အင်ဂျင်အအေးခံစနစ်အတွက်










ကားအင်ဂျင်တစ်ခုရဲ့ အပူချိန်ကို ပြန်လည်လျှော့ချပေးဖို့ လိုချင်တဲ့အပူချိန်တစ်ခုမှာ တည်ငြိမ်စွာ ထိန်းသိမ်းပေးဖို့ ရေတိုင်ကီလို့ လူသိများတဲ့ ရေဒီရေတာရယ်၊ ပရက်ရှာကက်ပ်ဖုံးလေးရယ်၊ ရေဒီရေတာနဲ့ မနီးမဝေးမှာ အနိမ့်အမြင့်ကအစ သေချာစွာတွက်ချက်ကာတပ်ဆင်ပေးထားတဲ့ ပလပ်စတစ်ဘူးငယ်လေး တစ်ခုရယ်ဟာ အင်ဂျင်အအေးခံစနစ်အတွက် တကယ်အရေးကြီးပါတယ်။ ဒီ ၃ခုလက်တွဲညီရမယ် ဟန်ချက် ညီရမယ်။
ရေတိုင်ကီဆိုတဲ့ ရေဒီရေတာက ရေလိုင်းများကောင်းမွန်လုံခြုံရုံမက အမှိုက်သစ်ရွက်ဖုန်ကြေး များလည်း ကင်းစင်ရမယ်။ ဆက်သွယ်ထားတဲ့ရေပိုက်များလည်း ကောင်းမွန်စိတ်ချရပါမယ်။ သာမိုစတက် ကတော့ အထဲကလုပ်ဆောင်ပေးနေတဲ့ ပစ္စည်းဖြစ်လို့ နောက်မှသူ့အကြောင်းကိုအသေးစိတ်ရေးပါ့မယ်။
သူမပါလည်း ဒီစနစ်ကိုလည်ပတ်လို့ရတော့ အဓိကဇာတ်ဆောင်များကိုသာ ပြောလိုက်ပါတော့မယ်။
ရေတိုင်ကီအဖုံးလို့ လူတိုင်းသိတဲ့ Pressure Cap လေးကလည်း စနစ်တကျလုပ်ပေးထားရပြန်တယ်။ ရေနွေးငွေ့ဝင်ထွက်နိုင်ဖို့ ဘားပါရတယ်။
ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်လို့မရပါဘူး။ လိုအပ်တဲ့ အပူချိန်တစ်ခုပရက်ရှာတစ်ခုနွှဲ ချိန်ညှိ ကာလုပ်ပေးရတာပါ။ အထဲက ဓာတ်ဆေးရည် သို့မဟုတ် အအေးခံ ရေအလဟသမဆုံးရှုံးရအောင် လုံခြုံ ဖို့လည်း ထိန်းသိမ်းပေးရပါတယ်။ စနစ်ကောင်းနေသမျှ တစ်နှစ်လုံးကြာလို့ ရေဖြည့်ရတယ်တောင်မရှိပါဘူး။
ဒီလိုထိန်းသိမ်းမှုကင်းချင်လို့ အစစအရာရာတွက်ချက်လုပ်ထားတာပါ။
(မှတ်ချက်)ခုကစလို့ ရေဒီရေတာရေတိုင်ကီအဖုံးဆိုတဲ့ Pressure Cap ကိုမြင်ဖူးအောင်ကြည့်ထားကြ ပေတော့ အပိုရှိလည်းအမှတ်တရ သိမ်းထားကြပေတော့ နောက်မော်ဒယ်မြင့်လာတဲ့ ကားမှန်သမျှမှာ ရေဒီ ရေတာကက်ပ်ဖုံးမပါဘဲ ထုတ်လုပ်တပ်ဆင်ပေးလိုက်လို့ မြင်ရတော့မှာမဟုတ်ပါဘူး။
ကက်ပ်ဖုံးသာမပါတာ စနစ်ကတော့အရင်အတိုင်းပါပဲ။ ရေလမ်းကြောင်းတစ်ခုအတွင်း အငွေ့ပျံဝင်ထွက်ဖို့ ဘားတစ်ခုတော့ ပါနေရပါသေးတယ်။
ရေဒီရေတာထဲကိုရေဖြည့်ချင်ရင် ခုပြောမယ့် ရေပြန်ဘူးကိုကြည့်ပြီး လိုသလိုဖြည့်ရပါတော့တယ်။
အရင်တုန်းက ဥရောပကားများမှာသာမြင်ဖူးထားပေမယ့် ခုဆို ဂျပန်ကားမော်ဒယ်မြင့်အချို့မှာ ရေဒီရေတာ ကက်ပ်ဖုံး မပါတော့ပါဘူး။ ယုတ်စွအဆုံး ဥရောပဟန်နဲ့ ထုတ်ထားတဲ့ QQ-3 ကားလေးမှာ ရေတိုင်ကီအဖုံး မပါတော့ပါဘူး။ အဆင့်မြင့်လာတဲ့သဘောပါ။
ကက်ပ်ဖုံးပါလာတဲ့ကားမှာ သေချာကြည့်လိုက်ပါ။ Never Open When Hot! ဆိုပြီး သတိပေး စာတန်းလေး အမြဲရေးပေးထားပါတယ်။
လူဆိုတာအခက်သားလား ကလိချင်တယ်၊ ဖွင့်ချင်တယ်၊ ပိတ်ချင်တယ်။ ပူနေတဲ့အချိန်ဖွင့်မိလိုက်လို့ ကတော့ အပူချိန်မြင့်တဲ့ အအေးခံဓာတ်ဆေးရည်များ ချက်ချင်းရှုးဆိုပြီး ပန်းထွက်လာခဲ့ရင်ဘေးဖြစ်ပါလိမ့်မယ်။ မျက်နှာနဲ့ တိုက်ရိုက်ပါပဲ။ ဒီလိုသဘောတရားတွေလည်းဖြစ်ခဲ့ကြပြီမို့ လူကိုကာကွယ်လိုက်ချင်တာလည်းပါပါ တယ်။
ဇာတ်ဆောင်မင်းသားမင်း သမီးအကယ်ဒမီရဖို့အရေး ဇာတ်ပို့ဇာတ်ရံတို့ အရည်အချင်းကလည်း အရေးကြီး ပါတယ်။ ဒီအအေးခံစနစ် အကယ်ဒမီရဖို့ အဓိက ဇာတ်ပို့ ဇာတ်ရံလုပ်ပေးနေသူက ကျွန်မက ရေပြန်ဘူးပါ မောင် ဆိုတာပါပဲ။ သူကလေးကို သရုပ်ခွဲကြည့်ရအောင်။ မြင်သာထင်သာအောင် ပလပ်စတစ် အကြည်ရောင်နဲ့ လုပ်ပေးထားပါတယ်။ အအေးခံဓာတ်ဆေးရည်များကလည်း အနီ အစိမ်း ဆိုတဲ့ အရောင်များ ရှိကြလို့ မြင်သာအောင်လည်း လုပ်ပေးထားတာပါ။
Upper နဲ Lower ဆိုပြီး Level ၂ခုကိုမျဉ်းတားပေးလိုက်ပါတယ်။ အချို့မှာ Full နဲ့  Low အင်ဂျင်မနိုးမီ မနက်ပိုင်းလိုအချိန်မှာ သူ့ကိုကြည့်လိုက်ရင် ကူးလန့်ဓာတ်ဆေးရည်ဟာ Upper အောက် မရောက်တရောက်ရှိ နေပါလိမ့်မယ်။ အပေါ်ပိုင်းမှာ နေရာလွတ်များများလည်း ကျန်နေပါလိမ့်မယ်။
ဒါကိုရေလျော့တယ်ထင်ပြီး အပြည့်မဖြည့်ရပါ။ ဘာကြောင့်လည်းဆိုရင် စာဆုံးအောင်ဖတ်ပါ။ မီးလာနေလို့ မီးမမှိတ်ပါဘူး။ ကားစနိုးပြီဆိုပါတော့ တွိတိတိဒေါက်ဝီး ၀ီး ၀ီး ၀ီး ဘဒေါ ဘဒေါနဲ့ အင်ဂျင်သံက Idle ဆိုတဲ့ စက် Slow မြန်စွာနိုးနေပါပြီ… ဒီအချိန်မှာ အင်ဂျင်အတွင်းပိုင်းရေလမ်းကြောင်းထဲက သာမို စတက် က လိုချင်တဲ့ အပူချိန်မရသေးလို့ ရေလမ်းကြောင်းကိုဖွင့်မပေးသေးပါဘူး။ အင်ဂျင်အတွင်းဘက်မှာရှိတဲ့ရေလိုင်း အသီးသီးက ရှိနှင့်ပြီးသားရေနဲ့သာ လည်ပတ်နေရပါတယ်။
အင်ဂျင်လည်နေတာနဲ့အမျှ ရေလည်အုံရေဒလက်ရောသမမွှေလေလေ အထဲကရေပရက်ရှာတက်လာ လေလေပါပဲ။ ပရက်ရှာတက်လာပေမယ့် ပိုလာရင်ပြ By Pass လမ်းကြောင်းက ပြောင်းသွားဖို့လည်း စီစဉ်ထား ပါတယ်။ ဒါနဲ့ပဲ အင်ဂျင်အတွင်းပိုင်းက ရေလေးနဲ့ပဲလည်နေရတော့ မြန်မြန်ပူလာရပါတယ်။ လိုချင်တဲ့ရည်ရွယ် ချက်က ဒါပါပဲ။ မြန်မြန်သွေးပူလာတော့ အဲ အင်ဂျင်ကပူလာတော့ စက်ဆီချော ဆီစနစ်များ လှည့်ပတ်ရတာကို များစွာအထောက်အကူပေးပါတယ်။
လိုချင်တဲ့ဆီအနည်းအများ မီးတိုင်မင်များကိုလည်း ကွန်ပျူတာက စနစ်တကျထိန်းကြောင်းပေးပါတော့ တယ်။ ဒီအချိန်ရောက်ပြီဆိုရင် စက်စလိုးဆိုတဲ့ Idle Speed လည်း တည်ငြိမ်သွားပါပြီ။ ၀န်ထမ်းရန် အသင့် ဆိုပြီး စက်ကလည်းအဆင် သင့်ဖြစ်နေရပါပြီ။
ပြောချင်တာ ဒါပဲ စက်ကိုနိုးနိုးခြင်း ၀န်မရုန်းမိစေနဲ့ ရုန်းမိရင်မသိမသာ Dry Start ဖြစ်စဉ်ကြောင့် အင်ဂျင်အကျမြန်တတ်ပါတယ်။
လိုချင်တဲ့ NOT ဆိုတဲ့အပူချိန်ရမှ စက်စွမ်းအားအပြည့်ရလို့ ကောင်းကောင်းရုန်းနိုင်ပါပြီ။ အင်ဂျင်နဲ့ ရေတိုင်ကီ ဆက်သွယ်ထားတဲ့ ရေလမ်းကြောင်းမပွင့်သေးဘဲ လိုချင်တဲ့အပူချိန်လည်းရောက်ပြီ။ အချိန်လည်း ကြာလာရင် ဘာဖြစ်မလဲ ပိုပူလာတာပေါ့။
ဒီတော့မှ အထဲက သာမိုစတက်က သူလိုချင်တဲ့ အပူချိန်ကိုခံစားရတော့မှ ဖွင့်ပိတ်ဘားလေးကို ဖွင့်ပေးပါတော့တယ်။ ဒီတော့မှ စနစ်တကျရေလှည့်လည်စနစ်နဲ့ အင်ဂျင်အေးရပါတယ်။ ဒီသဘောသိပြီဆိုရင် ရေတိုင်ကီ ထဲကရေများက ပူတာနဲ့ပွလာပါတော့တယ်။ ကျယ်ပြန့်လာပါတော့တယ်။ Expansion ဖြစ်လာတယ် ခေါ်ပါတယ်။ ရေထုထည်များလာတယ်ပေါ့။ အင်ဂျင်အတွင်းပိုင်းနဲ့ ရေတိုင်ကီကလည်း သူ့ထုထည်နဲ့သူ ကွက်တိပိုလာတဲ့ ရေပွလာတဲ့ရေပြန့်ကားလာတဲ့ရေ ဘယ်ကိုသွားရမလဲ။ ရှင်းပါတယ်။ Pressure Cap ဆိုတဲ့ ရေတိုင်ကီအဖုံးက ဘားလေးကိုတွန်းထွက်ပြီး ရေတိုင်ကီ Drain ပိုက်ကတစ်ဆင့်အပြင်ထွက်ရပြီပေါ့။
အရင်တုန်းကတစ်သက်လုံး ဒီအတိုင်းလုပ်လာပါတယ်။ ပရက်ရှာကက်ပ်လည်း သိပ်မသုံးကြပါဘူး။ လုံအောင် ဖုံးတဲ့ အဖုံးလောက်နဲ့ပဲ ဆိုပါတော့ ပူလာတိုင်း ပွလာတိုင်း အပြင်ထွက် ဒီလိုနဲ့ ရေတိုင်ကီက ရေက လျော့မှန်း မသိလျော့ လမ်းတစ်ဝက်လောက်တင် ဖြည့်ဖြည့်မောင်းလာရတာကြုံဖူးကြတယ် မဟုတ်လားခင်ဗျာ။
အချိန်မီပြန်မဖြည့်မိရင် ရေဆူပါတယ်။ နောက်ကျရင် ဂတ်စကက်ပြတ်ပါတယ်။
          ဒီလိုအားနည်းချက် အသီးသီးလေးတွေကိုမြင်သိလာပြီးတဲ့နောက် ထိန်းသိမ်းမှုလည်း ကင်းရအောင် အင်ဂျင်လည်း သက်တမ်းပြည့်သုံးရအောင် ခုလိုပရက်ရှာကက်ပ်နဲ့ စနစ်တကျတွက်ချက်ပြီး အပြင်ကို အသား လွတ် ထွက်ကျရမယ့် ရေကိုဘူးလေးတစ်လုံးနဲ့ ဆောင်ပေးထားပါတော့တယ်။ ဘူးတစ်လုံးဆောင် ရေပြန်မဖြည့် ရပေါ့။
အပြင်ကိုကျလာတဲ့ရေ ရေပြန်ဗူးလေးထဲကိုဝင် အချိန်နဲ့အမျှဆိုရင်များလာရမယ်ပေါ့။ လက်တွေ့မှာ တော့ အမြင်အတိုင်းဒီအတိုင်းပဲ တွေ့နေရတာ ဘာသဘောလဲခင်ဗျာ။ ရေပြန်ဘူးက အဖုံးအပါအ၀င် ရေပိုက်လည်းလုံရမယ်။ ပရက်ရှာကက်ပ်ကလည်း လိုချင်တဲ့ Bar Unit အတိုင်းလည်းဖြစ်ရမယ်။
ရေပြန်ဘူးထားပေးတဲ့နေရာ အနိမ့်အမြင့်ကလည်း ကားထုတ်လုပ်သူအတိုင်းရှိမယ်ဆိုရင် ရေပြန်ဘူးထဲကို ပိုသလောက်ပဲဝင်မယ် Expansion ဖြစ်တဲ့ အချိန်လောက်ပဲ ရေခိုးရေငွေ့အဖြစ် မသိမသာ တိုးဝင်မှာပါ။
ဒီတော့ ရေတိုင်ကီထဲမှာ နေရာလပ်ဖြစ်မသွားဘူးလား ဆိုတော့လောလောဆယ်ရေပွနေလို့ မဖြစ်ပါ ဘူး။ ညအချိန်ကားသိမ်းတော့ အေးသွားတဲ့အချိန်မှာသာ နေရာလပ်ဖြစ်လာမှာ ဒီအချိန်နဲ့တစ်ပြိုင်နက် ရေတိုင် ကီထဲကရေကလည်း မသိမသာပြန်ကျုံ့လာတော့ စနစ်တစ်ခုလုံးကလည်း လေလုံနေတော့ ရေတိုင်ကီထဲက ကျုံ့လာတဲ့ရေထုထည်မှာ ဆေးထိုးအပ်ထဲက ပစ္စတင်အလား အောက်ကိုမသိမသာဆွဲချလိုက်တော့ ရှိနေတဲ့ နေရာလပ်အတွက် ပြင်ပလေအက်တမောစဖီးယားပံ့ပိုးမှုအကူအညီနဲ့ ရေပြန်ဘူးထဲက သိုလှောင်ထားတဲ့ ရေအချို့က မသိမသာပြန်တက်ကာ နေရာပြန်ယူသွားရပါတယ်။
ဒါကြောင့်မို့ အောက်ကနေအပေါ်ကိုပြန်တက်နိုင်တာပါဆန်းချက်ပေါ့။ ဒီစနစ်ကောင်းဖို့ အဓိက ပရက် ရှာကက်ပ် ကောင်းရမယ်။ ရေပြန်ဘူး လုံရမယ်။
ဒီလိုသံသရာလည်နေပြီး ရေပြန်ဗူးထဲကရေ Level ဟာ မသိမသာလေးပဲ လိုတိုးပိုလျှော့လုပ်နေတာ ဘယ်လောက် ဟန်ကျလိုက်သလဲဗျာ။
ဒီစနစ်အကြောင်းကို နားလည်သဘောပေါက်ရင် ကျွန်တော့်ကားမိတ်ဆွေများ ရေပြန်ဘူးက Level ကိုသာ အမြဲမပြတ်သတိချပ်ပါ မောင်။ ရေဒီရေတာအဖုံးကိုဘယ်တော့မှ နေ့တိုင်းမဖွင့်နဲ့၊ အထဲကစပရိန်နဲ့ ရော်ဘာဝါရှာ မြန်မြန်ပျက်တတ်တယ်။ အထိုင်စားလို့လေ။ မလုံဖြစ်တတ်တယ်။
မသင်္ကာမှ တစ်ပတ်တစ်ခါလောက်အေးတဲ့အချိန်ဖွင့်ကြည့်ဖွင့် ကြည့်လိုက်တိုင်း ရေစိမ်းရေနီနည်းနည်း အပြင်ကိုကျတတ်တယ်။ ရေနဲ့ ပြန်ဆေးပစ်။ သူတို့က Bio Acid ဒါကြောင့်မို့ ရေပြန်ဘူးဆိုတဲ့ Expansion Tank လေးဟာ (မေတ္တာလို အလျားအနံမရှိပေမယ့် ကျွန်မကတော့ အသွားအပြန်ရှိပါတယ် မောင်)လို့ ပြောကြားရင်း ခဏတော့ မီးလေးပိတ်…။
ကားမိတ်ဆွေများကိုခင်မင်လျက်
ကိုသက်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment