ကားထဲမှာ ကျောမနာအောင် ဘယ်လိုထိုင်မလဲ


လူတော်တော်များများက ကားထဲမှာအချိန်အကြာကြီး ထိုင်နေရမှာကို ကြောက်ရွံ့တတ်ကြပါ တယ်။ အကြောင်းကတော့ ကားထဲမှာအချိန်ကြာအောင် ထိုင်နေတာနဲ့အမျှ နာကျင်တဲ့ဝေဒနာတွေ ပေါ်ထွက်လာတတ်တာကြောင့်ပါပဲ။ ဒါပေမယ့် ဒီလိုဝေဒနာတွေ ဖြစ်မလာအောင် ကားထဲမှာ သက် သောင့်သက်သာရှိနေစေမယ့် နည်းလမ်းကောင်းတွေလည်း ရှိနေပါတယ်။ ဒီလိုဖြစ်လာဖို့ ဘယ်လို မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ထိုင်နေမလဲဆိုတဲ့နည်းလမ်းကိုတော့ သိထားဖို့လိုအပ်တာပါ။ ဒါမှ ခရီးသွား နေချိန်မှာ ကိုယ့်အနေနဲ့ စမတ်ကျနေစေမယ့်အပြင် မလိုလားအပ်တဲ့ နာကျင်မှုဝေဒနာတွေကိုပါ မောင်းထုတ်နိုင်မှာ ဖြစ်ပါတယ်။ ကားပေါ်မှာ အချိန်အတော်ကြာအောင် ထိုင်နေပေမယ့် ကျောမနာစေ မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးပါရစေ။

ထိုင်ခုံထဲမှာ နစ်မနေစေနဲ့
တကယ်လို့ ကားထိုင်ခုံထဲမှာ လူပျောက်နေရလောက်အောင် ပျင်းပျင်းတွဲတွဲထိုင်နေမယ် ဆိုရင်တော့ သေချာပါပြီ။ ဒါက ကိုယ့်ကို သေချာပေါက်ထိခိုက်စေမယ့်အချက် တစ်ချက်ဖြစ်ပါတယ်။ ကားထိုင်ခုံပေါ်မှာ ခန္ဓာကိုယ်ကို မတ်နေအောင်ထိုင်ရမယ့်အစား ခုံထဲမှာနစ်နေမယ်ဆိုရင် ဟိုနားဒီနား ခရီးအကွာလောက်ဆိုရင်တောင် သေချာပေါက် ကျောနာကျင်လာစေမှာပါ။ ခန္ဓာကိုယ်ကို ကိုင်းညွှတ် ထိုင်နေခြင်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုလုံးရဲ့အလေးချိန်က ကျောရိုးပေါ်ကိုကျရောက်သွားမှာဖြစ် တာကြောင့် တစ်ခဏအတွင်းမှာ ကျောနာတဲ့ဝေဒနာကို ခံစားလာရမှာဖြစ်ပါတယ်။

တင်ပါးအောက်မှာ အ၀တ်ခံပါ
ကားမောင်းနှင်နေချိန်မှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ထိုင်လိုက်နေရရင်ဖြစ်ဖြစ် တင်ပါးအောက်မှာ အ၀တ်တစ်ခုခု ခံထားခြင်းကလည်း ကျောနာတဲ့ဒဏ်ကို အတိုင်းအတာတစ်ခုအထိလျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကားတစ်စီးနဲ့ခရီးသွားရတော့မယ်ဆိုရင် အောက်ကခုထိုင်လို့ရမယ့် အရာတစ်ခု ခု တစ်ပါတည်းသယ်ဆောင်သွားရင် အကောင်းဆုံးဖြစ်မှာပါ။ ကားထိုင်ခုံအများစုက လူကိုကျွံဝင်နေ စေမယ့် ဒီဇိုင်းဖန်တီးထားတာမို့ ဒီလိုခုထိုင်စရာအောက်မှာထားလိုက်တဲ့ အခါ လူရဲ့ထိုင်တဲ့ ပုံစံတစ်မျိုး ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ မျက်နှာသုတ်ပ၀ါ အထူတစ်ထည်လောက် ကိုယ်နဲ့အတူ သယ်သွားနိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။ ဘာကြောင့်လဲဆိုရင်တော့ မျက်နှာသုပ်ပ၀ါက ထိုင်ခုံရဲ့ မျက်နှာပြင်ကို ရေပြင်ညီအတိုင်း ချိန်ညှိပေးနိုင်မှာကြောင့်ပဲဖြစ်ပါတယ်။ ကားထိုင်ခုံပေါ်မှာ ထိုင်ရတဲ့ အခါ လူကနည်းနည်းမြင့်သွားပြီဆိုတာနဲ့ ကျောရိုးနာကျင်မှု သက်သာသွားမှာဖြစ်သလို တင်ပါးနဲ့ ထိုင်ခုံ တစ်သားတဲ့ဖြစ်သွားတဲ့အချိန် ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကလည်း ထိုင်ခုံနဲ့အလိုက် သင့် အလျားသင့်ဖြစ်သွားလို့ သက်သောင့်သက်သာ ပိုရှိသွားစေမှာ အသေအချာပဲဖြစ်ပါတယ်။

လိုအပ်သလို အသုံးပြုတတ်ပါစေ
မျက်နှာသုတ်ပ၀ါ၊ တီရှပ်စတဲ့ ပစ္စည်းတွေကို တင်ပါးအောက်မှာထားပြီး အသုံးပြုတာအပြင် လိုအပ်ရင် လိုအပ်သလိုရွှေ့ပြောင်း အသုံးပြုလို့လည်းရသေးတာပါ။ အဲဒါကတော့ ခါးညောင်းလာတဲ့ အခါ နောက်ကျောနဲ့ကားထိုင်ခုံကြားထဲမှာ ဒီအကူအညီပစ္စည်းကိုထားပြီး အသုံးပြုနိုင်တာပဲဖြစ်ပါ တယ်။ ဒါကတော့ ကားမောင်းနေချိန်အတွင်း ကျောနာလာတဲ့အခါ နောက်ဆုံးအသုံးပြုရမယ့် နည်း လမ်းတွေထဲ တစ်ခုဖြစ်မှာပါ။ ဒီလိုအခြေအနေမျိုးမှာ ပ၀ါ၊ ဒါမှမဟုတ် တီရှပ်စတဲ့ အထောက်အကူ ပြုပစ္စည်းတွေကို တင်ပါးရဲ့အပေါ်နေရာတည့်တည့်မှာထားပြီး အသုံးပြုနိုင်ဖို့ မဖြစ်မနေလိုအပ်မှာဖြစ်ပါ တယ်။ ဘာကြောင့်လဲဆိုရင်တော့ ခန္ဓာကိုယ်တစ်ခုလုံးစာအလေးချိန်ကို ထမ်းပိုးထားရတာကြောင့် နာကျင်နေတဲ့ကျောရိုးကို အထောက်အပံ့ပေးနိုင်အောင်ပါ။ ဒါမှ ခန္ဓာကိုယ်က အလိုအလျောက် ထောင်မတ်သွားမှာဖြစ်ပြီး ကျောနာကျင်တဲ့ဝေဒနာကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာတစ်ခု သတိထားရမှာက ဒီလိုထောင်ထောင်မတ်မတ်ဖြစ်နေတဲ့ ခန္ဓာကိုအနေအထားကို ပြောင်းလဲမပစ် လိုက်ဖို့ပါ။ ခါးကိုပြန်ကိုင်းလိုက်တဲ့အခါ ခါးနဲ့ကျောရိုးတွေ ပြန်လည်ညောင်းညာလာတတ်တာကြောင့်ပဲ ဖြစ်ပါတယ်။

ထိုင်ခုံကို ရွှေ့ပြောင်းပါ

နောက်ထပ်ပြုလုပ်သင့်တဲ့ အချက်တစ်ခုကတော့ ကားထိုင်ခုံနဲ့လက်ကိုင်ဘီးကို ပိုမိုနီးကပ်သွား အောင် ဒါမှမဟုတ် ပိုဝေးသွားအောင် လိုအပ်သလို ချိန်ညှိအသုံးပြုဖို့ပါပဲ။ တစ်ခါတရံမှာ ကားထိုင်ခုံနဲ့ လက်ကိုင်ဘီးရဲ့ အနီးအဝေးမညီမျှမှုကလည်း လူကိုသက်သောင့်သက်သာမဖြစ်စေဘဲ ဝေဒနာတွေ ဖြစ်လာစေတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ်သွားရမယ့် ခရီးအကွာအဝေးကလည်း သာမာန်ထက်ပိုရှည်နေမယ်ဆိုရင် ကျောက သေချာပေါက်နာကျင်လာတော့မှာပါ။ ဒါကြောင့် ကား မောင်းနေရသူတွေ ကျောနာကျင်မှုဒဏ်က လွတ်ကင်းနိုင်ဖို့ လက်ကိုင်ဘီးနဲ့ ကားထိုင်ခုံက မှန်ကန်တဲ့ အကွာအဝေးတစ်ခုမှာ ရှိနေဖို့မဖြစ်မနေလိုအပ်နေမှာ အသေအချာပါပဲ။

ခေါင်းမှီကို ပစ်မထားပါနဲ့
ထိုင်ခုံမှာရှိနေတဲ့ ခေါင်းအမှီကို တချို့ကမေ့ပစ်ထားတတ်ပါတယ်။ ဒါပေမယ့် ဒါကလည်း ကားမောင်းနှင်သူနဲ့ တစ်သားတည်းလိုက်လျောညီထွေရှိနေဖို့ လိုအပ်သေးတာပါ။ ဘာကြောင့်လဲ ဆိုရင် ခေါင်းမှီနဲ့ ခေါင်းကနေရာအထားမှန်မှ ခရီးဝေးသွားတဲ့အခါ နာကျင်မှုဒဏ်က လွတ်ကင်းနိုင်မှာ ဖြစ်သလို လည်ပင်းကြွက်သားတွေ သက်သောင့်သက်သာ ရှိနေမှာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကျောရိုး၊ လည်ပင်းကြွက်သားတွေ နာကျင်မှုမဖြစ်စေရအောင် ခေါင်းမှီကိုလည်း ကိုယ်နဲ့ အဆင်ပြေ မယ့် အခြေအနေမျိုးမှာရှိနေစေဖို့ ပြင်ဆင်ထားသင့်တာပါ။

မင်းသုနောင်


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment