ကားပိုင်ရှင်အတော်များများဟာ
စနေ၊ တနင်္ဂနွေအားလပ်မျိုးတွေမှာ သူတို့ရဲ့ကားတွေကို ကိုယ်တိုင် ရေဆေးတတ်ကြပါတယ်။ ဒီလို
ကိုယ့်ကားကို ကိုယ့်သားသမီး တစ်ဦးလို ထိန်းသိမ်းစောင့်ရှောက်တာက ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်ပေမယ့်
ကားရေဆေးတဲ့နေရာမှာလည်း အခြေခံကျတဲ့ အချက်တွေ ရှိနေပါတယ်။
ဘယ်အချိန်မှာ ကားရေဆေးသင့်သလဲ
ရှောင်ရန်
- ကားကို အချိန်အကြာကြီး သန့်ရှင်းရေးမလုပ်ဘဲ ကြေးတွေအများကြီးတက်လာတဲ့အချိန်ထိ မစောင့်ပါနဲ့။
ပိုးမွှားအသေတွေ၊ ငှက်ချေးတွေနဲ့ ဓာတုပစ္စည်းတွေအားလုံးက ကားရဲ့အရောင်ကို မှေးမှိန်စေပြီး
ကိုယ့်ကားရဲ့ ဆေးသားကိုပါ ဒုက္ခပေးနိုင်ပါတယ်။ တကယ်လို့ ကားကိုအချိန်အကြာကြီး ရေမဆေးဘဲ
ပစ်ထားမယ်ဆိုရင် အဲဒါတွေက ကိုယ့်ကားကို ရုပ်ဆိုးအကျည်းတန်စေပြီး ကားကို ဆေးပြန်မှုတ်ရတဲ့
အထိကုန်ကျမှုတွေ ကြီးမြင့်လာနိုင်ပါတယ်။
ဆောင်ရန်
- ပိုးမွှားအသေတွေနဲ့ ငှက်ချေးတွေကို တတ်နိုင်သမျှမြန်မြန်ဆန်ဆန် သန့်ရှင်းရေးပြုလုပ်ရမှာ
ဖြစ်ပါတယ်။ ဒါ့အပြင် ကားကို တစ်ပတ်တစ်ခါ ပုံမှန်ဆေးကြောတိုက်ချွတ်ပေးမယ်ဆိုရင် ကိုယ့်ကားရဲ့
ကိုယ်ရောင်ကိုယ်ဝါက အမြဲတမ်းတောက်ပနေနိုင်ပါတယ်။
ဘယ်ပစ္စည်းတွေကို သုံးမလဲ
ရှောင်ရန်
- အိမ်သုံးသန့်ရှင်းရေး ပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ ဒါမှမဟုတ် မှန်တွေ
တိုက်ချွတ်ဆေးကြောရာမှာ အသုံးပြုတဲ့ဆေးတွေကို ကားဆေးရာမှာ မသုံးစွဲဖို့ လိုအပ်ပါတယ်။
အဲဒီ ပစ္စည်းတွေက ကားရေဆေးဖို့အတွက် ထုတ်လုပ်ထားတဲ့ ဆပ်ပြာမဟုတ်လို့ အဲဒါတွေကိုသုံးမယ်ဆိုရင်
ကိုယ့်ကားရဲ့အရောင်တင်ဆီတွေကိုပါ မှေးမှိန်သွားစေနိုင်ပါတယ်။
ဆောင်ရန်
- ကားအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ဆပ်ပြာကို အသုံးပြုခြင်းဖြင့် မော်တော်ကားဆေးရာမှာ
ပိုမိုအသုံးဝင်နိုင်မှာဖြစ်သလို အဲဒီဆေးတွေကလည်း အိမ်သုံးဆေးတွေထက် ပိုမိုနူးညံ့ပါတယ်။
အမြုပ်များများ ထွက်တဲ့ဆပ်ပြာကို အသုံးပြုရမှာဖြစ်ပြီး ကားဘီးနဲ့တာယာတွေကိုလည်း အမြှုပ်များများနဲ့
တိုက်ချွတ်ဆေးကြော ရမှာဖြစ်ပါတယ်။ ဒါမှ ကားဘီးနဲ့တာယာမှာကပ်နေနိုင်တဲ့ သဲတွေ၊ ဖုန်တွေနဲ့
အခြားအကျိုးအပဲ့အစအနတွေကို ဖယ်ရှားပေးနိုင်မှာဖြစ်ပြီး ဘရိတ်မမိတာလိုမျိုး အန္တရာယ်ရှိနိုင်တဲ့
မတော်တဆဖြစ်မှုတွေကိုလည်း ရှောင်ရှားပြီး သား ဖြစ်သွားပါလိမ့်မယ်။
ကားရေးဆေးတော့မယ်ဆိုရင်
အထွေထွေလိုက်နာရမယ့် အချက်များ
ရှောင်ရန်
- ကားမောင်းပြီးကာစ အချိန်တွေနဲ့ကားပါကင်မှာ နေရောင်တိုက်ရိုက်ကျနေချိန် ကားရဲ့ဘော်ဒီက
ပူနေနိုင်လို့ အဲဒီအချိန်တွေမှာ ကားရေဆေးဖို့ မသင့်တော်ပါဘူး။ အခုလို ကားဘော်ဒီပူနေချိန်မှာ
ရေဆေးရတာက ပိုမိုခက်ခဲနိုင်ပြီး အစက်အပြောက်တွေလည်း ပိုမိုထွက်ပေါ်လာနိုင်ပါတယ်။
ဆောင်ရန်
- အညစ်အကြေး အမှိုက်သရိုက်တွေကို မဆေးကြောခင် ကားမျက်နှာပြင်တစ်ခုလုံးကို ရေနဲ့ အရင်ဆေးကြာရမှာဖြစ်ပါတယ်။
နောက်ပြီး သတ်မှတ်နေရာမှာ ရေနဲ့အရင်ဆေး၊ နောက်တော့ ရေမြှုပ်နဲ့ အချောသတ်ဆေးကြောပြီးမှ
နောက်တစ်နေရာကို ကူးပြောင်းရမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ကားထိပ်ပိုင်း ကနေ စတင်ဆေးကြောသင့်ပြီး
ဒါမှ တခြားအပိုင်းတွေမှာ အဲဒီကကျတဲ့ရေတွေကြောင့် ကိုယ့်အတွက် အချိန်ကုန်လူပန်း သက်သာပါလိမ့်မယ်။
ရှောင်ရန်
- တစ်စီးလုံး ရေဆေးပြီးသွားပြီဆိုတာနဲ့ ကားကို တစ်ခါတည်းစီးတာမျိုး ရှောင်ရှားသင့်ပါတယ်။
အဲဒီလို ကားရေမခြောက်သေးဘဲစီးမယ်ဆိုရင် ကိုယ့်အတွက်လည်း အန္တရာယ်ရှိလာနိုင်ပြီး ကားအမြန်ခြောက်ဖို့
အတွက် ကြမ်းတမ်းတဲ့ တာဝါ၊ ဒါမှမဟုတ် အဲဒီလိုမျိုး ပုံစံတူတဲ့ပစ္စည်းတွေနဲ့ သုတ်တာမျိုးတွေကို
ရှောင်ရှားသင့် ပါတယ်။ ဒီလိုလုပ်မယ်ဆိုရင် ကိုယ့်ကားမှာ ပွန်းရာခြစ်ရာတွေဖြစ်လာနိုင်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment