ဒီတစ်ပတ်အတွက်ကတော့
ဆွေမျိုးတို့ကို တိုင်းရင်းသားရိုးရာဟင်းတစ်ပွဲနဲ့ မိတ်ဆက်ပေးမယ်ဗျာ။ မယ်တော်မားသားလည်းအရမ်းကြိုက်တဲ့
ဟင်းတစ်ပွဲပေါ့နော်။ ဟင်းနာမည်ကတော့ ဇီးဖြူခေါက်ဆိတ်သား လုံးတဲ့။ ကျွန်တော်ကတော့ ပအိုဝ်းစတိုင်လေးချက်မယ်။
ဟင်းရည်အတွက်ကတော့ ငါးကြင်းခေါင်းကို ဂွေးရွက်လေးနဲ့ ချဉ်ရည်ဟင်းလေးပေါ့။ ပြီးတော့
မယ်တော်မားသားဈေးကနေ စားချင်တယ်ဆိုပြီးဝယ်လာတဲ့ ၀ါးပိုးမျှစ်လေးကို အိမ်မှာရှိတဲ့ပုဇွန်ခြောက်လေးနဲ့
အချိုကြော်လိုက်မယ်။ ဒါဆိုရင်တော့ ဟင်းအမယ်လေးလည်း စုံစုံလေးနဲ့ စားလို့ကောင်းမှာ အသေအချာပဲပေါ့နော်။
ဇီးဖြူခေါက်ဆိတ်သားလုံး
ဇီးဖြူခေါက်လေးက
ရှာရခက်တယ်ဆိုပေမယ့် ခြံထွက်ကုန်စိမ်းလာရောက်းတဲ့ ကုန်စိမ်းသည်လေး တွေကို တစ်ရက်လောက်ကြိုမှာရင်တော့
အဆင်ပြေပါတယ်။ ဆိတ်ပေါင်သား ၂၅ ကျပ်သားကို ဇီးဖြူခေါက်က ငါးမူးသားလောက်ပဲ ထည့်ရင်ရပါတယ်။
ဇီးဖြူခေါက်ကို သခွားခြစ်လေးနဲ့အမျှင်လေ တွေခြစ်၊ ပြီးရင် ဆားနဲ့နာနာနယ်၊ ရေခနစိမ်ထား၊
နောက် သုံးခါနီးမှ ရေစင်စင်ဆေး၊ ရေပြန်ညှစ်ပြီးသုံးပါ့မယ်။ ဆိတ်ပေါင် သားကို ဓါးနဲ့ပဲနုတ်နုတ်စဉ်းပြီးရင်
ဆား၊ သကြား ကြက်သားမှုန့် ငရုတ်သီးအရောင်တင်မှုန့် နနွင်းမှုန့်နဲ့ ရှမ်းနံနံစဉ်းထားတာထည့်နယ်၊
ပြီးမှ ခုနကရေစိမ်ထားတဲ့ဇီးဖြူခေါက်ကို ရေသေချာညှစ် ညက်အောင်ထောင်း ပြီးထည့်နယ်၊ နာရီဝက်လောက်နှပ်ထားပြီးရင်
အလုံးလေးတွေလုံးပြီးကြော်လိုက်ရုံပါပဲ။
ဒါဆိုရင်တော့
အရသာဖန်ဖန်လေးနဲ့ စားရတာလေးပြီး အရမ်းစားလို့ကောင်းတဲ့ ဇီးဖြူခေါက် ဆိတ်သားလုံးကြော်
ပအ်ုဝ်းစတိုင် ဟင်းတစ်ခွက်ရပါပြီ။
ငါးခေါင်းဂွေးရွက်ချဉ်ဟင်း
ငါးကြင်းခေါင်းကိုရေသေချာဆေး၊
မလိုတာတွေဖယ်၊ ရေပြန်စစ်ထား၊ ဂွေးရွက်မနုမရင့်လေးတွေ ကိုလည်း ခြွေပြီးရေသေချာဆေး၊ ရေပြန်စစ်ထား၊
ကြက်သွန်နီမထူမပါးလှီးထားတာကို ငရုတ်သီးအရောင် တင်မှုန့်နည်းနည်းထည့်ပြီးရောထောင်း၊
နနွင်းမှုန့်နည်းနည်းထည့်ဆီသတ်၊ ပြီးရင် ငါးခေါင်း ဂွေးရွက်နဲ့ ပုဇွန်ငံပြာရည်ထည့်ပြီး
နာနာလုံးလေး၊ ရေအသင့်အတင့်ထည့်ပြီး ရေဆူလာအောင်တည်။ ရေဆူလာမှ အရသာမြည်းကြည့်၊ ဂွေးရွက်ကအချဉ်အရသာလေးနဲ့
အနံ့မွှေးမွှေးလေးဖြစ်နေပြီ။ အရသာလေးလည်း အတော်အနေလေးရပြီဆိုမှ ဓါးပြားရိုက်ထားတဲ့ ငရုတ်စိမ်းနဲ့နံနံပင်လေးအုပ်လိုက်ရင်တော့
ကောင်းမှ ကောင်းပေါ့နော်။
မျှစ်ကြော်
ဝါးပိုးမျှစ်လေးတွေကိုရေသေချာဆေး၊
ရေနွေးအဖြူပူပူနဲ့ဆယ်မိနစ်လောက်ပြန်စိမ်၊ ပြီးမှရေပြန်ညှစ် ထား၊ ပုဇွန်ခြောက်ကိုမညက်တညက်ထောင်းထား၊
ကြက်သွန်နီ မထူမပါးလှီးထား။ ကြက်သွန်ဖြူ တစ်တက် လောက်ကို ဓါးပြားရိုက်စဉ်းထားတာကိုဆီသတ်၊
ပြီးမှ ကြက်သွန်နီနဲ့ နနွင်းမှုန့်လေးနည်းနည်းထည့်ဆီသတ်၊ ပုဇွန်ခြောက်မှုန့်လေးပါထည့်၊
နောက်မှ မျှစ်ထည့်ပြီး ငါးမိနစ်လောက်ကြော်လိုက်ရင် မျှစ်ကြော်ချိုချိုလေးတစ် ခွက်ရပြီပေါ့နော်။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment