အထိုင်များလွန်းတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ









သာမာန်လူတစ်ယောက်ဟာ တစ်နေ့တာလမ်းလျှောက်သွားလာလှုပ်ရှားနေရတဲ့အချိန်တွေထဲက တစ် ဝက်လောက်ကို တီဗွီကြည့်၊ ကွန်ပျူတာသုံး၊ စာအုပ်ဖတ်တာလိုမျိုးနဲ့  ပါဝင်ပြီးကုန်ဆုံးနေတတ်ကြပါတယ်။ တကယ်တော့ အချိန်အကြာကြီးထိုင်တာ ကျန်းမာရေးကိုဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ ကြာကြာထိုင်တဲ့ အတွက် အရိုးတွေအားနည်းလာပြီး အဝလွန်ခြင်း၊ ထိုင်းမှိုင်းလေးလံခြင်း၊ လည်ပင်း၊ ပခုံး၊ ကျောရိုးနာကျင် ကိုက်ခဲခြင်းတွေ ခံစားရစေပါတယ်။ ဒါတင်မကပါဘူး သွေးတွင်းအချိုဓါတ်များပြီး သွေးတိုးခြင်း၊ ကိုယ်လက် စထရော တက်ခြင်းတွေကြုံတွေ့ရနိုင်ပါတယ်။
အထိုင်များလေ ခန္ဓာကိုယ်ကအဆီတွေမလောင်ကျွမ်းနိုင်တော့ဘဲ သွေးလည်ပတ်မှုတွေပါ အားနည်းလာပါတယ်။ ခြေထောက်သွေးလည်ပတ်မှုတွေပါ အားနည်းလာပါတယ်။ ခြေထောက်သွေး လည်ပတ်မှုမကောင်းတာကလည်း ကျန်းမာရေးပြဿနာတွေဖြစ်လာစေပါတယ်။ ဒါတင်မကကြာကြာထိုင်ပြီး ကွန်ပျူတာကြည့်၊ တီဗွီကြည့်ချိန်များလာတဲ့အခါ မျက်လုံးကိုပါ ထိခိုက်လာရပါတော့တယ်။ အဲဒီတော့ အထိုင် များတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။
ယောဂကျင့်
လုပ်ငန်းခွင်မှာထိုင်ပြီးအလုပ်လုပ်ရသူတွေအတွက် အကောင်းဆုံးကတော့ ယောဂကျင့်ဖို့ပါဘဲ။ ယောဂပုံစံအများစုက အထိုင်များတာကြောင့်ဖြစ်လေ့ရှိတဲ့ ခန္တာကိုယ်က တင်းမာမှုတွေကို လျော့ကျစေပါ တယ်။ ဒါတင်မကပါဘူး ယောဂကျင့်တဲ့အတွက်ကြောင့် စိတ်ဖိစီးမှုကိုလည်းသက်သာစေပါတယ်။
မကြာခဏလမ်းလျှောက်ပေး
 ကြာကြာထိုင်လေ နှလုံးကျန်းမာရေးကိုထိခိုက်လာလေပါ။ အထိုင်များတဲ့အခါ သွေးလည် ပတ်မှုမကောင်းတော့ဘဲ ခြေထောက်တွေလေးလံလာပါတယ်။ သွေးကြောတွေပိတ်လာပါတော့တယ်။ သွေးလည်ပတ်မှုကောင်းစေဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ ထိုင်နေစဉ်မှာ မကြာခဏ အနားပေးပြီး လမ်းထလျှောက်ပေးဖို့ပါပဲ။ လမ်းလျှောက်ပေးခြင်းက နှလုံးကြွက်သားတွေကို ကျန်းမာစေပြီး ဇီဝကာမဖြစ်စဉ်အတွက် ပုံမှန်ဖြစ်စေပါတယ်။ အဲဒါကြောင့် တစ်နာရီလောက်ထိုင်ပြီးတိုင်း အနားပေးတဲ့အနေနဲ့ ၁ဝ မိနစ်ခန့် လမ်းလျှောက်ပေးပါ။

လေ့ကျင့်ခန်းဘောလုံးပေါ်ထိုင်
Stability Ball လို့ခေါ်တဲ့ လေ့ကျင့်ခန်းလုပ်တဲ့အခါသုံးတဲ့ ဘောလုံးပေါ်ထိုင်ပေးတာကလည်း အသက် အရွယ်မရွေး လုပ်သင့်တဲ့အားကစားနည်းတစ်မျိုးပါ။ ဒီဘောလုံးကငြိမ်မနေပါဘူး။ ခန္တာကိုယ်ကဒီဘော လုံးပေါ်မှာ ဟန်ချက်ညီအောင်ထိုင်ပေးရတဲ့အတွက် ကြွက်သားတွေကို အလုပ်ပေးရပြီးမှန်ကန်တဲ့ပုံစံရဖို့ သူ့အလိုလိုချိန်ညှိပြီးသား ဖြစ်စေပါတယ်။
အကြောဆန့်
အကြောဆန့်ခြင်းက အချိန်ကြာထိုင်ခြင်းကြောင့် နာကျင်ခြင်း၊ ကိုက်ခဲခြင်းတွေကိုသက်သာစေပါ တယ်။ ပုံမှန်အကြောဆန့်လေ့ကျင့်ခန်းလုပ်ပေးခြင်းက သွေးလည်ပတ်မှုကောင်းစေသလို စိတ်ကိုလည်း တည်ငြိမ်စေပါတယ်။
ထိုင်ပုံစံကိုပြင်ပါ
တကယ်လို့အချိန်အတော်ကြာ ထိုင်ရမယ်ဆိုရင် ထိုင်ပုံထိုင်နည်း မှန်ကန်ဖို့လိုပါတယ်။ မှန်ကန်တဲ့ ထိုင်ပုံထိုင်နည်းကကျောရိုးနာကျင်မှုကို သက်သာစေပါလိမ့်မယ်။ အဲဒါကြောင့် ထိုင်နေတဲ့အချိန်မှာ ကျောက်ကုန်းနဲ့လည်ပင်းကို သက်တောင့်သက်သာမတ်မတ်ထားပါ။ ပခုံးကိုလိုက်လျောညီထွေဖြစ်နေပါစေ။  ခြေဖဝါး၊ ခြေမတို့ကို ကြမ်းပြင်နဲ့ တပြေးညီဖြစ်နေပါစေ။
ကျောကိုအခုအခံထား
ကျောရိုးပြဿနာရှိသူတွေအနေနဲ့ ထိုင်တဲ့အခါအကောင်းဆုံးကတော့ ကျောကုံးမှာခေါင်းအုံးခပ်ပါး ပါးလေးတစ်လုံးကို ခံထားဖို့ပါဘဲ။ ထိုင်တဲ့အခါသက်တောင့်သက်သာဖြစ်နေစေပြီး ကျောရိုးထိခိုက်တာကို သက်သာစေပါလိမ့်မယ်။
လည်ပင်းလေ့ကျင့်ခန်း
ကွန်ပျူတာလက်ကွက်၊ ဖုန်းတို့ကိုထိုင်ပြီးငုံ့ကြည့်ရတဲ့ ကြာချိန်များလာတဲ့အခါ လည်ပင်းနာကျင်ပြီး ပခုံးသားတွေပါတင်းလာတတ်ပါတယ်။ အဲဒါကြောင့် ထိုင်ခုံမှာ သက်တောင့်သက်သာထိုင်ပါ။ ရှေ့၊ နောက်၊ ဘယ်၊ ညာ ခေါင်းကို ဖြည်းဖြည်းစီစောင်းပေးပြီး လည်ပင်းလေ့ကျင့်ခန်းလုပ်ပေးပါ။
မတ်တပ်စားပွဲသုံး
သွေးလည်ပတ်မှုအားနည်းခြင်း၊ အဝလွန်ခြင်း၊ ကျောရိုးနာကျင်ခြင်းတွေကိုသက်သာစေဖို့ နည်းလမ်း ကောင်းတစ်ခုကတော့ မတ်တပ်စားပွဲကိုသုံးပြုဖို့ပါဘဲ။ မတ်တပ်ရပ်ပြီး အလုပ်လုပ်တဲ့အတွက်ကြွက်သား များအလုပ်ပေးပြီးသားဖြစ်သလို စိတ်ဖိစီးမှုတွေလည်းလျော့ပါးသက်သာစေပါတယ်။

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment