုတော့ တက်စာတွေကြီးဖြစ်နေပြန်ရော၊ အဲဒါကြောင့် အရည်သောက် ဟင်းကိုတော့ လယ်ကန်စွန်း အနီလေးတွေကိုပဲ ချဉ်ရည်ဟင်းချက်လိုက်တော့မယ်။ ဒါမှ မယ်တော်မားသား လည်း စားလို့အဆင်ပြေတာပေါ့နော်။

ဝက်သားလုံးဆီပြန်

ဝက်သားကို လိုင်းသားသုံးပါမယ်။ ဝက်သားမစားတဲ့သူလည်း ကြက်ရင်ပုံသားကို အစားထိုးသုံးလိုက် ပေါ့နော်။ အမဲသားကြိုက်လည်း အမဲသား၊ ဆိတ်သားကြိုက်လည်း ဆိတ်သား ကြိုက်နှစ်သက်ရာ သုံးလို့ရပါတယ်။ အရင်ဆုံး ဝက်လိုင်းသားကို အသားလေးတွေချည်းပဲ စဉ်းထားလိုက် မယ်။ ပြီးတော့ ဂျူးမြစ်ကို လက်တဆစ် လောက်လေးဖြတ်၊ ရေစင်စင်ဆေးပြီးမှ ကြေတဲ့အထိထုပြီး အရည်တွေ ညှစ်ထုတ် ပစ်လိုက်မယ်။ ပြီးမှ ခုနကစဉ်းထားတဲ့ဝက်သားနဲ့ရောပြီး သမအောင်နယ်။ အရသာအပေါ့အငံ ထည့်၊ ခပ်စပ်စပ်လေးဖြစ်ချင်ရင်တော့ ငရုတ်သီးစိမ်းလေးပါနည်းနည်းထည့်လိုက်ပေါ့။ အားလုံးထည့်ပြီး သမ အောင်နယ် ပြီးမှ အလုံးလေးတွေလုံးထား၊ ကြက်သွန်ဖြူကို ဓါးပြားရိုက်စဉ်းထားတာကို အရင်ဆီသတ်။ ပြီးမှ ခုနကလုံးထားတဲ့ ဝက်သားလုံးလေးတွေထည့် နနွင်းမှုန့်လေးနည်းနည်းထည့်ပြီး အသာလေးမွှေပေး၊ ရေလေးနည်းနည်းထည့်၊ ရေခန်းလို့ဆီပြန်လာပြီဆိုရင် စားနေကျနဲ့မတူတဲ့ ဝက်သားလုံးဆီပြန်ဟင်း တစ်ခွက်ရပြီပေါ့။ ဂျူးမြစ် အရသာခပ်ချိုချိုစပ်စပ်လေးနဲ့ဆိုတော့ စားရတာ အရသာကတစ်မျိုးလေးနဲ့ စားလို့ကောင်းတာပေါ့။

မှိုကြော်

အခုချိန်က မိုးဦးကျခါစဆိုတော့ မှိုတွေလည်း မျိုးစုံပေါ်ပြီပေါ့နော်။ မယ်တော်မားသားကတော့ တောင်ပို့မှို တွေရလို့ ဝယ်လာတာဆိုတော့ ကောင်းမှကောင်းပဲပေါ့နော်။ မှိုတွေကို ရေသေချာဆေး၊ အနေတော် လေးတွေဖဲ့ထား၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ရောထောင်းထား၊ ပြီးရင် နနွင်းမှုန့်နည်းနည်း ထည့်ဆီသတ်၊ မှိုထည့်၊ အရသာအတွက်က ပုဇွန်ငံပြာရည်နည်းနည်းနဲ့ ကြက်သားမှုန့်နည်းနည်း ထည့်ရင်ရပါပြီ။ ဒါဆိုရင်တော့ စားလို့ကောင်းမှာသေချာတဲ့ မှိုကြော်တစ်ပွဲရပြီပေါ့နော်။ အဆိပ်ပြေအောင် ငရုတ်သီးစိမ်းလေးပါ နည်းနည်း ထည့်ထားတော့ မွှေးလည်းမွှေး၊ စားလို့လည်းပိုကောင်းတာပေါ့။

ကန်စွန်းရွက်ချဉ်ရည်ဟင်း

ဝက်သားရော မှိုပါချက်ထားတော့ အဆိပ်လည်းပြေ၊ မယ်တော်မားသားလည်းသွေးမတိုးအောင် လယ်ကန်စွန်း ရွက်လေးတွေကို မန်ကျဉ်းမှည့်လေးနဲ့ ချဉ်ရည်ဟင်းလေးချက်လိုက်မယ်။ ကန်စွန်းရွက် လေးတွေကိုခြွေ၊ ရေသေချာဆေး၊ ရေစစ်ထား၊ အချိုလေးအောင် ငါးနီခြောက်လေးတွေပါ ဟင်းခပ်အနေနဲ့ နည်းနည်းထည့် လိုက်မယ်။ ငါးနီတူခြောက်လေးတွေကို ခေါင်းရောဗိုက်ပါခြွေထားမှ မခါးတော့ပဲ အနံ့လည်း သက်သာတာပေါ့နော်။ မန်ကျည်းမှည့်ကိုရေသေချာဆေးပြီး ရေနွေးပူပူနဲ့စိမ်ထား၊ ကြက်သွန်နီမထူမပါး လှီးထားတာကို ဆီနည်းနည်းနဲ့ နနွင်းမှုန့်နည်းနည်းထည့်ပြီး ဆီသတ်၊ စိမ်းနံ့ပျောက်ပြီဆိုမှ ငါးနီတူခြောက် ထည့်၊ ပုဇွန်ငံပြာရည် နည်းနည်းထည့်ပြီးခဏလုံးပေး၊ ပြီးရင် ကန်စွန်းရွက်ခြွေထားတာထည့်ပြီး ရေသင့်ရုံ ထည့်၊ ရေဆူလာရင် မန်ကျည်းမှည့်ရည်ထည့်ပြီး အရသာအပေါ့အငံ စိတ်ကြိုက်ရပြီဆိုရင် ချိုချိုချဉ်ချဉ်လေး နဲ့ကန်စွန်းရွက်ချဉ်ဟင်း တစ်ခွက်ရပြီပေါ့နော်။

ဒီတစ်ပတ်တော့ ဒီလောက်ပဲ ချက်ကြတာပေါ့ ဆွေမျိုးတို့ရာ၊ နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့။


အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment