တောင်တက်လမ်းတွေမှာ ကားပိုမြန်အောင် ဘယ်လိုလုပ်ထားသင့်လဲ










ကားမောင်းနှင်နေသူ တစ်ယောက်အနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာပဲ ရောက်နေပါစေ ကိုယ့်ကား ကို လျင်လျင်မြန်မြန် မောင်းနှင်လိုကြသူတွေချည်းပါပဲ။ အထူးသဖြင့် ကုန်းတက်တွေ၊ တောင်တက်ရတဲ့ နေရာမျိုး တွေရောက်လာရင် ကိုယ့်ကားအီမနေဘဲ ဘယ်လောက်မြန်အောင် မောင်းလို့ရတယ်ဆိုတာက ကားချစ်သူတိုင်း လိုချင်ကြတဲ့ဆန္ဒတစ်ရပ် ဖြစ်နေမှာပါ။ ဒါကြောင့် တောင်တက်လမ်းတွေမှာ ကိုယ့်ကားကို ဘယ်လိုမြန်အောင် မောင်းနှင်ရမလဲဆိုတာနဲ့ပတ်သက်လို့ နည်းလမ်း(၂)မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တောင်တက်လမ်းတွေမှာ ကားကိုလျင်မြန်အောင် မောင်းနှင်လိုသူတွေအနေနဲ့ ပထမဆုံးကားမောင်းတဲ့ နည်းဗျူဟာကို ပြောင်းလဲဖို့ လိုအပ်သလို အင်ဂျင်ပါဝါကိုလည်း အကောင်းဆုံးအခြေအနေရောက်အောင် ပြုပြင်ထားရမှာပါ။ ဒီအချက်(၂)ခုအပြင် ကားကိုပိုပြီးမြန်ဆန်အောင် အထောက်အပံ့ပေးမယ့် အချက်တွေနဲ့ မိတ်ဆက်ပေးရ မယ်ဆိုရင်…..

အင်ဂျင်တွေကို ပြုပြင် ထား
ကိုယ်အသုံးပြုနေတဲ့ကားရဲ့ သက်တမ်းနဲ့ အတိတ်ကာလတစ်လျှောက် ကိုယ့်ကားက ၀န်ဆောင်မှု ကောင်းကောင်းပေးခဲ့လားဆိုတာတွေကိုကြည့်ပြီး အင်ဂျင်ရဲ့လုပ်ဆောင်နိုင်စွမ်း အတိမ်၊ အနက်ကို တိုင်း တာနိုင်မှာဖြစ်ပါတယ်။ အင်ဂျင်က ထင်သလောက် ဂျောင်းဂျောင်းပြေးဖြစ်မနေဘဲ လီဗာနင်းလိုက်လို့မှ ပါမလာ ဖြစ်နေရင်တော့ အပေါ့စားပြင်ဆင်မှုတွေ လုပ်ဖို့လိုအပ်နေပါပြီ။ အဲဒါကတော့ လေစစ်တွေ လဲလှယ် တာ၊ ပလပ်တွေဂျီးဆေးတာ၊ အသစ်လဲလှယ်တာမျိုးတွေ ပါဝင်သလို ပလပ်ကြိုးအသစ်လဲတာမျိုးတွေလည်း ပါဝင်ပါတယ်။ ကိုယ့်ကားက ၁၉၈၀ အစောပိုင်းနှစ်တွေကထုတ်ထားတဲ့ ကားမျိုးဖြစ်နေရင်တော့ ကာဘရိုက်တာ ဆေးတာ၊ အင်ဂျင်တိုင်မင်ပြန်ချိန်တာ စတဲ့ အချက်တွေကိုလည်း မှန်မှန်ကန်ကန် ရှိနေအောင် ဂရုစိုက်စစ်ဆေး သင့်တာ စစ်ဆေး၊ ပြုပြင်သင့်တာ ပြုပြင်လုပ်ထားရမှာပါ။

တာယာလေများနေလား
ဒီအချက်က ကားအပေါ် အများကြီးသက်ရောက်မှုရှိနေမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လျစ်လျူရှု မထားသင့်တဲ့ အချက်ဖြစ်နေတာကတော့ သေချာပါတယ်။ တကယ်လို့ ကိုယ့်ကားက လိုအပ်တာထက်ပိုပြီး လေများနေမယ်ဆိုရင် မောင်းနှင်နေတဲ့အချိန်အတွင်း သာမန်အခြေအနေမျိုးမှာထက် ထိန်းချုပ်ရခက်တတ် သလို ဘီးချော်သွားတာမျိုးတွေလည်းဖြစ်တတ်တာကြောင့် ဂရုစိုက်သင့်တဲ့အချက်တွေထဲမှာ ပါဝင်နေတာပါ။

အင်ဂျင်လဲလှယ်ပါ
တကယ်လို့ ကိုယ့်စီးပွားရေး အခြေအနေက ခွင့်ပြုရင်၊ ကာယကံရှင်ကိုယ်တိုင်ကလည်း ကားအ သစ် တစ်စင်းမလဲလှယ်ဘဲ အင်ဂျင်ပါဝါ ပိုကောင်းတဲ့ကားကိုမှ စီးချင်နေပြီဆိုရင်တော့ အင်ဂျင်အသစ် တစ်လုံးသာ လဲလှယ်ဖို့ ရှိတော့တာပါ။ ဒီလိုဆိုရင်တော့ ကားကပိုပြီးအရုန်းအဆွဲကောင်းလာလို့ စိတ်ချမ်း သာရမှာဖြစ်သလို တောင်တက်တာတွေ ဘာတွေ အသုံးပြုရင်လည်း မြန်မြန်ဆန်ဆန်နဲ့ စိတ်ညစ်နေစရာ မလိုဘဲ အလွယ်တကူ တက်နိုင်၊ ဆင်းနိုင်လာမှာ သေချာပါတယ်။

အပိုဝိတ်တွေလျှော့ထား
ထရပ်ကားတွေကိုကြည့်လိုက်ရင် အမြဲတမ်းဝန်ထုတ်ဝန်ပိုးတွေနဲ့ လေးလံနေတာကို တွေ့မြင်ရမှာ ပါ။ တကယ်လို့ ကိုယ့်ကားကိုလည်း ထရပ်ကားတစ်စင်းလို လေးလေးနှေးနှေးကြီး ဖြစ်မနေစေချင်ဘူးဆိုရင် ထိုင်ခုံနောက်မှာတင်ထားတဲ့ လေးလံတဲ့ပစ္စည်းတွေ၊ နေရာတကာမှာ ကျပ်ညပ်နေအောင်တင်ထားတဲ့ ၀န်ပိုတွေကို တတ်နိုင်သမျှ လျှော့ချထားသင့်တာပါ။ အခုနောက်ပိုင်းကာလတွေမှာတော့ ကားထုတ်လုပ် သူတွေ ဟာ သူတို့ရဲ့ကားတွေကိုပိုပြီး ပေါ့ပါးတဲ့သတ္ထုအမျိုးအစားတွေကို အသုံးပြုပြီး ထုတ်လုပ်လာကြ ပါတယ်။ ဒီလို ပြုလုပ်တာကတော့ ကားအလေးချိန်လျော့ကျသွားတာကြောင့် ဆီစားသက်သာသွားစေသလို၊ ပိုပြီးတော့လည်း တောင်တက်လမ်းတွေအသုံးပြုနိုင်ဖို့အတွက် အဆင်ပြေစေမှာပါ။

အဲကွန်းပိတ်ထားမယ်
အဲကွန်းပိတ်ထားတာနဲ့ တောင်တက်လမ်းအသုံးပြုမှာ ဘာဆိုင်လဲလို့မေးစရာရှိလာပါတယ်။ ဒါပေမယ့် တကယ်တော့ အဲကွန်းဖွင့်ထားတာဟာ ကွန်ပရက်ဆာလည်ပတ်နိုင်ဖို့အတွက် အင်ဂျင်ပါဝါကိုပဲ အသုံးပြုရတာ ဖြစ်လို့ တောင်တက်တွေ၊ ကုန်းတက်လမ်းတွေ အသုံးပြုရာမှာ သူ့ကိုပိတ်ထားရင် ပိုပြီးတော့အင်ဂျင်အတွက် ရုန်းအား၊ ဆွဲအားတက်လာစေမှာပါ။

အရှိန်လျော့မသွားစေနဲ့
ဆိုလိုတာကတော့ ကိုယ်မောင်းနေလက်စဂီယာက အရှိန်လျော့စပြုလာပြီဆိုရင် ဂီယာအသေးကို ချက်ခြင်းပြောင်းပြီး အရှိန်လျော့မသွားအောင် ထိန်းထားဖို့ကို ရည်ရွယ်ရင်းဖြစ်ပါတယ်။ တောင်တက်လို့ အရှိန်လျော့လာရင် ဒီလိုလုပ်ရမယ်ဆိုတာ ကားမောင်းသက်ရင့်နေတဲ့ လူတိုင်းနားလည်နိုင်မှာဖြစ်ပေမယ့် ကားနဲ့အခုမှစ ရင်းနှီးတဲ့သူတချို့ကတော့ ဂီယာမပြောင်းဘဲ မောင်းနှင်တတ်ကြလို့ပါပဲ။ ဒီနေရာမှာ ကိုယ်စီးတဲ့ ကားက အော်တိုဂီယာဖြစ်နေရင်တော့ အပြောင်းအလဲလုပ်နေစရာမလိုဘဲ အလိုအလျောက် အဆင်ပြေစေနိုင် မှာ ဖြစ်ပါတယ်။ ဒါပေမယ့် RPM (Revolution Per Minutes) တစ်မိနစ်အတွင်း အရှိန်ပြောင်းမြန်လွန်းတဲ့ ကားတွေမှာဆိုရင်တော့ တောင်တက်လမ်းမှာ အပူလွန်တာတွေ ဘာတွေ ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ အင်ဂျင်ကို အရမ်းရုန်းအောင် ဇွတ်အတင်း မမောင်းနှင်သင့်ပါဘူး။

အရှိန်နဲ့ပြေးတက်
တချို့ထရပ်ကားမောင်းနှင်သူတွေကတော့ တောင်တက်လမ်းတွေမှာ အရှိန်လျော့ကျမသွားအောင် အတော်ဝေးဝေးကတည်းက အရှိန်မြင့်မောင်းနှင်လာလေ့ ရှိပါတယ်။ ဒီလိုမောင်းနှင်တာက ရုတ်တရက် ဂီယာပြောင်းလဲစရာမလိုဘဲ အတိုင်းအတာတစ်ခုအထိ ကားကိုသက်သောင့်သက်သာ ခရီးပေါက်သွားစေ မှာဖြစ်ပါတယ်။ ဒါ့အပြင် တောင်တက်လမ်းတွေ မောင်းနှင်နေရာမှာ အရှိန်ပါလာလို့ ဂီယာကို ခဏပြီး ခဏပြောင်းထိုးစရာမလိုဘဲ ခရီးတစ်ဝက်လောက်အထိ ချောချောမောမောတက် ရောက်သွားနိုင်မှာပါ။ အထူးသဖြင့် တောင်ကုန်းကသိပ်မမြင့်ရင်ပေါ့။
         

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment