ကားပလပ်စတစ်တွေကို ဘယ်လိုသန့်ရှင်းရေးလုပ်မလဲ…




ကားတစ်စီးကို အကောင်းဆုံးထိန်းသိမ်းတယ်ဆိုတာ အဲဒီကားရဲ့အပြင်ပိုင်း အသွင်အပြင်တွေကို သာမက၊ အတွင်းပိုင်းတွေကိုပါ အကောင်းဆုံးအခြေအနေမျိုးမှာ ရှိနေအောင် ဂရုစိုက်ထားနိုင်ခြင်း ဖြစ်ပါတယ်။ ဒါမှ လည်း ကိုယ်တိုင်သုံးစွဲနေချိန်မှာ ယုံကြည်မှုရှိရှိအဆင့်အတန်းတစ်ရပ်နဲ့ အသုံးပြုနိုင်မှာဖြစ်သလို ပြန်လည် ရောင်းချချိန်မှာလည်း တန်ဖိုးတစ်ရပ်ကို ထိန်းသိမ်းထားနိုင်မှာ အသေအချာပါပဲ။ တကယ်လို့ ကိုယ့်ကားက အတွင်းရော၊ အပြင်ပိုင်းမှာပါ ပလပ်စတစ်နဲ့ ဖန်တီးထားတဲ့ အစိတ်အပိုင်းတွေများနေတယ် ဆိုရင်တော့ ဒီလိုကားမျိုးတွေကို သန့်ရှင်းရေးလုပ်ဖို့ နည်းလမ်းတစ်မျိုးရှိနေပါတယ်။ အတွင်းပိုင်းက ပလပ်စတစ်သားနဲ့ ပြုလုပ်ထားတဲ့အစိတ်အပိုင်းတွေအတွက် အရင်ဆုံးကားအတွင်းပိုင်းကို ရှင်းလင်း သွားအောင် ပြုလုပ် လိုက်ပြီး နူးညံ့တဲ့အ၀တ်စတစ်ခုခုနဲ့ သန့်ရှင်းရေးလုပ်ဖို့ လိုအပ်သလို ကားအပြင်ပိုင်းအတွက်ဆိုရင်တော့ အဲဒီအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေမှ အဆင်ပြေနိုင်မှာပါ။

အတွင်းပိုင်းကို သန့်ရှင်းရေးလုပ်မယ်
ကားအတွင်းပိုင်း အထူးသဖြင့် ပလပ်စတစ်နဲ့ပြုလုပ်ထားတဲ့အပိုင်းတွေကို သန့်ရှင်းရေးပြုလုပ်တော့ မယ်ဆို ရင် ပထမဆုံးပြုလုပ်သင့်တာကတော့ ကားအတွင်းပိုင်းတစ်ခုလုံးထဲမှာရှိနေတဲ့ အမှိုက်သရိုက်တွေ ကို ပထမဆုံးရှင်းထုတ်လိုက်ဖို့ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ကားအတွင်းက ဒက်ရှ်ဘုတ်၊ တံခါး အတွင်း ပိုင်းစတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်တဲ့ နေရာမှာမလိုအပ်တဲ့ အညစ်အကြေးတွေကြောင့် အနှောင့်အယှက် မဖြစ်အောင်ပါပဲ။ ပြီးရင် ဖုန်စုတ်စက်နဲ့ထိုင်ခုံတွေ၊ ဂျွိုင့်တွေကြားမှာရှိနေတဲ့ ဖုန်နဲ့အညစ်အကြေးတွေကို စုပ်ထုတ်ပစ်လိုက်ဖို့လိုအပ်ပါတယ်။

 ခြေထောက်တင်တဲ့နေရာက အခင်းတွေကိုတော့ အပြင်ကိုထုတ်ပြီးမှ သန့်ရှင်းရေးလုပ်တာ အကောင်း ဆုံးဖြစ်ပြီး သတိထားရမှာတစ်ခုကတော့ ကားအတွင်းပိုင်းက အဲယားကွန်း ခလုတ်၊ ဒီဗီဒီခလုတ်တွေကို သန့်ရှင်းရေးလုပ်ရာမှာ မလိုအပ်ဘဲ ကြမ်းကြမ်းတမ်းတမ်း မလုပ်သင့်သလို ပျက်ဆီးသွားမှာကိုသတိပြုရင်း ညင်သာမှုရှိဖို့လိုအပ်တာပါ။ ဒီနေရာမှာ ကားအတွင်းပိုင်းက ပလပ်စတစ်တွေကို သန့်ရှင်းရေးပြုလုပ်ရမယ့် အပိုင်း ရောက်လာပါပြီ။ သူတို့ကိုသန့်ရှင်းရေးလုပ်တော့မယ်ဆိုရင်တော့ နူးညံ့တဲ့ အ၀တ်စတစ်ခုကို မစိုမခြောက်ဖြစ်အောင်ရေစွတ်ပြီး ပလပ်စတစ်သားတွေကို တိုက်ချွတ်သင့်တာပါ။ သာမန် အ၀တ်စတွေကို အသုံးမပြုချင်ဘူးဆိုရင်တော့ ကားပလပ်စတစ်သားတွေအတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ ရေမြှပ်တွေကို နီးစပ်ရာဆိုင်တွေမှာ အလွယ်တကူဝယ်ယူအသုံးပြုနိုင်ပါတယ်။
ဒီလိုအထောက်အပံ့ ပစ္စည်းတွေ ဟာ ဟန်းဘရိတ်၊ ဂီယာတံ၊ ကားဒက်ရှ်ဘုတ်စတဲ့နေရာတွေက ဖုန်နဲ့အညစ်အကြေးတွေကို အလွယ်တကူ သန့်ရှင်းပေးနိုင်စွမ်းရှိပြီး အဲဒီအရာတွေရဲ့ မျက်နှာပြင်သားတွေကိုလည်း ပျက်စီးမှုနည်းပါးစေပါတယ်။ နောက်ထပ်နည်းလမ်းတစ်ခုကတော့ လက်အလွယ်တကူမရောက်နိုင်တဲ့ အရာဝတ္ထုနှစ်ခုဆက်ထားတဲ့ နေရာမျိုးတွေအတွက်ဆိုရင်တော့ သွားတိုက်တံ၊ ဒါမှမဟုတ် ဆေးသုတ်တဲ့ဘရပ်ရှ်အသန့် စတဲ့အထောက် အကူပစ္စည်းတွေကို အသုံးပြုပြီးသန့်ရှင်းပေးရပါလိမ့်မယ်။

အစွန်းအထင်းတွေကို ဘယ်လိုချွတ်မလဲ…
တကယ်လို့ ကိုယ့်ကားအတွင်းပိုင်းက ပလပ်စတစ်မှာ အစွန်းအထင်းတွေရှိနေပြီဆိုရင်တော့ ဒါတွေကို သန့်ရှင်းပစ်ဖို့ ဆပ်ပြာအသုံးပြုဖို့လိုလာပါပြီ။ ဒါပေမဲ့ ဒီနေရာမှာ တစ်ခုသတိထားရမှာက ကားအတွင်းပိုင်း က ပလပ်စတစ်တွေကို သန့်ရှင်းရေးလုပ်တဲ့နေရာမှာ သာမန်ဆပ်ပြာမျိုးကို အသုံးမပြုဘဲ နူးညံ့ပြီး ကား ပလပ်စတစ် သားတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ပလပ်စတစ်မျိုးကိုသာ အသုံးပြုသင့်တယ်ဆိုတာ သတိချပ်ရပါ လိမ့်မယ်။ အ၀တ်လျှော်ဆပ်ပြာမျိုးတွေက ကားအတွင်းပိုင်းတွေကို အခန့်မသင့်ရင် ပျက်ဆီး သွားစေနိုင်တာ ကြောင့် ကားသန့်ရှင်းလုပ်ဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဆပ်ပြာမျိုးကိုပဲ သတိထား အသုံးပြုဖို့ မေ့မနေ သင့်ပါဘူး။ ပိုကောင်းတဲ့ နည်းလမ်းတစ်ခုကတော့ ကိုယ့်ကားက တန်ဖိုးကြီးကား အမျိုး အစားဖြစ်နေရင် အတွင်းပိုင်းက ပလပ်စတစ်သားတွေကို သန့်ရှင်းရေးမလုပ်ခင် ကားနဲ့မဆိုင်တဲ့ ပလပ် စတစ်အမျိုးအစားတွေကို သန့်ရှင်းရေးလုပ်ကြည့်ရင်း ဆပ်ပြာအခြေအနေကို စမ်းသပ်ကြည့်သင့်တာပါ။ ကားအတွင်းပိုင်း သန့်ရှင်းရေး အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ဆပ်ပြာတွေကို အသုံးပြုမယ်ဆိုရင် လည်း လမ်းညွှန်ချက်ထဲမှာပါနေတဲ့ အကြံပေးချက်တွေအတိုင်း တစ်ဆင့်ချင်းလိုက်လုပ်ဖို့ မေ့မနေသင့် ပါဘူး။

ပုံမှန်သန့်ရှင်းရေးလုပ်ပါ… ဖြစ်နိုင်ရင် ကားသန့်ရှင်းရေးလုပ်ဖို့ ပျင်းမနေဘဲ ပုံမှန်သန့်ရှင်းရေး လုပ်နေသင့်ပါ တယ်။ ဒါမှ သန့်ရှင်း ရေးလုပ်တိုင်း ခက်ခဲမနေဘဲ ပေါ့ပေါ့ပါးပါး တစ်ဆင့်ချင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က အလုပ်များသူတစ်ယောက် ဖြစ်နေတယ်ဆိုရင်တော့ အနည်းဆုံး တစ်လ တစ်ကြိမ်လောက်ဖြစ်ဖြစ် ကားအတွင်း ပိုင်းကို ဂရုတစိုက်သန့်ရှင်းရေးလုပ်နေသင့်တာပါ။ ဒါပေမဲ့ ကားသန့်ရှင်းရေးကို အချိန်အကြာကြီးနေမှ တစ်ကြိမ် လုပ်တာထက် အမြဲတမ်းလုပ်နေမယ်ဆိုရင် အချိန်ကုန်လူပန်းဖြစ်ရတာနည်းပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် လူလည်းသက်သာ ကားလည်းအမြဲ သန့်ရှင်းနေအောင် ဆယ်ရက်တစ်ခါလောက်တော့ သန့်ရှင်းရေးပြုလုပ်နေ သင့်တယ်လို့ အကြံပြုပါရစေ။

အာကာထက်ဝေ


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment