DRL = Daytime Running Lamp (DRL, also daytime running light)










DRL ဆိုတာ အခုနောက်ပိုင်းလာနေကြတဲ့ နိုင်ငံစုံကခေတ်ပေါ်ကားများမှာ နေ့အခါကြောင်တောင် တောင် အရောင်တစ်မျိုးမျိုးနဲ့ အမြဲမပြတ်လင်းနေတဲ့ ကားအတွက်အထူးတပ်ဆင်ပေးလိုက်တဲ့ မီးလုံးတစ်မျိုး ပါပဲ။ သူ့ကိုနိ အဖြူရောင် သို့မဟုတ် အ၀ါရောင် သို့မဟုတ် နှင်းခွဲမီးလို ပယင်းရောင် တစ်မျိုးမျိုးနဲ့ တွေ့ရပါ လိမ့်မယ်။

သူ့ကိုဘာလို့ နေ့မှာလင်းအောင်တပ်ပေးလိုက်တာလဲဆိုရင်
သူ့ကိုဘာလို့ နေ့မှာလင်းအောင် တပ်ပေးလိုက်တာလဲဆိုရင် အကြောင်းရှိလို့ပေါ့ဗျာ။ လမ်းပေါ်မှာ ယာဉ်အားလုံး သွားလာလှုပ်ရှားနေကြပါတယ်။ ဘာဆန်းလဲဆိုရင်မဆန်းပါဘူး။ ဒီကြားထဲမှာ စက်ဘီးစီးလာ လည်းလူပါပဲ။ မော်တော်ဆိုင်ကယ်စီးလာတဲ့ သူလည်းလူပါပဲ။ ကားမောင်းလာတဲ့သူလည်း လူပါပဲ။ ကားမောင်း လာတဲ့သူက အကာအကွယ်ပါလာတာ လူတိုင်းအသိ။
စက်ဘီးနဲ့ဆိုင်ကယ်ဆို အကာအကွယ်မဲ့ဆိုတာ ပြောဖွယ်ရာမရှိတဲ့အပြင် သူတို့လှုပ်ရှားမှုကလည်း ဇိုးကနဲ ဇတ်ကနဲနဲ့မို့ မမြင်နိုင်မိခင် အချိန်တစ်ခဏအတွင်း ကားတွေနဲ့ဝင်ဗျင်းကြလို့ အန္တရာယ်များခဲ့ကြ ပါတယ်။ ယာဉ်အမျိုးမျိုးကိုထွင်တဲ့သူက ထွင်သလို ယာဉ်အန္တရာယ်ဘေးကင်းနိုင်ဖို့ကိုလည်း တတ်နိုင်သမျှ ၀ိုင်းစဉ်းစားပေးကြတဲ့သူများလည်း ရှိကြပြန်တယ်။ ဟိုးတော်တော်ကြာကတည်းက သူတို့ဆီမှာ မီးဆိုတာ ယာဉ်တစ်စီးအတွက် ညမှထွန်းဖို့မဟုတ် ရာသီဥတုဆိုးဝါးလို့ မြင်ကွင်းမကောင်းလို့ အရေးပေါ်ထွန်းဖို့ မဟုတ်ဘူးဆိုပြီး စဉ်းစားမိကြတယ်။

ဆိုင်ကယ်ဆိုတာထိလိုက်တာနဲ့ တိန်ဆိုတာမို့ခင်ဗျားတို့ဆိုင်ကယ် စစီးတာနဲ့ နေ့နေ့ညညအခြားလူ မြင်အောင်စထွန်းပါခင်ဗျာ…
ဒါဆိုရင် ဘယ်လိုလုပ်ပေးရမလဲဆိုပြီး အဓိကလူကိုအန္တရာယ်အများဆုံးပေးနေတဲ့ မော်တော်ဆိုင်ကယ် မှာ မီးကြီးထဲကူသတ Low Beam နဲ့ စထွန်းကြည့်ဖို့စခဲ့ပါတယ်။ ဆိုင်ကယ်စီးတဲ့ ကိုယ်တော်ချောတို့ ဆိုင်ကယ် ဆိုတာ ထိလိုက်တာနဲ့ တိန်ဆိုတာမို့ ခင်ဗျားတို့ဆိုင်ကယ်စစီးတာနဲ့ နေ့နေ့ညည အခြားလူမြင်အောင်စထွန်းပါ ခင်ဗျာ။ ဆိုတာကို ကြေညာအကောင်အထည်ဖော်ပေးလိုက်သော်လည်း လူဆိုတာအခက်သားလား။ လုပ်ချင်လုပ်မယ် မလုပ်ချင်မလုပ်ဘူးဆိုတော့ မထူးပါဘူး။ ဒါနဲ့ ဆိုင်ကယ်ကုမ္ပဏီတွေကို သက်ဆိုင်ရာက စက်နိုးတာနဲ့မီး အနိမ့်လေးတန်းလင်းဖို့ မလုပ်မနေရလုပ်ကိုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်ကလူတွေက ဘီးအကြီးတွေစီးတယ်။ နယ်က လူကစူပါကပ်ဘရင်းန်နယူးကို စီးကြတယ်။
ဒါကိုကျွန်တော်တို့ကိုယ်တိုင် ကြုံဖူးကြပါတယ်။ အရင်တုန်းက ဆိုင်ကယ်ဆိုတာ ရန်ကုန်ရောနယ် ရောစီးကြတာပါ။ ရန်ကုန်က လူတွေက ဘီးအကြီးတွေစီးတယ်။ နယ်ကလူက စူပါကပ်ဘရင်းန်နယူး ကို စီးကြတယ်။ YAMAHA-DT-R-start ဗေဒါရောင်တို့ အနက်တို့ကိုလည်း စတန့်လုပ်လို့ကောင်းလို့ နယ်ရော ရန်ကုန်ကလူတွေရော စီးကြတယ်။
အဲဒီဂျပန်ပြည်တွင်းသုံး ဘရင်းန်း နယူးဘီးတွေဈေး ဘာမှတ်သလဲ၊ ကားဟောင်းတစ်စီးဈေးနဲ့ နင်လားငါလားပဲ။ သိချင်ရင် ရှေ့မီနောက်မီဆိုတဲ့ ဆိုက်ကားစီးတဲ့သူတွေကိုမေးကြည့် အတိအကျပါပဲ။

စက်နိုးတာနဲ့ဒိုင်ခွက်ထဲက မီးကြီးစလင်းနေတော့ သောက်ကျိုးနည်းခုလိုနော့လစ်မရှိ ခေတ်မမီတော့ လမ်းမှာရဲကလည်း လှမ်း လှမ်းတားပါတယ်
စူပါကပ်ဆိုရင် ခုံတို့ကျောက် စိမ်းနဲ့ငွေရောင် မှတ်မိပါသေးတယ်။ ထူးတာကိုပြောချင်လို့ စကားရှည် နေတာပါ။ ဒီဆိုင်ကယ်မော်ဒယ်မြင့်လေးတွေ စက်နိုးတာနဲ့ဒိုင်ခွက်ထဲက မီးကြီးစလင်းနေတော့သောက်ကျိုး နည်း ခုလိုနော့လစ်မရှိခေတ်မမီတော့ လမ်းမှာရဲကလည်းလှမ်း လှမ်းတားပါတယ်။ မီးပွင့်နေတယ် ဆိုပြီးပေါ့။ ဒီကလည်းပိတ်မရဘူး ဒီအတိုင်းပဲဗျဆိုတော့လည်း နောက်ဆုံး အခုရန်ကုန်တရုတ်တန်းက ၀ါယာာရိန်းဆိုင် ကိုသွား လင်းနေတဲ့မီးကြီးကကြိုးတစ်စကိုဖြတ် ကြိုးရှည်တစ်ခုနဲ့ဆက် သူ့ဆီမှာ On/Off ဆိုတဲ့ခလုပ်တစ်ခုခုကို လက်နဲ့အနီးတစ်နေရာမှာတပ်နဲ့ မြန်မာကွ ဘာရမလဲဆိုပြီး အဆင်ပြေခဲ့တယ်။

စက်နိုးတာနဲ့မီးလင်းဆိုတဲ့ဟာ ဒါကိုဂျပန်ကထွင်ပေးလိုက်တာ မဟုတ်ပါဘူး
အဲဒီတုန်းကတည်းက ဒါကို သတိပြုနေမိတာ တစ်ခုပြောချင်တာက စက်နိုးတာနဲ့မီးလင်းဆိုတဲ့ဟာ ဒါကိုဂျပန်ကထွင်ပေးလိုက်တာ မဟုတ်ပါဘူး။ အမွှမ်းတင်ပေးလိုက်တာပါ။ ထုံးစံအတိုင်း စလုပ်ပေးလိုက်တဲ့ သူတွေကတော့ သိတော်မူကြတဲ့အတိုင်း အနောက်နိုင်ငံနဲ့ဥရောပနိုင်ငံများကပါပဲ။ မှတ်တမ်းမှတ်ရာများအရ Scandinavian countries များကစတင်အသုံးပြုဖို့ တရားဝင်ကြေညာလိုက်တယ်လို့ သိရပါတယ်။ ၁၉၇၀-ကျော်ကျော်နှစ်များကတည်းကပါတဲ့။ သူ့တို့ဆီကရာသီဥတုက ဆောင်းတွင်းအချိန်များမှာဆိုရင် နေ့ ဘက်တောင် အလင်းရောင်ကနည်းပါးနေလို့ ထင်သာမြင်သာအောင် ဒီမီးလေးတွေထွန်းမောင်းကြပါ ဆိုပြီး ထွင်ပေးလိုက်တာပါ။
ဆွီဒင်ဆိုရင် ၁၉၇၇ ကတည်းက ဒီစနစ်ကိုစတင်ကျင့်သုံးလိုက်တဲ့ ပထမဆုံးနိုင်ငံအဖြစ် သမိုင်းဝင် ထားပါတယ်။ ၁၉၇၂ ကဆိုရင်ကျေးလက်ဒေသလမ်းတွေမှာ ဆောင်းအခါဖွင့်သုံးဖို့ ၁၉၈၂ ရောက်တော့ နွေအခါ လည်းသုံးပေးဖို့ နောက်ဆုံး ၁၉၉၇ ရောက်တော့ တောရော မြို့ရောမကျန် ရာသီအားလုံးမှာ သုံးစွဲကြဖို့ အသိပေးလိုက်ပါတယ်။

နော်ဝေမှာ ၁၉၈၆ ၊ အိုက်စလန်မှာ ၁၉၈၈၊ ဒိန်းမတ်မှာ ၁၉၉၀ စသဖြင့် စသဖြင့်ပါတဲ့။ သူတို့ ဒီလိုစမ်းလုပ် ကြည့်လိုက်တယ်။ နောက်ဆုံးအတည်ပြဌာန်းပြီးလည်း လုပ်ကြတယ်။ ဘာအကျိုးရှိသလဲဆိုပြီး ဆန်းစစ် လေ့လာတဲ့အဖွဲ့ကလည်း စောင့်ကြည့်လေ့လာအကဲဖြတ်ပေးတော့ ယာဉ်တိုက်မှုသိသိသာသာ လျော့ကျသွားတာကိုတွေ့လိုက်ရပါတယ်။ ဒါကြောင့် တော်တော်များများကလည်း လက်တွေ့ကျလို့လက်ခံလာ ပြီး ကားကုမ္ပဏီတွေကိုယ်တိုင် ကားစက်နိုးတာနဲ့ တိုက်ရိုက်လင်းချင်လား လိုမှဖွင့်ချင်လားဆိုပြီး ထည့်ပေး လာကြပါတယ်။ မြန်မာပြည်ရောက်ကားများနဲ့ လက်တွေ့ပြရရင်မော်ဒယ်အမြင့် ဂျာမဏီကားများ ကိုးရီးယား ကထုတ်တဲ့  KIA နဲ့ ဟွန်ဒိုင်းကားများမှာ ခုဆိုရင် ရန်ကုန်မှာ နေ့ဘက်မီးလင်းနေတာ အများဆုံးတွေ့နေရပါပြီ။ ဒီမီးကို သဘောကျလို့မိမိကားမှာမပါခဲ့ရင် အပိုဆောင်းဝယ်တပ်လို့ရတဲ့ တရုတ်မိတ်တွေလည်း ပေါနေပါပြီ။ ဒီမီးမရှိလို့ နေ့ဘက်ပါတဲ့မီးနဲ့ထိုးမောင်းမယ်ဗျာဆိုပြီး ဂွမတိုက်ပါနဲ့ သဘောသဘာဝမတူလို့ပါ။ DRL မီးသဘော ကအခြား သူက မိမိကိုမြန်မြန်မြင်အောင်ဆိုပြီး High Light ပြလိုက်တဲ့ သဘောပါ။ တစ်ဘက်သားကိုမျက်စိ မစူးစေပါဘူး။ ဒီမီးနဲ့ ညအခါခါ လသာသာမှာ KTV ကိုအသွား ဒီမီးတစ်ခုတည်းနဲ့လည်း ဖွင့်ပြီးကားမောင်းမရပါ ဘူး။ ဒါအပြင် နေ့ဖွင့်ဖွင့် ညဖွင့်ဖွင့် ကားဘက်ထရီလည်းမစားအောင် LED စနစ်နဲ့အကျိုးဆောင်ပေးထား ပါတယ်။ နေ့ဘက်မှာ ဒီမီးဖွင့်လို့ ကိုလှရွှေတို့ကလည်း မဖမ်းတော့ပါဘူး။ ခေတ်မီလာနေပါပြီ။ အထူးသဖြင့် နာမည်ကြီး နေပြည်တော်-မန္တလေးအမြန်လမ်းမှာ ခေတ်မီတဲ့ ဒီမီးတပ်ထားတဲ့ကားများ ဖွင့်မောင်းပေးပါ။

သူတို့ဘက်မှန်တစ်ခုခုမှာ အမြန်မြင်လိုက်ရလို့ ၂ယောက်စလုံးကြိုတင်ပြင်ဆင်ချိန် သတိထားချိန်ရလို့ ဘေးကင်းတာပေါ့ဗျာ
ရှေ့ကားက အလွန်ကျေးဇူးတင်ပါလိမ့်မည်။ သူတို့ဘက်မှန်တစ်ခုခုမှာ အမြန်မြင်လိုက်ရလို့ ၂ယောက် စလုံးကြိုတင်ပြင်ဆင်ချိန် သတိထားချိန်ရလို့ ဘေးကင်းတာပေါ့ဗျာ။ ကားမောင်းနေရင်း Blind Sport ဖြစ်တာ ကို များမကြာခင် ကျွန်တော်ရေးပြီးပါပြီ။ ဒီလိုအခါမျိုးမှာ DRL တတ်ကားများလေးကများစွာ အထောက်အကူ ပေးပါလိမ့်မယ်။ နောက်ဆုံးမှတ်ချက်ပေးချင်တာကတော့ DRL တတ်ထားတဲ့ ဒီကားလေးများ နေ့နေ့ညည ဖွင့်သာမောင်းပေးပါ။

ဟွန်းတီးတဲ့အသံဆိုတာ အလင်းရောင်ထက်အများကြီး နှေးပါတယ်
သူများမြင်ဖို့ကိုယ်ဆင်တယ် ကျွန်တော် DRL ဆိုပြီးပေါ့။ ကားတွေကလည်း အရောင်အမျိုးမျိုးမို့ အရောင်မှိုင်း အရောင်မိုက်တွေ မျက်စိထဲနဲ့ဘက်မှန်ထဲမှာ စောစောမမြင်ဘူးကွယ်။ ရာသီဥတုမကောင်းတဲ့ နေ့အခါလည်း ဒီအတိုင်းပါပဲ။ ဟွန်းတီးတဲ့အသံဆိုတာ အလင်းရောင်ထက်အများကြီး နှေးပါတယ်။
ဟွန်းသံမကြားရခင် ဟိုးအဝေးကြီးကထဲက DRL မီးလေးထွန်းလာတဲ့ကား ရှေ့ကားကအရင်မြန်မြန် မြင်ရပါတယ်ခင်ဗျား။ ကား ၂ စီးမျက်နှာချင်းဆိုင်တိုက်ကြတာကို Collision ဖြစ်တယ်လို့ခေါ်ကြပါတယ်တဲ့ DRL မီးထွန်းမောင်းလို့ ဒါလေးတွေလည်းနည်းသွားတယ်ဆိုပဲ။

နေပြည်တော်-မန္တလေး အမြန်လမ်းမှာလည်း  DRL မီးလေးတွေထွန်းမောင်းကြရင်ဖြင့် ဘေးဖြစ်မယ့် အန္တရာယ်တော်တော်နည်းသွားမယ်
ခုကစလို့ နေပြည်တော်-မန္တလေးအမြန်လမ်းမှာလည်း DRL မီးလေးတွေထွန်းမောင်းကြရင်ဖြင့် ဘေးဖြစ်မယ့် အန္တရာယ်တော်တော်နည်းသွားမယ်ဆိုတဲ့အကြောင်း ကျွန်တော်လည်း ယုံကြည်စွာပြော လိုက်ပါတယ်လို့…

ကိုသက

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape




Share on Google Plus

0 comments:

Post a Comment