ဝက်နံရိုးတညင်းသီးနှပ်၊ ကျောက်ဖရုံသီးဟင်းချို၊ စောင်းလျားသီးသုပ်။



ဒီတပတ်ကတော့ သူ့ရာသီရောက်လာတိုင်း မစားရမနေနိုင်တဲ့ တညင်းသီးကို ၀က်နံရိုးနဲ့နှပ်မယ်။ တညင်းသီးစားပြီဆိုတော့ အဆိပ်လေးလည်းပြေအောင်ကျောက်ဖရုံသီးကို ကြက်ရိုးနဲ့ဟင်းချိုလေးတစ် ခွက်ချက်မယ်။ ပြီးတော့ ရာသီပေါ် စောင်းလျားသီးအချဉ်သီးကို ချဉ်စပ်လေးသုပ်မယ်။ ဒါဆိုရင်တော့ စားလို့ကောင်းမှာသေချာတာပေါ့ ဆွေမျိုးတို့ရာ။ ညကတည်းက မယ်တော်မားသားကို ဒီတပတ်နား ရက်မှာချက်မယ့် ဟင်းပွဲအတွဲအစပ်လေးကြိုပြောထားပြီဆိုတော့ မယ်တော်မားသားလည်း မနက်ကျ ဈေးသွား၊ ဟင်းပွဲအတွက်လိုအပ်တာလေး ၀ယ်လာပေးတယ်ပေါ့နော်။ ဒီတော့ မယ်တော်မားသား ဈေးကနေပြန်လာတာနဲ့ သားမိနှစ်ယောက် ချက်ရေးပြုတ်ရေးစကြတယ်ဆိုပါတော့။

ဝက်နံရိုးတညင်းသီးနှပ်
ဝက်နံရိုးကိုမလိုတဲ့အဆီတွေဖယ်၊ ရေနဲ့သေချာဆေး၊ ပုဇွန်ငံပြာရည်နဲ့နယ်ပြီး ခဏနှပ်ထား၊ တညင်း သီးကို ထန်းလျက်ခဲအညိုနဲ့ ဆားထည့်ပြီးပြုတ်၊ ငါးမိနစ်လောက်ပြုတ်ပြီးရင် ရေတွေသွန်ပစ်ပြီးမှ အဲ့ အတိုင်းတစ်ခါပြန်ပြုတ်၊ သုံးခါလောက်အဲ့လိုပြုတ်ပြီးရင် အခွံခွာရေစင်စင်ဆေးပြီးနည်းနည်းထုထား၊ ခုနကနှပ်ထားတဲ့ဝက်နံရိုးကို ငရုတ်သီးအပွတောင့်၊ ကြက်သွန်ဖြူနီရောထောင်းထားတာနဲ့ နနွင်းမှုန့် နည်းနည်းထည့်ဆီသတ်ထားတဲ့ အထဲထည့်ပြီး ရေခန်းထဲ့အထိလုံးပေး။ ပြီးမှရေနည်းနည်းချင်းထည့် ပြီးနူးအောင်တည်၊ ၀က်နံရိုးတစ်ဝက်လောက်နူးပြီဆိုမှ ခုနက တညင်းသီးထည့်၊ အရသာအပေါ့ အငန် လိုရင် ကြက်သားမှုန့်၊ ဆား၊ သကြားသင့်ရုံထည့်ပေါ့နော် ၀က်နံရိုးရော တညင်းသီပါနူး၊ အရသာ လည်း အဆင်ပြေ၊ ဆီကျန်ရေကျန်လေးလည်းဖြစ်ပြီဆိုရင်တော့ ၀က်နံရိုးတညင်းသီးနှပ်ဟင်းတစ်ခွက် ရပြီပေါ့နော်။

ကျောက်ဖရုံသီးဟင်းချို
ကျောက်ဖရုံသီးကို ကြက်ရိုးလေးနဲ့ ပဲဟင်းချိုလေးချက်လိုက်မယ်။ ဒါဆိုရင်တော့ တညင်းသီးစားထား တဲ့ အဆိပ်လေးလည်းပြေ၊ ဟင်းချိုလေးလည်းတစ်ခွက်ရတာပေါ့နော်။ ကြက်ရိုးကိုရေသေချာဆေးပြီး ဆားလေးနည်းနည်းထည့်ပြီး ပြုတ်ထား၊ ကြက်သွန်ဖြူလေး ဓါးပြားရိုက်ပြီးထည့်၊ ကြက်ရိုးပြုတ်နေ တုန်းလေး ကျောက်ဖရုံသီးကို ရေဆေးအခွံခွာ အနေတော်လေးတွေတုံးထား၊ တရုတ်နံနံလေးကို လည်း ရေသေချာဆေးပြီးလှီးထား။ ကြက်ရိုးနူးပြီဆိုရင် ကျောက်ဖရုံသီးထည့်၊ အရသာအတွက်က ကြက်သားမှုန့်လေး နည်းနည်းလိုက်ပေးပေါ့နော်။ ကျောက်ဖရုံသီးလည်း နူးအရသာလည်း စိတ်ကြိုက် ရပြီဆိုရင် တရုတ်နံနံလေးအပေါ်ကနေအုပ်ပေးလိုက်ရင် အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်တဲ့ ကျောက်ဖရုံသီး ဟင်းချိုတစ်ခွက်ရပြီပေါ့ဆွေမျိုးတို့ရာ။

စောင်းလျားသီးသုပ်

စောင်းလျားသီးကိုစောင်းလေးတွေ ခပ်ပါးပါးလှီးပြီးရေသေချာဆေး နှစ်ခြမ်းခွဲပြီးမထူမပါးလှီးထား၊ ပုဇွန် ခြောက်မှုန့်လေးမညက်တညက် ထောင်းထား၊ ကြက်သွန်နီမထူမပါးလှီးထား၊ ငရုတ်သီးစိမ်းလေးလည်း လှီးထား၊ နှမ်းနက်လေးကိုလှော်ထား၊ စိမ်းစားပုဇွန်ငါးပိလေးနည်းနည်းကို မီးပြထား၊ ပြီးရင် စောင်း လျားသီး၊ ပုဇွန်ခြောက်မှုန့်၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ စိမ်းစားပုဇွန် ငါးပိမီးပြထားတာကို ပဲဆီလေးပါ ထည့်နယ်။ အရသာမြည်းကြည့်လို့ ချဉ်ငံစပ်လေးနဲ့ စိတ်ကြိုက်ရပြီဆိုမှ အပေါ်ကနေ နှမ်းနက်လှော် လေး ဖြူးပေးလိုက်ရင် ၀က်နံရိုးတညင်း သီးနှပ်လေးရယ် ကျောက်ဖရုံသီး ဟင်းချိုလေးရယ်နဲ့ အရမ်း လိုက်ဖက်တဲ့ စောင်းလျားသီးသုပ်တစ်ပွဲ ရပြီပေါ့နော်။ ဒီတစ်ပတ်ကတော့ ဒီလောက်ပဲချက်ကြတာ ပေါ့နော်။

နောက်တစ်ပတ်မှနောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့။
အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
 --------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment