လူသားတွေအနေနဲ့
ဘ၀မှာတန်ဖိုးထားသင့်တဲ့အရာတွေကို ပြပါဆိုရင် လက်ညိုးထိုးပြနိုင်တဲ့ အရာတွေ အမြောက်အမြားရှိပါတယ်။
ဒီအထဲမှာ ရှေးဟောင်းကားတွေလည်း အပါအ၀င်ပါ။ ကာလကြာ ရှည်လာတာနဲ့ အမျှ ရှိရင်းစွဲတန်ဖိုးထက်ပိုပြီး
အဖိုးတန်လာတဲ့ ရှေးဟောင်းကားတွေဟာ ဒီနေ့ကမ္ဘာ့ နေရာဒေသအတော်များ များမှာ ရှိနေကြဆဲဆိုရင်
ဘယ်သူမှငြင်းနိုင်မှာမဟုတ်ပါဘူး။ နှစ်ဆယ်ရာစုနှစ်တွေ အတွင်း ထုတ်လုပ်အသုံးပြုခဲ့ ကြတဲ့ကားတွေကိုမှ
အမြတ်တနိုးဝယ်ယူအသုံးပြုလိုသူတွေ၊ ဒါမှမဟုတ် သိမ်းဆည်းထားလိုသူတွေအတွက် ရှေးဟောင်းကားတွေကလည်း
ဒီနေ့အထိ သူ့ဈေးကွက်နဲ့သူ အရောင်းအ၀ယ်ဖြစ်နေကြဆဲ ဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့သာ
ရှေးဟောင်းကားချစ်သူဖြစ်တယ် ဆိုရင် ဒီလိုကားတစ်စီးမ၀ယ်ယူခင် ဘယ်လို စိစစ်ပြီး ၀ယ်ယူသင့်လဲ။
ရှေဟောင်းကားတစ်စီး စစ်/မစစ် ဘယ်လိုမှတ်ကျောက်နဲ့ စံထိုးတိုင်းတာမလဲ ဆိုတာလေးတွေ အကြမ်းဖျင်း
အကြံပေးပါရစေ။
ဘယ်လိုရည်ရွယ်ချက်ကြောင့် ၀ယ်ချင်တာလဲ…
ရှေးဟောင်းကားတစ်စီးကို
ကောင်း၏/မကောင်း၏ စစ်ဆေးမကြည့်ခင် ကိုယ့်ကိုယ်ကို အရင်ဆုံး ပြန်မေးကြည့်သင့်တဲ့ မေးခွန်းကတော့ ဘယ်လိုရည်ရွယ်ချက်ကြောင့် ဒီလိုဂန္တ၀င်ကားတွေကိုမှ
ဝယ်ယူလို နေရတာလဲဆိုတဲ့မေးခွန်း ဖြစ်ပါတယ်။ ရှေးဟောင်းကားဆိုတာ အတော်ကြာခဲ့ပြီဖြစ်တဲ့
အချိန်ကာလတစ်ခု မှာကလည်းက ထုတ်လုပ်၊ ခိုင်းစေခဲ့ပြီးဖြစ်တာကြောင့် ဘယ်လောက်ပဲ အကောင်းအတိုင်းကျန်တယ်ပြော ပါစေ
မော်ဒန်ကားတွေလောက်တော့ ချောင်း ချောင်းပြေးဖြစ်နေမှာ မဟုတ်ပါဘူး။
သူ့မှာအလေးထားရမယ့်
ရှေး ဟောင်းတန်ဖိုးရှိမယ်။ ဘိုးဘွားတွေ လက်ဆင့်ကမ်းခဲ့တဲ့ အမွေအနှစ် တစ်ခုအနေနဲ့ ထိန်းသိမ်းထားရမယ့်
ဝတ္တရားရှိမယ်။ ပြီးတော့ ဘယ်တော့မှပြန်မရတော့မယ့်ရှေးဟောင်း အငွေ့အသက်တစ်ခုကို ခံစားနိုင်မယ်။
ဒီလိုရည်ရွယ်ချက်တွေရှိနေရင်တော့ ရှေးဟောင်းကားဝယ်ရတာ ကောင်းမွန်တယ်လို့ပြောရမှာပါ။
ဒီနေရာမှာ တချို့ကလည်း ရှေးဟောင်းပစ္စည်းတွေ ၀ယ်ယူစုဆောင်းရတာ ကို ဂုဏ်ယူတတ်ကြတာကြောင့်
ရှေးဟောင်း ကားတွေကို ဂုဏ်သိက္ခာတစ်ရပ်အနေနဲ့ ၀ယ်ယူဖို့ပြင်ဆင်ကြ ပါတယ်။ ရှေးဟောင်းဂန္တ၀င်ကားတစ်စီးကို
ပိုင်ဆိုင်ရခြင်းက သူတို့အတွက်တန်ဖိုးတစ်ရပ်ဖြစ်တာကြောင့် ဒီလိုကားမျိုးတွေကိုတွေ့ရင်
ဝယ်သိမ်းထားဖို့ကြိုး စားကြတာပါ။
အားနည်းချက် အားသာချက်တွေကိုသိပါ
ကားတစ်စီးကိုဝယ်ယူဖို့
စိတ်အားပြင်းပြနေပြီဆိုရင် ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ဝယ်ဖို့တွေးထားတဲ့ ကားရဲ့ ကောင်းကွက်ဆိုးကွက်တွေကို
အနည်းနဲ့အများတော့ သိထားသင့်တာပါ။ ဒီလိုပဲ ရှေးဟောင်းကားတစ်စီးကို ၀ယ်ယူတော့မယ်ဆိုရင်
ကိုယ်ဝယ်ယူလိုတဲ့ ကားအမျိုးအစားက ဘယ်လိုအမှတ်တံဆိပ်လဲ။ ဒီအမှတ်တံဆိပ်နဲ့ ကိုယ်ဝယ်ယူဖို့မျက်စိကျနေတဲ့
မော်ဒယ်ရဲ့အားနည်းချက် အားသာချက်က ဘယ်လိုရှိလဲဆိုတဲ့အချက်တွေကို သိထားဖို့ မဖြစ်မနေလိုအပ်မှာဖြစ်ပါတယ်။
ဒါမှ ဒီကားနဲ့ သက်ဆိုင်တဲ့ပြဿနာတစ်စုံတရာဖြစ်လာရင် ကိုယ်တိုင်သိနိုင်မှာဖြစ်သလို မပျက်ဆီးသင့်တဲ့အရာတွေ
မပျက်ဆီးရအောင် ကြိုတင်တားဆီးမှုပြုလုပ် နိုင်မှာမို့ပါ။ ဥပမာ ပေးရမယ်ဆိုရင်တော့ ဥရောပထုတ်
ရှေးဟောင်းကားအတော်များများဟာ ၀ါယာရိန်းပိုင်းမှာ ပြဿနာအနည်းနဲ့အများဆိုသလိုရှိတတ်ပြီး ဒီအပိုင်းက ပိုင်ရှင်တွေကိုစိတ်အနှောင့်အယှက်ဖြစ်စေနိုင်တာမို့
မ၀ယ်ယူခင်ကတည်းက ဒီလိုအခက်အခဲကို ဘယ်လိုကျော်လွှားမလဲဆိုတာမျိုး
ကြိုတင်တွေးတောထားဖို့ မဖြစ်မနေလိုအပ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ကိုယ်စိတ်ဝင်စားတဲ့ကားအမျိုးအစားက
ရှေးဟောင်းကား ဖြစ်တာကြောင့် အပိုပစ္စည်းဝယ်ယူတဲ့နေရာမှာ မျှော်လင့်ထားသလောက် လွယ်လွယ်ကူကူရမှာ
မဟုတ်တာ ကြောင့်ပဲဖြစ်ပါတယ်။
မိတ်ဆွေများဆီက အကြံဥာဏ်ယူပါ
ကိုယ့်ဒေသတွင်း
ဒါမှမဟုတ် ကိုယ့်ပြည်တွင်းမှာ ရှေးဟောင်းကားတွေကိုမှ ချစ်မြတ်နိုးတဲ့ဝါသနာ တူတွေ စုဖွဲ့ထားတာမျိုး
ရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ ရှေးဟောင်းကားတွေကို စိတ်ဝင်စားပေမယ့် သူတို့နဲ့ပတ်သက်တဲ့
အကြားအမြင်နည်းပါးတယ်ဆိုရင် အကောင်းအဆိုး/အကြောင်းအကျိုးကို ဒီလိုအသင်း အဖွဲ့ထဲကလူတွေဆီက
အကြံဥာဏ်တောင်းနိုင်မှာပါ။ ပြီးတော့ ဒီလိုအတွေ့အကြုံရှိတဲ့လူတွေကပဲ ကိုယ့် အနေနဲ့ ဘယ်လိုကားမျိုးကို
ဝယ်ယူသင့်တယ်၊ ဘယ်လိုကားမျိုးကိုတော့ ရှောင်ကြဉ်သင့်တယ်ဆိုတဲ့ အဖိုး မဖြတ်နိုင်တဲ့ လမ်းညွှန်မှုတွေ ရရှိနိုင်တာအသေအချာပါ။
အင်တာနက်ခေါက်ဖို့မမေ့ပါနဲ့
နောက်ထပ်လုပ်ဖို့ မမေ့လျော့သင့်တာတစ်ခုကတော့
အင်တာနက်စာမျက်နှာတွေကတစ်ဆင့် ကိုယ်စိတ်ဝင်စားတဲ့ ရှေးဟောင်းကားတွေအကြောင်း လေ့လာဖို့ပဲဖြစ်ပါတယ်။
ကိုယ်သိချင်တာမှန်သမျှ မိနစ်ပိုင်းလေးအတွင်းမှာ ပြည့်ပြည့်စုံစုံနီးပါးသိသွားအောင်
ကူညီပေးနိုင်မယ့် အင်တာနက်ပေါ်မှာ ရှေးဟောင်း ကားတွေ ရှိနေတတ်တဲ့နေရာတွေ၊ ရှေးဟောင်းကားချစ်သူများ
သီးသန့်ဆုံတွေ့တဲ့ နေရာမျိုးတွေနဲ့ ကိုယ်စိတ်ဝင်စားတဲ့ အမျိုးအစားတစ်ခုချင်းစီအလိုက်
ထုတ်လုပ်တဲ့နှစ်၊ ထုတ်ကုန်အကြောင်း၊ အားသာချက်၊ အားနည်းချက်တွေကို တစ်ထိုင်တည်းသိနိုင်အောင်
ကူညီပေးနိုင်တဲ့ ၀က်ဘ်ဆိုက်တွေရှိနေတာပါ။ ပြီးတော့ တချို့နိုင်ငံတွေမှာ ရောင်းချဖို့ဈေးကွက်တင်ထားတဲ့
ကားတစ်စီးချင်းစီရဲ့ နောက်ကြောင်းတွေကိုပါ အသေး စိတ်တင်ပေးထားတာကြောင့် လေ့လာလိုသူတွေအတွက်
အချည်းနှီးဖြစ်စရာအကြောင်း လုံးဝမရှိဘူးလို့ ပြောနိုင်ပါတယ်။
အာကာထက်ဝေ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment