အလုပ်မလုပ်ရသည့်အချိန်အများစုကို ငပိငချဉ်သိပ်ထားတဲ့
လိုင်းကားပေါ်အချိန်ကုန်ဆုံးနေတယ်…
နံနက်မိုးသောက်ကာစ
ဝေရီဝေလင်းပင်ရှိသေးသည်။ ဒါပေမဲ့ သူတို့၏ မျက်ဝန်းမှာတော့ မျှော်လင့်ခြင်း တစ်ဝက်၊ စိုးရိမ်ခြင်းတစ်ဝက်တို့ဖြင့်
ကားလမ်းမတစ်လျှောက် ငေးမျှော်ကြည့်နေသည်။ လည်ပင်းညောင်ရေ အိုးလောက် ရောက်သည်အထိ မျှော်သည်။
လက်ထဲမှာလည်း တစ်နေ့စာအတွက်သင့်တင့်သော ရိက္ခာ ထည့်ထားသည့် အိတ်၊ ခြင်း စသည်တို့ကို ကိုင်လျက်
မျှော်လင့်ခြင်းက လိုင်းကားအချိန်မီရောက်လာရေး ဖြစ်သည်။ စိုးရိမ်ခြင်းကလည်း ထိုအတိုင်းဖြစ်သည်။
လိုင်းကား အချိန်မီမရောက်လာပါက အလုပ်နောက် ကျမည်။ အလုပ်နောက်ကျလျှင် ဒဏ်ကြေးတပ်ခံရမည်။ ဒီထက်ပိုလျှင် အလုပ်ပါပြုတ်နိုင်သည်။ ဒါဆိုရင်
နဂို ကတည်းကမှ ကျပ်တည်းနေသော စီးပွားရေးမှာ အနာပေါ်တုတ်နှင့်ဆွသလို ဖြစ်သွားနိုင်သည်။
ရုံးချိန်မီဖို့
မြို့စွန်တွင်နေသောသူ့အတွက် မိုးသောက်ချိန်ကတည်းက ထွက်လာရခြင်းဖြစ်သည်။ ဒါတောင် ရုံးချိန်မီဖို့
အာမ မခံနိုင်။ ကိုရွှေလိုင်းကားအပေါ် မူတည်သည်။ သူတို့စိတ်လိုလျှင် ရုံးချိန်မီမည်။ လိုင်းတူနောက်ကားကို
စောင့်နေပြီဆိုရင်တော့ ကိုယ်လည်း လိပ်ဖြစ်သွားပေတော့မည်။ ဒါတောင် ကားလမ်း ပိတ်တာကို
အရေထူပြီးသားဖြစ်နေလို့။ နို့မဟုတ်ရင် ဒေါသထွက်ရတာ အသက်ထွက်လုမတတ် မောပန်း လှသည်။ တစ်မျှော်တစ်ခေါ်
ကားတန်းရှည်ကြီးကိုကြည့်ရင်း ဘာကို စိတ်ဆိုးလို့ ဆိုးရမှန်းမသိ။ ကားလမ်းတွေ လုံလုံလောက်လောက်
မရှိသေးခင် ကားတင်သွင်းခွင့်လျှော့ချပေးခဲ့သော အစိုးရကိုလား။ ဒါမှမဟုတ် စည်းမရှိ ကမ်းမရှိမောင်းနေသော
ကားသမားတွေကိုလား။ (ဒီနေရာမှာ တစ်ခုတော့ ပြောချင်သည်။ ကားသမားတိုင်းကို ဆိုလိုခြင်းမဟုတ်တာ
သိစေချင်သည်) တွေးရင်း တွေးရင်း ကိုယ့်ဘ၀ကို ရင်နာလာသည်။
တစ်နေ့လုပ်မှ တစ်နေ့စားရမယ့်
အခြေခံအတန်းစားတွေအတွက် ဘယ်မှာလဲအခွင့်အရေးတွေ။ မိသားစုနွဲျ့နူထေ လုပ်ဖို့ ဘယ်မှာလဲအချိန်တွေ။
အလုပ်မလုပ်ရသည့်အချိန်အများစုကို ငပိ ငချဉ်သိပ်ထားသော လိုင်းကားပေါ် ကုန်ဆုံး နေသည်။
အလုပ်သွားဖို့ အတက်ကြွဆုံး ခြေလှမ်းများဖြင့် အိမ်မှထွက်ခဲ့သော်လည်း အလုပ်သို့အရောက်တွင်
ကားလမ်းပိတ်သည့်ဒဏ်ကြောင့် လန်းဆန်းမှုတွေက မည်သည့်အလုပ်မှမလုပ်ရခင် တစ်ဝက်တိတိပဲ့ပါသွား
သည်။ အလုပ်ကအပြန် ယိုင်နဲ့နေသော ခြေလှမ်းများက အိမ်အရောက်မှာ မသယ်ချင်တော့။ အိမ်ရောက်ပြန်
တော့ အိပ်။ ဒါက အခြေခံ လက်လုပ်လက်စား လူတန်းစားသမားများအတွက် နိစဓူဝ သံသရာပင်။
အပြောင်းအလဲကာလမှာ
အခြေခံလူတန်းစားအတွက် ကောင်းကျိုးရတာ တစ်ခုတည်းရှိသည်။ ဒါက အရင် သိန်း(၂၀) ကျော်တန်သော
ဖုန်းများကို (၁၅၀၀)နဲ့ ၀ယ်ယူသုံးစွဲနိုင်ခြင်းဖြစ်သည်။ အရင်ကထက် ပိုဆိုး သွားတာက ပို့ဆောင်ဆက်သွယ်ရေး
ဖြစ်သည်။ တိတိကျကျပြောရလျှင် ကားလမ်းပိတ်သည့် ပြဿနာဖြစ် သည်။ လွတ်လပ်စွာ ကားတင်သွင်းခွင့်ပြုလိုက်ပြီးနောက်
ဇိမ်ခံကားများမှာ ရန်ကုန်မြို့တွင် မမြင်ချင်မှ အဆုံး ဖြစ်လာသည်။ အရင်တုန်းက သိန်းထောင်ချီတန်သောကားများမှာ
ယခုတော့ သိန်းရာဂဏန်းကို ကျလာသည်။ ဒီတော့ လူလတ်တန်းစားတွေလည်း ကားလေးတစ်ဝီ၀ီနှင့် ဖြစ်လာသည်။
နင်းပြားအခြေခံလူတန်းစားများက တော့ ဆိုးသထက်ဆိုးသွားသည်။ သူများတွေလို ကားဝယ်မစီးနိုင်။
လိုင်းကားကျပြန်တော့လည်း ပေးလိုက်ရ သည့်အချိန်နှင့် ကိုယ်စိတ်နှစ်ပါးပင်ပန်းမှုက ကာပင်မကာမိ။
အရင်က နာရီဝက်သာ အချိန်ပေးရသော ခရီးက ယခုတော့ (၁)နာရီခွဲပင် မလောက်ချင်တော့။ ဒီတော့
ဘာလုပ်ရမလဲ။ ကြိတ်မှိတ်သည်းခံရင်းသာ ဘ၀ကို ဆက်လက်ရုန်းရရုံသာ ရှိတော့သည်။
ကားလမ်းပိတ်သည့် ပြဿနာက သမ္မတကြီးပင်
မနေနိုင်ဖြစ်သွားရသည်။ သမ္မတကြီးက ဒီပြဿနာကို အရေးပေါ်ပြဿနာအဖြစ် သတ်မှတ်ထားသည်။ တာဝန်ရှိသူတွေလည်းလုပ်တော့
လုပ်နေသည်ဟု ဆိုသည်။ မြို့ထဲမှာဆို ကားလမ်းတွေချဲ့၊ အချို့ကား အရမ်းပိတ်သည့်နေရာများတွင်
ယာဉ်ထိန်းရဲများထားသည်ကို တွေ့ရသည်။ ထားလည်း ထားတာပဲအဖတ်တင်သည်။ ခုံးကျော်တံတားများကိုလည်း
ကားလမ်းပိတ်သည့် ပြဿနာ ပြေလည်ရာ ပြေလည်ကြောင်း ဆောက်သည်။ အခု ရေတွင်းတူး၊ အခုရေကြည်သောက်လို့
မရသေးတာ လက်ခံသည်။ သို့ရာတွင် ဆောက်လုပ်ဆဲကာလများကို ဖြတ်သန်းရတာတော့ အတော်ဆိုးသည်။
နဂိုကတည်းကမှ ပိတ်နေသည့်လမ်းမှာ တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်ကြောင့် ပိုပိတ်သွားသည်။
(ဥပမာ အခုလက်တလော မြေနီကုန်းတွင်ဖြစ်နေသည့် ပြဿနာမျိုး) အခြေခံလူတန်းစားများအတွက် မြေနိမ့်ရာ
လှံစိုက်သလို ဖြစ်နေသည်။ အသွင်ကူးပြောင်းဆဲကာလမှာ သက်တမ်းနု ဒီမိုကရေစီ နောက်ပြန်မလှည့်သွား
စေရန် ကြိုးစားနေရသည်။ ဒီမိုကရေစီခေတ်မှာ ကားလမ်းပိတ်သည့် ပြဿနာကလည်း စိန်ခေါ်မှုတစ်ခုဖြစ်နေ
သည်။ ကျွန်တော်တို့ ဘယ်လိုခရီးဆက်ရမည်နည်း။ နိုင်ငံရေးမဟုတ်သော်လည်း နိုင်ငံ့အရေးသည်
ကားလမ်း ပိတ်မှုတစ်ခုအဖြစ် တည်ရှိနေဆဲဆိုလျှင် …။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment