ဖက်ရှင်ကျတယ်ဆိုတဲ့
အဓိကရည်ရွယ်ချက်ကဘာလဲ။ ပထမဆုံးက ကိုယ်ကိုယ်တိုင် သက်သောင့်သက် သာရှိနေရမယ်။ အဲဒါမှ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုအပြည့်ရှိမယ်။ အဲဒီလိုယုံကြည်မှုရှိမှ သွားလာ ရပေါ့ပါး လွတ်လပ်တဲ့အတွက် အများအမြင်မှာတစ်မူထူးခြားနေမယ်။
ပြီးတော့ ခန္ဓာကိုယ်ရဲ့ အပြစ်အနာအဆာတွေ ကို လုံးဝမဟုတ်တောင် တစ်စိတ်တစ်ပိုင်းတော့ မသိမသာဖုံးကွယ်ပေးထားနိုင်ရမယ်။
အပြစ်အနာအဆာဆိုတော့ ခန္ဓာကိုယ်ထွားကျိုင်းတာတွေ၊ အရပ်ပုတာ၊ ရှည်တာ၊ ၀တာ၊ ပိန်တာမျိုးစုံပဲပေါ့။
ဒီတစ်ပတ်မှာတော့ ခြေသားလုံးကြီးကြီးတွေကို ဖုံးဖိနည်းလမ်းကောင်းလေးတွေ ဖော်ပြပေးလိုက်ရပါတယ်။
ခြေသားလုံးတုတ်တုတ်ခိုင်ခိုင်တွေဟာ
စကတ်တို၊ ဘောင်းဘီတိုဝတ်ဆင်တတ်သူများအတွက် အဓိက ရန်သူတော်တွေဖြစ်ပါတယ်။ အဲဒီတော့ ခြေသားလုံး
တုတ်တုတ်ကြီးတွေကို ဘယ်လိုဖုံးဖိမလဲ လေ့လာကြည့်ရအောင် …။
ဘောင်းဘီဝတ်ဆင်တဲ့အခါ
ဘောင်းဘီကျပ်တွေဟာ
ခြေသားလုံးကြီးမားသူတွေ ရှောင်ရှားသင့်တဲ့အဓိက၀တ်စုံဖြစ်ပါတယ်။ ဘောင်းဘီရွေးချယ်တဲ့အခါ
တင်ပါးကနေ တစ်ဖြောင့်တည်း၊ တစ်သားတည်းကျတဲ့ ဘောင်းဘီအမျိုး အစားရွေးချယ်ပါ။ အဲဒီဘောင်းဘီဟာ
သိပ်ပြီးမကျယ်လွန်း၊ မကျပ်လွန်းစေဖို့ သတိပြုပါ။ တစ်ဖြောင့်တည်း ဂျင်းဘောင်းဘီတွေက
တင်ပါးကြီးတဲ့ အမျိုးသမီးတွေအတွက်ပါ အဆင်ပြေပြီး ခန္ဓာကိုယ်ကို အချိုးအစားညှိပေးပါတယ်။
ဘောင်းဘီတိုရှောင်
ခြေသားလုံးပြူးပြူးကြီးတွေကို
သိသာထင်ရှားစေမယ့် ဒူးခေါင်းသာသာဖုံးတဲ့ ဘောင်းဘီမျိုး လုံးဝရှောင်ဖို့လိုပါတယ်။ တကယ်လို့
ဘောင်းဘီတိုဝတ်ဆင်မယ်ဆိုပါက ခြေသားလုံးတစ်ဝက်ဖုံးနေတဲ့ ဘောင်းဘီအမျိုးအစား ဒါမှမဟုတ်
ရှုံ့ကြိုးပါဝင်တဲ့ ဘောင်းဘီအမျိုးအစား ရွေးချယ်ဝယ်ယူသင့်ပါတယ်။
ခြေထောက်ရဲ့ဆွဲဆောင်မှုအရှိဆုံးအပိုင်းကိုဖော်ထုတ်ပါ
အမျိုးသမီးအများစု
စကတ်တို၊ ဂါဝန်ဝတ်ဆင်တဲ့အခါ အဆုံးသတ်နေရာက ဒူးခေါင်းတစ်ဝိုက် ဒါမှမဟုတ် ဒူးခေါင်းအပေါ်ဧရိယာဖြစ်ပါတယ်။
အဲဒီဝတ်စုံရဲ့အဆုံးသတ်က မျက်စိကိုခြေသလုံးကြွက်သားတွေကို သိသာမြင်သာလာအောင်ဆွဲဆောင်နိုင်တဲ့
ဖရိုဖရဲ၊ ခပ်ပွပွဖြစ်မနေဖို့က အရေးကြီးပါတယ်။ ဒီလို အခြေအနေမျိုးကို ကျော်လွှားဖို့အတွက်
ခန္ဓာကိုယ်ကောက်ကြောင်းအလှကိုပေါ်လွင်စေပြီး ခြေသားလုံးကြွက်သားတွေကို မျက်စိမရောက်စေမယ့်
pencil Skirt လိုမျိုး ရွေးချယ်ဝင်ဆင်နိုင်ပါတယ်။
လည်တံရှည်ဖိနပ်များ
မြန်မာအမျိုးသမီးတွေအနေနဲ့တော့
လည်တံရှည်ဖိနပ်က မ၀တ်သလောက်ရှားပါတယ်။ တကယ်တော့ လည်တံရှည်ဖိနပ်တွေက ခြေသားလုံးကြွက်သားကြီးတွေကို
ဖုံးကွယ်ပေးနိုင်ရုံသာမက ခြေထောက်ကို ရှည်သွယ်ပြီးလှပစေပါတယ်။ ဂျင်းဘောင်းဘီအကျပ်တွေကလည်း
လည်တံရှည်ဖိနပ်တွေနဲ့ အလိုက်ဖက်ဆုံးဖြစ်ပါတယ်။
အရောင်ရွေးချယ်တဲ့အခါ
ကိုယ့်ရဲ့ဝတ်စုံနဲ့ဖိနပ်ကို
တစ်ရောင်တည်းခြယ်သနိုင်လေ ပိုကောင်းလေဖြစ်ပါတယ်။ အရောင်စုံ၊ နှစ်ရောင်၊ သုံးရောင် အရောအနှောတွေက
ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီကို အသားပေးဖော်ပြနေတဲ့အတွက် ခြေသလုံးကြွက်သားတွေကို
ပိုပြီးသတိထားမိစေပါတယ်။ အနက်ရောင်ကတော့ ခန္ဓာကိုယ်ပြစ်ချက်တွေကို ဖုံးကွယ်ပေးနိုင်စွမ်းရှိတဲ့
အကောင်းဆုံးဝတ်စားဆင်ယင်မှုဖြစ်ပါတယ်။
ခြေမျက်စိအပေါ်ကိုကြိုးကိုရှောင်
ခြေမျက်စိရဲ့အထက်ပိုင်းမှာ
ချည်နှောင်ထားတဲ့ကြိုးပါဝင်တဲ့ဖိနပ်မျိုး လုံးဝရှောင်ကြဉ်ပါ။ အဲဒီဖိနပ်မျိုးက တုတ်ခိုင်နေတဲ့ခြေသလုံးတွေကို
ပိုပြီးသတိထားမိစေပါတယ်။
ဒေါက်ဖိနပ်ဝတ်ဆင်ပါ
ခြေထောက်ကို
ရှည်သွယ်သွားသယောင်ဖြစ်စေဖို့ အကောင်းဆုံးကတော့ ဒေါက်ဖိနပ်ဖြစ်ပါတယ်။ ရောင်စုံချယ်သထားတဲ့ဒေါက်ဖိနပ်ထက်
ရိုးရှင်းတဲ့ဒေါက်ဖိနပ်ကို ရွေးချယ်ဝတ်ဆင်ပါ။
အပေါ်ပိုင်းကိုအသားပေးပါ
ဒါက အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါတယ်။
တုတ်ခိုင်နေတဲ့ ခြေသလုံးတွေကို အာရုံမရောက်စေဖို့ကတော့ ခန္ဓာကိုယ်အပေါ်ပိုင်းကို အဓိကထားပြီးပြင်ဆင်ခြယ်သဖို့လိုအပ်ပါတယ်။
မျက်လုံးကိုဆွဲဆောင်နိုင်စေမယ့် လက်ဝတ်အဆင်တန်ဆာ၊ မိတ်ကပ်ခြယ်သမှု၊ အမြင်ဆန်းစေတဲ့အရောင်စတာတွေကို
ရွေးချယ်အသုံးပြုပါ။
အလှဆင်ပါ
ဖက်ရှင်နဲ့ပတ်သက်လာရင်
ဘယ်အရာမှမဖုံးကွယ်နိုင်တာမရှိပါဘူး။ အပေါ်က ၀တ်စားဆင်ယင်မှုတွေက ကိုယ့်အတွက်အဆင်မပြေတဲ့အခါ
ဆွဲဆောင်နိုင်စေမယ့် ခြေသလုံးမှာတက်တူးထိုးတာ၊ ခြေကျင်းလှလှလေးတွေ ၀င်ဆင်ခြင်းဖြင့်
အာရုံလွဲပြောင်းနိုင်ပါတယ်။
Crystal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment