စမတ်ဖုန်းကိုအလျင်အမြန် အသုံးပြုနိုင်စေမယ့် Quick Click



Android OS ဟာ Open Source အခြေပြု OS တစ်ခုဖြစ်တာကြောင့် အသုံးပြုသူတွေအတွက် လိုအပ်ချက်တွေ ကို နီးစပ်ရာ developer တွေကနေ ဖြည့်ဆည်းရေးသားပေးလေ့ရှိကြပါတယ်။ နီးစပ်ရာလို့ဆိုတဲ့နေရာမှာ ကိုယ့်ဒေသနယ်ပယ်အလိုက် လိုအပ်ချက်လေးတွေကို ဖြည့်ဆည်းရေးဆွဲပေးတဲ့သူတွေရှိသလို စိတ်ကူးကောင်း ကောင်းနဲ့ လက်တွေ့အသုံးဝင်မှုကို ဦးစားပေးပြီး ကမ္ဘာတစ်ဝန်းက android User တွေအတွက် ရေးဆွဲ ဖြန့်ဝေပေးနေသူတွေလည်း အများအပြားရှိကြပါတယ်။ စမတ်ဖုန်းဈေးကွက်မှာ android ဖုန်းတွေ တွင်ကျယ် လာတာကလည်း app ရေးသားတဲ့ Developer တွေအဖို့ စဉ်းစားတွေးခေါ်မှုအသစ်တွေ၊ တီထွင်မှုအသစ် တွေဖြစ်ပေါ်လာဖို့ တွန်းအားတစ်ခုဖြစ်ခဲ့ပါတယ်။

ဒီလို စဉ်ဆက်မပြတ်စဉ်းစားတွေးခေါ်နေတဲ့ Developer တွေရဲ့ ကျေးဇူးကြောင့် အရင်တုန်းက ဖုန်း brand အလိုက်သာအသုံးပြုနိုင်တဲ့ function အချို့ကို အခုအခါ ဘယ်ဖုန်းမဆို အလွယ်တကူထည့်သွင်း အသုံးပြု လာနိုင်တာမျိုးလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။ စိတ်ကူးအယူအဆကောင်းကောင်းနဲ့ စွန့်ဦးရေးဆွဲထားတဲ့ app အများစုဟာလည်း အသုံးပြုသူတွေအတွက် လွန်စွာအကျိုးရှိပြီး ရယူနိုင်ခဲ့ကြပါတယ်။ အခုတစ်ခါ အလွန်အသုံးဝင်ပြီး android 4.0 နဲ့အထက်ရှိတဲ့စမတ်ဖုန်းတိုင်းမှာ အသုံးပြုနိုင်မယ် Quick Click ဆိုတဲ့ Apps လေးတွေတစ်ခုကို ဖော်ပြပေးချင်ပါတယ်။ ဒီ Apps လေးဟာ စမတ်ဖုန်းရဲ့ Volume Up/Down button ကို အခြေခံပြီး သုံးပြုရမှာဖြစ်တဲ့အတွက် Volume Button ကြံခိုင်မှုအားသိပ်မကောင်းခဲ့ရင် ရေရှည်အသုံးမပြုဖို့ အကြံပေးချင်ပါတယ်။

သူရဲ့အသုံးဝင်ပုံကတော့ Volume Button ရဲ့ လုပ်ဆောင်ချက်တွေကို Apps ထဲကနေ ဝင်ရောက်ထိန်းချုပ်ပြီး တခြား Apps တွေ၊ လုပ်ဆောင်ချက်တွေနဲ့ ချိတ်ဆက်ပေးတာဖြစ်ပါတယ်။ ဥပမာ ဖုန်းဟာ Screen Off ဖြစ်နေတဲ့အချိန်မှာ Volume Button ကနေ ကိုယ်ခေါ်ချင်တဲ့ ဖုန်းနံပါတ်ကို တိုက်ရိုက်ခေါ်ဆိုခိုင်းနိုင်ပါတယ်။ ဒါ့အပြင် Volume Button ကိုနှိပ်ရုံနဲ့ အသံဖမ်းနိုင်မယ်၊ ဓာတ်ပုံရိုက်နိုင်မယ်၊ message ပို့နိုင်မယ်၊ အချက်ပေး အသံတစ်ခုခုမြည်စေမယ် စတဲ့ အရေးပေါ်အခြေအနေတွေမှာအသုံးပြုနိုင်သလို သီချင်းနားထောင်နေတဲ့အချိန် မှာလည်း မူလလုပ်ဆောင်ချက် အသံအတိုးအလျော့ကို ဆက်လက်အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ ဒီ Apps ကို အသုံးပြုဖို့အတွက် Root ပြုလုပ်ဖို့မလိုပါဘူး။

Apps ကိုဖွင့်လိုက်တာနဲ့ တွေ့ရမယ် + ပုံစံနဲ့ Create a new action ဆိုတဲ့ menu ရှိပါတယ်။ စတင်အသုံးပြုဖို့အတွက် အဲဒီ menu ကို နှိပ်ပြီး ကိုယ်ခိုင်းစေချင်တဲ့ action ကိုထည့်သွင်းပါမယ်။ Quick Click မှာပါဝင်လာတဲ့ မူလလုပ်ဆောင်ချက်တွေထဲက ကိုယ်အသုံးပြုချင်တဲ့လုပ်ဆောင်ချက်ကို ရွေးပါမယ်။ Flashlight ကို ရွေးမယ်ဆိုပါစို့။ ရွေးပြီးတာနဲ့ Volume Button ကို နှိပ်ရမယ့်ပုံစံအစီအစဉ်ကို ဆက်လက်ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ ဥပမာ (+) (+) (-) ကို ရွေးချယ်လိုက်ပါ။ ပြီးတာနဲ့ Ready, Finish ကို ဆက်လက်ရွေးချယ်ပေးပါ။ ဒါဆိုရင် ခုချက်ချင်းဖုန်းကို Screen Off ပြုလုပ်ပြီး Volume Button ကို up (+) ကို ၂ချက် Down (-) ကို တစ်ချက် နှိပ်ကြည့်ပါ။ ချက်ချင်း Flashlight ပွင့်လာပါလိမ့်မယ်။ ပြန်ပိတ်ချင်ရင်လည်း ပေးထားတဲ့အတိုင်းပဲ ပြန်နှိပ်ပြီး ပိတ်နိုင်ပါတယ်။

အလားတူပဲ Contact တစ်ခုကို Volume နှိပ်ရုံနဲ့ခေါ်ဆိုနိုင်ဖို့ ထည့်သွင်းပေးထားနိုင်ပါတယ်။ နောက်ထပ် camera ရိုက် ဖို့ vdieo ရိုက်ဖို့လည်း ထည့်သွင်းပေးထားနိုင်သလို ဖုန်းထဲက ကိုယ်တိုက်ရိုက်အသုံးပြုချင်တဲ့ Apps တွေရှိရင်လည်း create new action ပေးတဲ့နေရာက အောက်ဆုံးနားမှာရှိတဲ့ App ကိုရွေးချယ်ကာ ချိတ်ဆက်ထားနိုင်ပါတယ်။

ဒါ့အပြင် configuration ဆိုတဲ့ menu ကတော့ ဖုန်းရဲ့ မူလလုပ်ဆောင်ချက်တွေဖြစ်တဲ့ Wifi, Bluetooth, Mobile Data, Silent, Vibrate အစရှိတဲ့ Toggle On/Off အတော်များများကို ထည့်သွင်းအသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ ထူးခြားချက်တစ်ခုက သတ်မှတ်ထားတဲ့ button sequence အတွင်းမှာ volume button ဟာ next song, previous song အစရှိတဲ့ လုပ်ဆောင်ချက်တွေပါ ပြုလုပ်လာနိုင်မှာဖြစ်ပါတယ်။

မင်းသုနောင်


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment