Android ဖုန်းတွေအတွက် မရှိမဖြစ် Antivirus Apps










ဒီနေ့ခေတ်မှာက လူတွေမှာကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ Data တွေကိုသိမ်းဆည်းထားနိုင်တဲ့ နေရာတွေ ပိုများလာတယ်။ အရင်ကတော့ ကိုယ့်ရုံးခန်း၊ ကိုယ်အိမ်မှာ ခန့်ခန့်ကြီးထိုင်နေတဲ့ desktop ကွန်ပျူတာ ကြီးမှာပဲသိမ်းထားတာ virus ကိုက်တယ်ဆိုတာကလည်း ဖိုင်လေးတွေပျက်ကုန်တာလောက် ရှိတာရယ်။ ဒါပေမယ့် laptop ဆိုတာပေါ်လာတော့ laptop ကြီးအလုံးလိုက်ပျောက်တယ် ဆိုတာမျိုးဖြစ်လာတယ်။  ဒါပေမယ့် ဒါကလည်းသိပ်တော့ပြဿနာမရှိသေးဘူး။ အခုစမတ်ဖုန်းတွေခေတ်ရောက်လာတော့ ပိုကြောက်ဖို့ကောင်းလာပါတယ်။ 

လုံခြုံရေးဟာ လျော့ရိလျော့ရဲပဲကျန်တော့တယ်။ နည်းပညာက အရမ်းတိုးတက်လာပေမယ့် ဒါကိုကာကွယ်မှုမှာတော့ ကျွန်တော့်တို့ဟာ ဟိုး ၁၉၉၀ လောက်က နည်းပညာမျိုးတွေကိုပဲသုံးနေရတုန်းပါ။ Cloud Computing နဲ့ Mobile နည်းပညာတွေကိုပေါင်းစပ်လာတာ၊ ဘယ်အရာမဆို virtual ဖြစ်လာတာတွေက အရင်လိုသာမာန် file လေးတွေပျက်ကုန်တဲ့အဆင့်မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ ငွေစာရင်း၊ မိသားစုဘ၀တွေ၊ လုပ်ငန်းကိုင်ငန်းတွေကိုပါ ထိခိုက်လာစေတဲ့အထိဖြစ်သွားနိုင်ပါတယ်။

ဒါကိုကာကွယ်နိုင်ဖို့ နယ်ပယ်ပေါင်းစုံက ပညာရှင်ပေါင်းစုံပေါင်းစပ်ပြီး အလုပ်လုပ်နေကြပါတယ်။ Web ပေါ်မှာလည်း ပညာရှင်တွေ နေ့မအား၊ ညမအား အလုပ်လုပ်နေကြသလို Desktop တွေ၊ Mobile တွေပေါ် က ပညာရှင်တွေကလည်း လုံခြုံရေးစည်းတွေကို တင်းကျပ်နိုင်သမျှ အတင်းကျပ်ဆုံး ဖန်တီးနေပါတယ်။ ဒါပေမယ့် Hacker တွေက အမြဲတမ်းခြေတစ်လှမ်းသာနေသလိုပါပဲ။ ဒါကြောင့် ကိုယ့်လုံခြုံရေးကို ကိုယ်ဂရုစိုက်ရမှာပါ။ သတိဆိုတာ ပိုတယ်ရယ်လို့မရှိပါဘူး။

ကျွန်တော်တို့အနေနဲ့ ၁၉၉၀ ခုနှစ်တွေလောက်ကတည်းက PC ပေါ်က Antivirus program တွေနဲ့ ရင်းနှီးခဲ့ ကြပြီးသားပါ။ အခုနှစ်ပေါင်း ၂၀ ကျော်ကြာလပြီးတဲ့နောက်မှာ Mobile ခေတ်ကို ရောက်လာတော့ Mobile ပေါ်က Antivirus တွေရဲ့ အနေအထားကဘယ်လိုဆိုတာကို စိတ်ဝင်စားလာပါတယ်။ Mobile ခေတ်မှာ လူတိုင်းရဲ့အန္တရာယ်ဟာ အရင်လို ရုံးက၊ အိမ်က desktop ကွန်ပျူတာကြီးထဲမှာ ကျန်နေခဲ့တာမဟုတ်ဘဲ၊ ကိုယ့်အိတ်ကပ်ထဲကိုရောက်လာနေတာမို့ ပိုပြီးဂရုစိုက်ကြဖို့လိုမယ်လို့ အကြံပေးချင်ပါတယ်။

Mobile ဆိုတာဟာ သာမန်ကွန်ပျူတာတွေထက် ပိုကြောက်ဖို့ကောင်းပါတယ်။ ကွန်ပျူတာတွေမှာက ကျွန်တော်တို့ရဲ့ အွန်လိုင်းအချက်အလက်တွေဟာ ပုံမှန်အားဖြင့်ဆိုရင် Web browser ထဲမှာပဲရှိတာပါ။ browser တွေကလည်း အများအားဖြင့် လုံခြုံရေးအချက်အလက်တွေကို စနစ်တကျသိမ်းထားပြီး ပြန်ဖျက်လိုက်ဖို့ကလည်း Click ၂ ချက်လောက်နှိပ်ရုံနဲ့ရပါတယ်။ ဒါပေမယ့် Mobile မှာက ကျွန်တော်တို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ ဓါတ်ပုံနဲ့ဗီဒီယိုတွေအားလုံးဟာ Lock Screen လေးတစ်ခုရဲ့အနောက်မှာ ရှိနေတာပါ။ အရမ်းကို အန္တရာယ်များတဲ့အခြေအနေပါပဲ။

 နောက်သွားလေရာသယ်သွားတဲ့အတွက် ပျောက်သွားဖို့၊ ခိုးခံရဖို့လည်း အရမ်းလွယ်ပါတယ်။ နောက် တစ်ခါ ဒီ Mobile ခေတ်မှာ ကျွန်တော်တို့က အွန်လိုင်းကို ဖုန်းတွေ၊ tablet တွေပေါ်ကနေ အသုံးပိုများလာ တဲ့အတွက် တိုက်ခိုက်ခံရဖို့လည်း ပိုပြီးအခွင့်အလမ်းများလာပါတယ်။ ကျွန်တော်တို့ရဲ့ငွေကြေးဆိုင်ရာ အချက်အလက်တိုင်းက ဖုန်းထဲမှာတင်ရှိနေလို့ သာမန်အရင်လို file ပျောက်ရုံ၊ ပျက်ရုံ၊ ကွန်ပျူတာပျက်ရုံ၊ window ပြန်တင်ရရုံအဆင့်မဟုတ်ဘဲ ငွေကြေးနဲ့ကိုယ်ရေးကိုယ်တာတွေပါ ဆုံးရှုံးနိုင်ဖို့ အခွင့်အလမ်း အရမ်းများသွားပါလိမ့်မယ်။

Android သမားတွေအဖို့တော့ Android ရဲ့လွတ်လပ်တဲ့အရသာကိုလည်းခံစားရသလို၊ တစ်ဘက်ကလည်း အန္တရာယ်ရှိနိုင်တာတွေကို ကြိုတင်ကာကွယ်ထားရပါလိမ့်မယ်။

ကျွန်တော်တို့ Windows မှာလိုပဲ Android ဟာလည်း လူသုံးများတဲ့ OS တစ်ခုဖြစ်လာတဲ့အတွက် တိုက်ခိုက်သူတွေ မျက်စိကျတဲ့ပလက်ဖောင်းတစ်ခုဖြစ်လာပါတယ်။ ဒါတွေကို ကာကွယ်ဖို့ Antivirus App တစ်ခု မဖြစ်မနေရှိထားရမှာပါ။ အထူးသဖြင့် အန္တရာယ်များတဲ့ Online Activities တွေကို မကြာခဏလုပ်တတ်သူတွေ ကိုယ့်ရဲ့ဘဏ္ဍာရေးအချက်အလက်တွေကို Mobile ပေါ်မှာ သိမ်းဆည်းထားသူတွေအနေနဲ့ ဒီအတိုင်းသော့မခတ်ဘဲ အိမ်တံခါးဟောင်းလောင်းဖွင့်ထားတာမျိုး မလုပ်သင့်ဘူးလို့ထင်ပါတယ်။

ပုံမှန်အားဖြင့်ဆိုရင် Android စမတ်ဖုန်းတွေမှာ လုံခြုံရေး software တွေမလိုပါဘူး။ ဒါပေမယ့် ကျွန်တော် တို့က root လုပ်တာတွေ Android ရဲ့ အချို့သော security feature တွေကို ပိတ်ပစ်တာတွေလုပ်ထား တဲ့အတွက် တစ်ဖက်မှာ ပြန်ဂရုစိုက်ဖို့လိုလာပါတယ်။ ဥပမာ Android device အတော်များများဟာ unknown source ကနေ သွင်းမယ်လို့လည်း setting ထဲမှာဝင်ပြင်ထားကြတာပါပဲ။
ကိုယ်က ကိုယ်သုံးတဲ့ App တွေ၊ Website တွေကို သတိထားပြီး ကိုင်တွယ်တယ်ဆိုဦးတော့ Antivirus app တွေမှာပါတဲ့ Anti-theft feature တွေလိုတော့ စုံလင်အောင်မလုပ်နိုင်ပါဘူး။

 နောက်တစ်ခုက ကိုယ့်ဖုန်းအခိုးခံရရင် အဝေးကနေလှမ်းပြီး data တွေဖျက်ပစ်နိုင်မယ့် feature မျိုးတွေ လည်း ဒီ antivirus app တွေ ထဲမှာ ပါလာတတ်ပါတယ်။ တစ်ချို့ app တွေဆိုရင် ခိုးသွားတဲ့သူရဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကိုပါ ကိုယ့်ဆီကိုပြန်ပို့ပေးမယ့် feature တွေကိုတောင်ထည့်ပေးထားပါတယ်။ ကိုယ့်ဖုန်းပျောက်သွားရင် ကောက်ရတဲ့သူက ကိုယ့်ကိုပြန်ဆက်သွယ်နိုင်စေမယ့် feature ကိုလည်း ထည့်ပေးထားတတ်ကြပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်း ထိပ်တန်းစမတ်ဖုန်းတွေဟာ လုံခြုံရေးပိုင်းဆိုင်ရာအရ အထူးကောင်းမွန်လာပြီး အလွယ်တကူ root ပြုလုပ်လို့မရအောင် ပြုလုပ်ထားတာမျိုး boot-loader unlock ကို အလွယ်တကူ လုပ်လို့မရအောင် ဖန်တီးပေးထားတာမျိုးတွေကြောင့် တော်တန်ရုံ malware တွေ လောက်ကတော့ အသာလေးကာကွယ်ပေးထားနိုင်တဲ့အတွက် စိတ်ချလက်ချအသုံးပြုနိုင်မှာဖြစ်ပါတယ်။ သတိထားစရာတစ်ခုက စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ System Update တွေကို ပုံမှန်ပြုလုပ်ပေးနေရုံပါပဲ။ အခုဆိုရင် ကိုယ်နဲ့အနီးအနားလေးမှာပဲ Kaspersky လို မိုဘိုင်းဖုန်း Antivirus Apps တွေ အလွယ်တကူဝယ်ယူထည့်သွင်းနိုင်တာကြောင့် ကိုယ့်ရဲ့အချက်အလက်တွေ အရေးကြီးတယ်ဆိုရင် လိုရမယ်ရ ထည့်သွင်းထားဖို့ တိုက်တွန်းလိုပါတယ်။

မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment