အော်တိုဂီယာနဲ့ကားမောင်းတာက
ဒီဘက်ခေတ်မှာ ကားမောင်းတက်ကာစ လူတွေအတွက်ရော၊ ၀ါရင့်ကားမောင်းသမားတွေအတွက်ပါ ခေတ်အစားဆုံးဖြစ်နေပါတယ်။
အော်တိုဂီယာဟာ မန်နူရယ်ဂီယာနဲ့ စာရင် ကားမောင်းသမားတွေအတွက် သက်သောင့်သက်သာဖြစ်စေပြီး
အထူးသဖြင့် ခရီးဝေးထွက်ရင် အော်တိုဂီယာရဲ့ အားသာချက်က ပိုသိသာပါတယ်။ အော်တိုဂီယာနဲ့ကားမောင်းတာက မန်နူရယ်နဲ့စာရင် ပိုမိုလွယ်ကူပေမယ့်
အော်တိုဂီယာနဲ့ကားမမောင်းခင် အရေးကြီးဆုံးလုပ်ဆောင်ရမှာက ကားမောင်းလိုင်စင် ရှိထားရမှာဖြစ်ပြီး
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို နားလည်ထားဖို့ လိုအပ်ပါတယ်။
ကားစမောင်းသူတွေအတွက်
ဒီအကြောင်းအရာတွေက
ကားမောင်းကျွမ်းကျင်သူတွေအတွက် ရယ်စရာကောင်းနိုင်ပေမယ့် ကားမောင်းသင်သူတွေအတွက် အသုံးဝင်နိုင်လိမ့်မယ်လို့
မျှော်လင့်ပါတယ်။ ထိုင်ခုံပေါ်ထိုင်လိုက်တာနဲ့ လီဗာ၊ ဘရိတ်ခြေနင်း၊ စတီယာရင်၊ ဂီယာ၊
အချက်ပြမီးခလုတ်၊ နှင်းခွဲမီးခလုတ်နဲ့ လေကာဝိုက်ပါတွေ ဘယ်နေရာမှာ ရှိလဲဆိုတာ အကျွမ်းဝင်သွားအောင်
လေ့လာရမှာဖြစ်ပါတယ်။ ဘရိတ်နဲ့လီဗာတို့က ခြေထောက်နဲ့ အနေတော် အနေအထားမှာရှိပြီး ဘရိတ်နင်းပြားက
ဘယ်ဘက်၊ လီဗာက ညာဘက်မှာရှိပါတယ်။ ဂီယာအုံကတော့ ပုံမှန် အားဖြင့် ကားမောင်းသူရဲ့ထိုင်ခုံနဲ့
ခရီးသည်ထိုင်ခုံကြားမှာ ရှိတတ်ပါတယ်။ အဲဒီဂီယာမှာ P,D,N,R ဆိုပြီး အတိုကောက်စာလုံးလေးတွေနဲ့
ဖော်ပြထားပါတယ်။ နောက်ပြီး အန္တရာယ်ကင်းစွာမောင်းနှင်နိုင်ရေးအတွက် လုံခြုံရေးခါးပတ်"ပတ်ထားဖို့လည်း
မမေ့ပါနဲ့။
ကားမောင်းခြင်း
ပထမဆုံးကားစက်နှိုးရမှာဖြစ်ပြီး
ညာခြေထောက်က ဘရိတ်ပြားပေါ်နင်းထားလိုက်ပါ။ အဲဒီနောက် သော့ထည့်ပြီး နာရီလက်တံပုံစံအတိုင်း
လှည့်လိုက်ပါ။ ဒါဆိုရင် ကားစက်နိုးလာပါလိမ့်မယ်။ ဂီယာနံပါတ် ရွေးချယ်ဖို့အတွက်ကတော့
ခြေထောက်ကို ဘရိတ်ပြားပေါ်နင်းထားပြီး ဂီယာအုံပေါ်က Driver ဆိုတဲ့ ဒီအမှတ် အသားပေါ်ရောက်အောင်
ရွေ့လိုက်ပါ။ အဲဒီနောက် Hand Brske ဆွဲထားတာကို ပြန်လည် ဖြေလျော့ရမှာပါ။ ဒီဘရိတ်ဟာ
ကားရှေ့ခန်းထိုင်ခုံနှစ်ခုရဲ့ကြားမှာ ဒါမှမဟုတ် ကားမောင်းသူခြေ ထောက်ဝန်းကျင်ရဲ့ ဘယ်ဘက်
နင်းပြားပေါ်မှာရှိတတ်ပါတယ်။
ကားတွင်းအခြေအနေကို စစ်ဆေးပါ
အဲဒီနောက်
ကားတွင်းအခြေအနေနဲ့ ပတ်ဝန်းကျင်အခြေအနေတွေအားလုံးကို စစ်ဆေးရပါမယ်။ ကားမောင်းသူအနေနဲ့
ရှေ့ကိုရှင်းရှင်းလင်းလင်းမြင်နိုင်ရေးအတွက် သေချာသလားဆိုတာ ပြတင်းမှန်တွေကို စစ်ဆေးရမှာဖြစ်ပြီး
ဘေးကြည့်မှန်နဲ့နောက်ကြည့်မှန်တွေရဲ့ အနေအထားကလည်း မှန်ကန်မှုရှိရဲ့လားဆိုတာ စစ်ဆေးရပါမယ်။
ကားစတင်ရွေ့လျားခြင်း
အဲဒီနောက်
ဘရိတ်ပြားပေါ်နင်းထားတဲ့ ခြေထောက်ကိုဖြည်းဖြည်းရုတ်သိမ်းရမှာဖြစ်ပြီး အဲဒီအချိန်မှာ
ကားကလည်း အသာအယာစတင်ရွေ့လျားလာပါလိမ့်မယ်။ အဲဒီနောက် ဘရိတ်နင်းပြားပေါ်ကနေ ခြေထောက်
ကို အလုံးစုံပြန်ရုတ်ရမှာဖြစ်ပြီး အဲဒီညာခြေထောက်နဲ့ပဲ လီဗာပြားပေါ် ညင်ညင်သာသာနင်းလိုက်ပါ။
အဲဒီအချိန် မှာ ကားကလည်း စထွက်ကာစထက် ပိုမိုမြန်ဆန်လာတာကို တွေ့နိုင်ပါလိမ့်မယ်။ ပုံမှန်ကားမောင်းနေချိန်မှာ
ဆိုရင် ဂီယာပြောင်းဖို့လည်း မလိုပါဘူး။ ဂီယာအုံပေါ်က D ဆိုတဲ့ အမှတ်အသားပေါ် ရွေ့လိုက်ရမှာဖြစ်ပါ တယ်။
ကားရပ်တော့မယ်ဆိုရင်
လိုရာခရီးရောက်ခါနီးလို့
ကားရပ်တော့မယ်ဆိုရင် ပထမဆုံးလုပ်ရမှာက လီဗာပြားပေါ်နင်းထားတဲ့ ညာခြေထောက်ကို ဘရိတ်ပြားပေါ်
ပြောင်းလဲနင်းရမှာဖြစ်ပါတယ်။ အဲဒီလို ဘရိတ်နင်းရာမှာလည်း အား ကုန်နင်းတာထက် ဖြည်းဖြည်းချင်းနင်းမှသာ
ငြိမ့်ငြိမ့်ညောင်းညောင်း ကားရပ်သွားမှာဖြစ်ပါတယ်။ မီးပွိုင့် မိနေတာမျိုးဆိုရင် ဂီယာပြောင်းစရာမလိုဘဲ
မီးပွိုင့်စိမ်းသွားတာနဲ့ ဘရိတ်ပြားပေါ်နင်းထားတဲ့ ခြေထောက်က လီဗာပြားပေါ် ပြောင်းနင်းလိုက်တာနဲ့
အဆင်ပြေသွားပါပြီ။
ကားပါကင်ထိုးတော့မယ်ဆိုရင်
နောက်ဆုံး လိုရာခရီးရောက်ပြီဆိုရင်တော့
ဂီယာကို P အမှတ်အသားမှာ ထားရှိရမှာဖြစ်ပြီး ကား လုံးဝရပ်မယ်ဆိုရင် ဘရိတ်ကို လုံးဝနင်းရမှာဖြစ်ပါတယ်။
အဲဒီနောက် ကားသော့ကို နာရီလက်တံ ပြောင်းပြန် ပုံမှန်အတိုင်းလှည့်ပြီး စက်ရပ်လိုက်ပါ။
တကယ်လို့ ကားပါကင်ထိုးတဲ့အချိန်မှာ နောက်ဆုတ်ရမယ်ဆိုရင် ဂီယာ ကို Reverse လို့ အမည်ရတဲ့
R အမှတ်အသားဆီ ရွေ့ရမှာဖြစ်ပြီး ကိုယ့်ကားနောက်ဆုတ်မယ့် ပတ်ဝန်းကျင် အနေအထားမှာ လွတ်လွတ်ကင်းကင်းရှိမရှိလည်း
ကြည့်ရပါမယ်။ အခြေအနေအားလုံးကောင်းနေပြီဆိုရင် ဘရိတ်နင်းထားတဲ့ခြေထောက်က လီဗာပေါ်ပြောင်းနင်းလိုက်ပြီဆိုတာနဲ့
လိုချင်တာရသွားပြီပေါ့။
ဖြိုးတေဇာ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment