အရှိန်လွန်တာကို ဘယ်လိုလျှော့ချမလဲ









သတ်မှတ်မိုင်နှုန်းထက်ကျော်လွန်မောင်းနှင်တာဟာ ဥပဒေချိုးဖောက်ရာရောက်သလို ဂက်စ်ကားဖြစ်နေရင် ဂက်စ်ဖြုန်းတီးရာလည်းရောက်မှာ အသေအချာပါပဲ။ ဒါ့အပြင် အရေးအကြီးဆုံးအချက်ကို ပြောရမယ်ဆိုရင် တော့ ဒါဟာ အသက်အန္တရာယ်ကို အနီးစပ်ဆုံးအန္တရာယ်ပေးနိုင်တဲ့အချက်လည်း ဖြစ်နေပါတယ်။ လူငယ် လူရွယ်တွေအတွက် လူငယ်ဆန်ဆန် ကားကိုမြန်နှုန်းမြှင့်တင်မောင်းခြင်းက ဖက်ရှင်တစ်ခုလို ဖြစ်နေပေမယ့် တကယ်တော့ ဒီလိုမောင်းနှင်မှုကြောင့် ကိုယ့်ကိုထိခိုက်စေနိုင်သလို ပတ်ဝန်းကျင်ကိုလည်း မလိုလားအပ်တဲ့ ထိခိုက်နာကျင်စေမှုတွေဖြစ်စေမှာ အသေအချာပါပဲ။ တစ်ခါတရံမှာ ကိုယ်က သတ်မှတ်ထားတဲ့မိုင်နှုန်းကို သတိမထားမိဘဲ ကျော်လွန်သွားတာ၊ ဒါမှမဟုတ် အလုပ်ကို အလျင်စလိုနဲ့သွားဖို့ရှိနေတာကြောင့် အရှိန် တင်မိတာ၊ ယာဉ်ထိန်းရဲမမြင်နိုင်ပါဘူးလေဆိုတဲ့ ဆင်ခြေတစ်ခုနဲ့ ကားကိုအရှိန်မြှင့် မောင်းနှင်မိတာ၊ ဘယ်လို ခိုင်လုံတဲ့အကြောင်းပြချက်မျိုးပဲရှိနေပါစေ ကားတစ်စီးကို သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်း နှင်တယ်ဆိုတာ အန္တရာယ်ကင်းကင်းနဲ့ ခရီးသွားချင်သူအားလုံးအတွက် ရှောင်ရှားရမယ့်အချက်တစ်ခု ဖြစ်နေတာပါ။ ဒါကြောင့် ကားတစ်စီးကို အမှုမဲ့အမှတ်မဲ့ အရှိန်တင်မောင်းနှင်နေမိပြီဆိုရင် ဘယ်လိုအရှိန် လျှော့ချသင့်တယ်ဆိုတာကို အကြံပြုပေးပါရစေ။

Cruise Control သုံးပါ

တစ်ခါတရံမှာ လူတွေဟာ မလုပ်သင့်တဲ့ကိစ္စတစ်ခုကို သိနေလျက်နဲ့ မသိလိုက်မသိဘာသာ ကျူးလွန်မိလေ့ ရှိပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးကို ကားမောင်းနှင်နေသူတစ်ယောက်အနေနဲ့ ကြုံတွေ့လာရပြီဆိုရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါကြောင့် ကားမှာ Cruise Control တပ်ဆင်ထားသင့် ပါတယ်။ Cruise Control ဆိုတာကတော့ သတ်မှတ်ထားတဲ့အရှိန် ကျော်လွန်လာ တဲ့အခါမှာ အလိုအလျောက် သတိပေးနိုင်တဲ့စနစ်တစ်ခုပါပဲ။ ကွန်ပျူတာစနစ်နဲ့ သတ်မှတ်ထားတဲ့အရှိန်ကို နည်းနည်းလေးကျော်လွန်လိုက်တာနဲ့ အချက်ပေးခေါင်းလောင်းသံ ထွက်ပေါ်လာမှာဖြစ်ပြီး အန္တရာယ်နဲ့ဝေး ရာဆီ ကိုယ့်ကို ခေါ်ဆောင်သွားနိုင်မှာပဲဖြစ်ပါတယ်။

အမြန်မောင်းချင်စိတ်ကို သတ်ထားပါ

ကားနဲ့ပတ်သက်လာရင် အမြန်မောင်းရမှ အာသာပြေမယ်ဆိုရင်တော့ ဒီစိတ်ကိုအရင်ဆုံး သင်းသတ် ထားနိုင်ဖို့ လိုအပ်မှာပဲဖြစ်ပါတယ်။ အကယ်၍ ခရီးတစ်ခုမထွက်ခင် ပြိုင်ကစားမောင်းတဲ့ဂိမ်းတစ်ခုကို အမြင့်ဆုံးအရှိန်အထိတင်ပြီး မောင်းနှင်ရင်း ကိုယ့်ရဲ့အာသာဆန္ဒကို ဖြေဖျောက်လိုက်တာမျိုး လုပ်ပစ်သင့် တာပါ။ ဖုန်းနဲ့ပဖြစ်ဖြစ်၊ ကွန်ပျူတာစနစ်နဲ့ ချိတ်ဆက်ပြီးတော့ပဲဖြစ်ဖြစ် စိတ်လိုလက်ရအရှိန်တင် မောင်းနှင်ရင်း ကိုယ့်ကို အန္တရာယ်ကျရောက်စေမယ့် စွန့်စားမှုထဲက ရုန်းထွက်နိုင် မှာဖြစ်ပါတယ်။ ဒါဟာ ကလေးဆန်တယ်လို့ ထင်ချင်စရာရှိပေမယ့် စိတ္တဗေဒသဘောအရ ကိုယ့်ရဲ့ဆန္ဒကို တစ်နေရာမှာ မီးရှို့ပစ်လိုက်သလို ဖြစ်သွားတာကြောင့် အမှန်တကယ် အရှိန်မြှင့်မောင်းနှင်လိုမှုကို အတိုင်းအတာ တစ်ခုအထိ ချိုးနှိမ်ပစ်လိုက်နိုင်မှာ အသေအချာပါပဲ။

ဒိုင်ခွက်ကို မေ့မထားနဲ့
ကားမောင်နှင်သူတစ်ဦးအနေနဲ့ ဘယ်တော့မှ မေ့မထားသင့်တဲ့အထဲမှာ ဒိုင်ခွက်ကလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ခေတ်မီကားအတော်များများဟာ ဇိမ်ခံကားတွေ ဖြစ်နေသလို ကားပြူတင်းပေါက်တွေအားလုံးကို အလုံပိတ်မောင်းနှင်နေတာကြောင့် တစ်ခါတရံမှာ ကိုယ့်ကားအရှိန် ဘယ်လောက်မြင့်နေပြီဆိုတာကို သတိမထားမိဘဲ ရှိတတ်ကြတာပါ။ အထူးသဖြင့် လမ်းရော ကားပါ အပြစ်ပြောစရာမရှိလောက်အောင် ပြည့်စုံနေချိန်မှာ ကားမောင်းသူတစ်ဦးဟာ အရှိန်ရဲ့လှည့်စားခြင်းခံ ရတတ်ပါတယ်။ ဒါကြောင့် အန္တရာယ်ကင်းကင်းနဲ့ လိုရာပန်းတိုင်ကိုရောက်ဖို့ဆိုရင် သတ်မှတ်မိုင်နှုန်းထက် မကျော်လွန်အောင် ဒိုင်ခွက်ကို သတိမလွတ်တမ်းကြည့်နေနိုင်ဖို့ မဖြစ်မနေလိုအပ်မှာ ဖြစ်ပါတယ်။

ကြိုလုပ်တတ်တဲ့အကျင့် ရှိနေပါစေ

ဒါကတော့ ကားမောင်းနှင်မှ မဟုတ်ဘဲ ဘယ်နေရာမှာဖြစ်ဖြစ် အရေးပါတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ ကိုယ်သွားရမယ့်ခရီးအကွာအဝေးက တစ်နာရီနဲ့ရောက်မယ့် အတိုင်းအတာမျိုးမှာ ရှိနေစေဦးတော့ ကိုယ့် ဘက်က တစ်နာရီခွဲလောက်ကတည်းက ကြိုတင်ထွက်ထားသင့်တာပါ။ ဒါမှ လမ်းမှာ မမျှော်လင့်တဲ့ အဆီး အတားတစ်ခုနဲ့ကြုံလာရင်တောင် ကိုယ်ရည်ရွယ်ရာဆီ အချိန်ကိုက်ရောက်မှာ ဖြစ်ပါတယ်။ အဲလိုမဟုတ်ဘဲ နောက်ကျပြီး အိမ်ကထွက်မယ်ဆိုရင်တော့ အလျင်စလို မောင်းနှင်ရမှုတွေ ရှိလာနိုင်သလို အန္တရာယ် များတဲ့အခြေအနေမျိုးလည်း ဖြစ်သွားမှာပါ။ ဒါကြောင့် ကားမောင်းနှင်သူတစ်ဦးအနေနဲ့ ကိုယ့်ကိုယ်ကို ဖိအားမဖြစ်စေရအောင် ချိန်းဆိုထားတဲ့နေရာကိုပဲ ဖြစ်စေ၊ အလုပ်ကိုပဲဖြစ်စေ ကိုယ်တိုင်ကားမောင်းသွား ရတော့မယ်ဆိုရင် သတ်မှတ်ချိန်ထက်စောပြီး အိမ်က ထွက်သင့်ပါတယ်။

ဘယ်လိုအပြစ်ပေးခံရနိုင်လဲ တွက်ပါ

ကားကို အရှိန်တက်မိပြီဆိုတာနဲ့ တစ်ခါတည်းတွက်ချက်ထားသင့်တာကတော့ ဒီလို မိုင်ကျော် မောင်းနှင်မှု ကြောင့် ဒဏ်ငွေဘယ်လောက်တပ်ရိုက်ခံရနိုင်တယ်ဆိုတာကို အလိုအလျောက်တွက်ချက်ထားဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်ဘက်က စည်းကမ်းဖောက်ဖျက်တာဖြစ်လို့ ပေးဆောင်ရမယ့်ဒဏ်ကြေးငွေကလည်း အပြစ်ပေးမယ့်သူ အပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲသွားနိုင်တာပါ။ ဒါအပြင့် ဒီပြစ်မှုကို အကျယ်ချဲ့ ချင်ရင်ချဲ့သလို ကြီးလာနိုင်တာကြောင့် အပြစ်ပေးခံရမယ့်အရေးတွေးရင်းနဲ့လည်း အမြန်မောင်းနှင်လို စိတ်ကို သတ်ပစ်နိုင်မှာ ဖြစ်ပါတယ်။

အာကာထက်ဝေ


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment