ချစ်သူနဲ့ချိန်းတွေ့နေတဲ့အချိန်ရောက်မှ
တစ်ခုခုကိုကြည့်ကောင်းအောင် ပြုပြင်နေရတယ်ဆိုတာ တော်တော်ဖိအားများတဲ့ အလုပ်တစ်ခုဖြစ်မှာပါ။
တစ်ဖက်ကလည်း ကိုယ့်အပေါ်အပြည့်အ၀ အထင်ကြီးသွားဖို့ မဖြစ်နိုင်တဲ့အပြင် ကာယကံရှင်အတွက်လည်း
စိတ်အနှောင့်အယှက်ဖြစ်ရမှာ အသေအချာပါပဲ။ ဒါကြောင့် ကိုယ့်ချစ်သူနဲ့ တွေ့ဖို့သွားတော့မယ်ဆိုရင်
အဲဒီအချိန်မတိုင်ခင်ကတည်းက အစစအရာရာ ကြိုတင်ပြင်ဆင်မှု တွေ ပြုလုပ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။
အထူးသဖြင့် ကိုယ်ချစ်တဲ့သူနဲ့အတူ သွားရောက်လည်ပတ်တော့ မယ်ဆိုရင် စီးတော်ယာဉ်ဖြစ်တဲ့ကားကို
အသန့်ရှင်းအတောက်ပြောင်ဆုံး အခြေအနေမျိုးရောက်အောင် ကြိုတင်သန့်ရှင်းမှုတွေ ပြုလုပ်ထားရမှာပါ။
ကားအတွင်း/အပြင် နှစ်ခုစလုံးသန့်ရှင်းနေမယ်ဆိုရင် နှစ်ဦးသား ကားနဲ့လျှောက်လည်တဲ့အခါဖြစ်ဖြစ်၊
ကားထဲမှာပဲ စကားပြောကြတဲ့အခါဖြစ်ဖြစ် သက်သောင့်သက်သာနဲ့ ပြီးပြည့်စုံတဲ့ အခိုက်အတန့်တစ်ခုကို
ဖန်တီးနိုင်မှာအသေအချာပါပဲ။ ဒါကြောင့် ကိုယ်ချစ်ရတဲ့သူနဲ့ ဒိတ်မလုပ်ခင် ကားကို ဘယ်လိုတင်ကြိုသန့်ရှင်းမှုတွေ
ပြုလုပ်ထားသင့်လဲဆိုတာ ဆွေးနွေးပါရစေ။
အတွင်းပိုင်းက နံပါတ်တစ်
ထင်သာမြင်သာအရှိဆုံးနဲ့
လူနဲ့ထိတွေ့မှုအများဆုံးပြုလုပ်ရမယ့်အပိုင်းကတော့ ကားအတွင်းပိုင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်
ကိုယ့်ချစ်သူနဲ့ဒိတ်မလုပ်ခင်မှာ ကားအတွင်းပိုင်းကို သန့်ရှင်းစင်ကြယ်နေအောင် အရင်ပြုလုပ်ရပါလိမ့်မယ်။
ပထမဆုံးက ကားအတွင်းပိုင်းက အမှိုက်တွေကိုရှင်းလင်းဖယ်ရှားပစ်လိုက်ဖို့ပါပဲ။ ကားအတွင်းပိုင်းမှာ
ဘာအမှိုက်သရိုက်မှမရှိခြင်းက ဒိတ်လုပ်တဲ့နေရာမှာ ကိုယ့်ကိုသက်ဆိုင်သူက အထင်ကြီး သွားစေပါတယ်။
ထင်သာမြင်သာရှိတယ်လို့ မထင်ရပေမယ့် ကျယ်ဝန်းသန့်ရှင်းပြီး နေချင်စဖွယ် ပတ်ဝန်းကျင်
လေးဖြစ်နေတဲ့ ကားအတွင်းပိုင်းက သူ့ကိုစိတ်ချမ်းသာစေမှာတော့ အသေအချာပဲဖြစ်ပါတယ်။ အမှိုက်သရိုက်
တွေ ကင်းစင်နေတဲ့အပြင် ကားအတွင်းပိုင်းမှာ မွှေးပျံ့တဲ့ရနံ့လေးတွေ ပျံ့နှံ့နေတာ၊ သန့်ရှင်းတောက်ပြောင်
နေတာ စတဲ့အချက်တွေက ကိုယ့်သက်ဆိုင်သူကို စိတ်ချမ်းသာသွားစေမှာကြောင့် ကိုယ့်အတွက်အမှတ်တွေ
တက်လာစေနိုင်သလို ကိုယ်ကိုယ်တိုင်အတွက်လည်း စိတ်မလုံမလဲဖြစ်ပြီး နေရတဲ့ဒဏ်ကလွတ်ကင်းမှာ
အသေအချာပါ။
ဘယ်လိုပစ္စည်းမျိုးတွေကို ဖယ်ထားသင့်လဲ
ကားအတွင်းမှာ
ကာယကံရှင်နှစ်ဦးကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် ပစ္စည်းတွေအပါအ၀င် အခြား မလိုလားအပ်တဲ့
အသုံးအဆောင်တွေအားလုံးကို ဖယ်ထုတ်ထားနိုင်ရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အမှိုက် တွေ၊
စားကြွင်းစားကျန်တွေအပြင် အမှန်တကယ်မလိုအပ်ဘဲ ထည့်သိမ်းထားမိတဲ့ ခဲတံ၊ စာအုပ်၊ လွယ်အိတ်လို
အရာတွေကိုလည်း ကားထဲကဖယ်ထုတ်ထားသင့်ပါတယ်။ နောက်တစ်ချက်က ကားအတွင်းမှာ အနံ့ဆိုးတွေ
ဖြစ်နေစေမယ့် ပစ္စည်းတွေကိုလည်း ဒိတ်မလုပ်ခင်ကတည်းက သတိထားပြီး ဖယ်ရှားထားဖို့ မေ့မနေသင့်ပါဘူး။
ဒက်ရှ်ဘုတ်၊ ထိုင်ခုံအောက်၊ ဆိုဖာကြားစတဲ့နေရာတွေမှာ အနံ့ဆိုးထွက်စေမယ့်အရာ ဒါမှမဟုတ်
အမှိုက် သရိုက်တွေ ခိုအောင်းနေတတ်တာကို သတိရသင့်ပါတယ်။
ဖုန်စုတ်စက်သုံးပါ
ကားထဲက
မလိုအပ်တဲ့အသုံးအဆောင်တွေ၊ အမှိုက်သရိုက်တွေကို ဖယ်ရှားပစ်ပြီးပြီဆိုရင်တော့ ဒီ ပစ္စည်းတွေက
ကြွင်းကျန်ရစ်ခဲ့မယ့် အမှုန်အမွှားလေးတွေကို ဖယ်ရှားသုတ်သင်ဖို့ ဖုန်စုတ်စက်ကို အသုံးပြု
ရပါလိမ့်မယ်။ ကားကြမ်းခင်း၊ ထိုင်ခုံပေါ်နဲ့ ထိုင်ခုံကြားစတဲ့ ကားအတွင်းပိုင်းနေရာအတော်များများကို
ဖုန်စုပ် စက်နဲ့သန့်ရှင်းသွားအောင် သန့်ရှင်းရေးလုပ်ရမှာပါ။ ဒီနေရာမှာ ထိုင်ခုံကြားက ချိုင့်နေတဲ့နေရာလိုမျိုး
ဖုန်စုပ် စက်နဲ့ လက်လှမ်းမမီတဲ့နေရာမျိုးတွေဆိုရင်တော့ ပျော့ပျောင်းတဲ့ဘရပ်ရှ်မျိုးနဲ့
အမှုန်တွေကို ဖယ်ရှားပစ်နိုင် ပါတယ်။ ကိုယ့်ကားအတွင်းပိုင်းမှာ တပ်ဆင်ထားတဲ့ ထိုင်ခုံတွေက
လယ်သာထိုင်ခုံတွေဖြစ်နေရင်တော့ ဘရှပ်ရှ် အနုစားလေးတွေကို အသုံးပြုနိုင်ရင်အကောင်းဆုံးပါပဲ။
အစွန်းအထင်းတွေကိုချွတ်ပါ
ကိုယ့်ကားအတွင်းပိုင်းမှာက
လယ်သာထိုင်ခုံတွေမဟုတ်ဘဲ ချည်သားထိုင်ခုံတွေဖြစ်နေမယ်၊ ပြီးတော့ စွန်းထင်းနေမယ်ဆိုရင်တော့
ဒါတွေကိုသေချာတိုက်ချွတ်ဖို့ အာရုံစိုက်ရတော့မှာပါ။ ဒီလို ကားထိုင်ခုံပေါ်က အစွန်းအထင်းတွေက
သာမန်လူကိုတောင် အကြီးအကျယ်စိတ်အနှောင့်အယှက်ဖြစ်စေတာမို့ ကိုယ်အမှတ် ယူရမယ့် ကိုယ့်ချစ်သူနဲ့ကားပေါ်မှာ
ဒိတ်မဲ့အရေးမှာ အမှတ်အများကြီး လျော့သွားစေနိုင်တဲ့ အကြောင်း ပြချက်တွေ သေချာပေါက်ဖြစ်လာစေနိုင်ပါတယ်။
ပြီးတော့ တချို့အစွန်းအထင်းတွေမှာ အနံ့အသက်တွေလည်း စွဲနေတတ်တာကြောင့် အစွန်းအထင်းတွေကို
ဖျောက်သင့်သလို အမွှေးနံ့သာလေးတွေကိုပါ ပူးတွဲအသုံးပြုဖို့ အကြံပြုချင်ပါတယ်။
ကားရုပ်ထွက်ကိုမမေ့ပါနဲ့
ကားအတွင်းပိုင်းကတော့ ဒီလောက်ဆိုရင်
အတော်ကြီးကိုကောင်းမွန်သွားပြီလို့ ပြောနိုင်ပါတယ်။ ဒီတော့ ကိုယ်လုပ်ဖို့ကျန်တာတစ်ခုက
ကားအပြင်ပိုင်းတွေကို သန့်ရှင်းရေးပြုလုပ်ဖို့ပါပဲ။ ကားအပြင်ပိုင်းဟာ ရွံ့တွေ၊ ဖုန်တွေနဲ့ဖြစ်နေရင်
ကိုယ့်သက်ဆိုင်သူနဲ့ သွားတွေ့တဲ့အခါ ဘယ်လိုမှအဆင်ပြေမှာမဟုတ်ပါဘူး။ ကိုယ်တိုင် စိတ်အနှောင့်အယှက်ဖြစ်နေရတာနဲ့တင်
ပျော်ရွှင်စရာအခိုက်အတန့်တွေကို ဖြုန်းတီးပစ်လိုက် သလိုဖြစ်နေမှာပါ။ ဒါကြောင့် ဒိတ်မလုပ်ခင်
ကားအပြင်ပိုင်းလှပနေစေဖို့ ကစ်မတင်ချင်ရင်တောင် အနည်းဆုံး ရေဆေးဖို့လောက်တော့ မေ့မနေသင့်ပါဘူး။
အာကာထက်ဝေ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment