အင်ဂျင်အပူလွန်ကဲမှုကနေ ဘယ်လိုကာကွယ်မလဲ…











ကားတစ်စီးမှာ အင်ဂျင်ကိုအေးသွားအောင် လုပ်ဆောင်ပေးတဲ့စနစ်တစ်ခု ပါဝင်ပြီးသားပါ။ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် ကားအင်ဂျင်ကိုအေးသွားအောင် ပြုလုပ်ပေးတဲ့ ဒီစနစ်ပျက်ဆီးသွားခဲ့မယ်ဆိုရင်၊ ဒါမှမဟုတ် ကောင်းကောင်းအလုပ်မလုပ်တော့ဘူးဆိုရင် အပူလွန်ကဲမှုက ကားအင်ဂျင်ကို လျင်လျင်မြန်မြန် ပျက်ဆီးသွားစေတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကားကလိုအပ်တာထက်ပိုပြီး အပူတွေတက်နေပြီဆိုရင် ဘယ်လိုနည်းလမ်းတွေနဲ့ အပူလွန်ကဲမှုဒဏ်က ကာကွယ်မလဲ၊ ကားအင်ဂျင်ကို အထိခိုက်နည်းအောင်ပြုလုပ် မလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကားအင်ဂျင်က အပူလွန်ကဲလာပြီဆိုရင် ကားကိုထိရှပျက်ဆီး မှုနည်းအောင် ဘယ်လိုပြုမူဆောင်ရွက်သင့်တယ်ဆိုတဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေကို အကြံပြု ပေးချင်ပါတယ်။

ကားကို အန္တရာယ်အကင်းဆုံး ရပ်နားပြီးရင် ဘာလုပ်မလဲ
တကယ်လို့ ကိုယ့်ကားက အပူရုတ်တရက်မြင့်တက်လာပြီဆိုရင် ဆက်မောင်းအနေဘဲ ချက်ချင်း ရပ်တန်ပစ်လိုက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အင်ဂျင်အပူလွန်ကဲနေတဲ့ ကားတစ်စီးကို ဆက်လက်မောင်း နှင်နေမယ်ဆိုရင် ဒါက ကားအတွက်ရော၊ ကားအတွင်းမှာ စီးနင်းလိုက်ပါလာတဲ့လူတွေအတွက်ပါ အန္တရာယ် များပြားလွန်းမှာပါ။ ဒါကြောင့် အပူလွန်ကဲလို့ ဖောက်ပြန်လာပြီဆိုတာသိတာနဲ့ ကားကိုချက်ချင်း စက်သတ် လိုက်ပြီး လမ်းဘေးတစ်နေရာမှာ ရပ်တန့်ပစ်လိုက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် ကားအင်ဂျင် အပူလွန်ကဲလာပြီဆိုရင် ကိုယ်တိုင်တောင်ကားကို ရပ်တန့်နေဖို့မလိုအပ်ပါဘူး။ ကားက သူ့ အလိုအလျောက် ရပ်တန့်သွားမှာ အသေအချာပါ။ ဒီလိုအခြေအနေမျိုးဖြစ်လာပြီဆိုရင် ကားကို အခြားကား ဒါမှမဟုတ် ကရိန်းအကူအညီနဲ့ ဆွဲသွားတာအကောင်းဆုံးဖြစ်ပါတယ်။

စက်ဖုံးဖွင့်ထားပါ
အင်ဂျင်အပူလွန်ကဲလို့ ကားရပ်သွားပြီဆိုရင် မဖြစ်မနေလုပ်ဆောင်သင့်တဲ့ နောက်ထပ်အချက် တစ်ချက်ကတော့ ကားစက်ဖုံးကို ဖွင့်ထားဖို့ပဲဖြစ်ပါတယ်။ ဒီလို ဖွင့်ထားတဲ့နေရာမှာ ဖြစ်နိုင်ရင် ရေတိုင်ကီ အဖုံးတွေ၊ radiator cap တွေကိုပါ ဖွင့်ထားနိုင်ရင် အကောင်းဆုံးပါပဲ။ ဒါပေမယ့် ဒီနေရာမှာ တစ်ခုသတိထား ရမှာက radiator cap ကို ဖွင့်ထားနိုင်ပေမယ့် radiator pressure cap ကိုတော့ ဖွင့်မထားသင့်ပါဘူး။ အကြောင်းကတော့ အပူချိန်ကြောင့် အထဲမှာကျိုက်ကျိုက်ဆူနေတဲ့ရေတွေက အဖုံးကို ရုတ်တရက်ဖွင့်လိုက်တဲ့ အခါ ပန်းထွက်လာနိုင်လို့ လူကိုအပူလောင်သွားနိုင်တာကြောင့် ဖြစ်ပါတယ်။

ရေပြာကို စစ်ဆေးပါ
ကားတစ်စီး အင်ဂျင်အပူလွန်ကဲမှုမဖြစ်အောင် သတိထားရမယ့်အချက်ထဲမှာ ရေပြာပမာဏ ဘယ် လောက်များများရှိနေသေးလဲဆိုတဲ့ အချက်လည်း အရေးကြီးတဲ့အချက်တစ်ချက်အနေနဲ့ ပါဝင်ပါတယ်။ ခေတ်ပေါ်ကားတွေမှာ ရေပြာထည့်ထားတဲ့ကန်လေးတွေကို ဖောက်ထွင်းမြင်နိုင်တဲ့ ပလပ်စတစ်အသားနဲ့ ပြုလုပ်ထားတာကြောင့် အပြင်ကနေအလွယ်တကူကြည့်လို့ မြင်တွေ့နိုင်တာပါ။ ဒါကြောင့် ကိုယ့်အနေနဲ့ ဟိုင်းဝေးခရီးမသွားခင် ကိုယ့်ကားအင်ဂျင်စက်ခန်းထဲမှာ ရေပြာပမာဏ ဘယ်လောက်ရှိသေးတယ်ဆိုတာ မမေ့မလျော့ဘဲ စစ်ဆေးသင့်ပြီး နည်းနေပြီဆိုရင် ချက်ချင်းပြန်လည် ဖြည့်တင်းသင့်ပါတယ်။ တချို့ကားတွေမှာ ကားအင်ဂျင်ပူနေတဲ့အချိန်မျိုးမှာတောင် ရေပြာနည်းနေရင် ပြန်လည်ဖြည့်တင်းနိုင်အောင် ဖန်တီးထားပြီး မော်ဒယ်နိမ့်တဲ့ကားတွေမှာတော့ ဒီစနစ်မပါဝင်ဘူးဆိုတာ သတိပြုရပါလိမ့်မယ်။ ဒါကြောင့် အရေးကြီးတဲ့ အချက်တစ်ချက်အနေနဲ့ ကိုယ့်ကားက ဘယ်လိုလုပ်ဆောင်မှုမျိုးတွေနဲ့ တည်ဆောက်ထားတယ်ဆိုတာ သိရအောင် မမောင်းနှင်ခင့် User Manual စာအုပ်ကို ကြိုဖတ်ထားနိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။

အကူညီတောင်းရမလား ဆက်မောင်းရမလား ဆုံးဖြတ်ပါ
တကယ်လို့ အင်ဂျင်အပူလွန်ကဲနေတာကြောင့် ကားကိုခဏရပ်နားထားပြီးပြီဆိုရင် ဒီကားကို ဆက် မောင်းသွားရမလား၊ ဒါမှမဟုတ် အခြားကားတစ်စီး အကူအညီယူပြီး ဆွဲယူသွားရမလားဆိုတာ ဆုံးဖြတ် ရတော့မှာပါ။ ဒီနေရာမှာလည်း ရေပြာကားထဲမှာ ဘယ်လောက်ရှိနေလဲဆိုတာ ကြည့်သင့်တာပါ။ ကိုယ့် ကားရေတိုင်ကီထဲမှာ ရေပြာပမာဏမရှိသလောက်နည်းနေပြီဆိုရင်တော့ အင်ဂျင်အေးသွားရင်တောင် ဆက်ပြီး မောင်းသွားဖို့ မသင့်တော်ပါဘူး။ မဖြစ်မနေ မောင်းသွားမယ်ဆိုရင်ရပေမယ့် ဒီလိုလုပ်လိုက်တာက ကိုယ့်ကား အင်ဂျင်ကို တူနဲ့ထုခွဲလိုက်တာနဲ့ ဘာမှခြားနားမှာ မဟုတ်ပါဘူး။ ကားအင်ဂျင်ကို တစ်ထိုင်တည်းနဲ့ ပျက်ဆီးသွားစေမယ့် ဒီလိုအပြုအမူမျိုးကို မဖြစ်မနေရှောင်ရှားရမှာဖြစ်ပါတယ်။

ဆီ၊ ရေ၊ လေ၊ ၀ိုင်
ကားအင်ဂျင်ကို ရေရှည်သက်တမ်းရှိအောင် ထားချင်တယ်ဆိုရင်တော့ ဘာမှမဖြစ်ခင်ကတည်းက ကိုယ့်ဘက်က ဂရုစိုက်နေနိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကားအင်ဂျင်ခန်းမှာ အင်ဂျင်ဝိုင်နည်းနေပြီလား၊ ရေရော ရှိရဲ့လားဆိုတာ အမြဲတမ်းစစ်ဆေးနေရမှာဖြစ်သလို အထက်ကပြောခဲ့သလို ဆီ၊ ရေ၊ လေ၊ ၀ိုင်ဆိုတဲ့ အရေးပါတဲ့ အရာလေးခု ဟန်ချက်ညီညီနဲ့ရှိနေအောင် အချိန်ပြည့်ဂရုစိုက်နေဖို့ လိုအပ်မှာဖြစ်ပါတယ်။ တကယ်လို့ ဒီအထဲက တစ်ခုခုလိုအပ်ချက်ရှိလာပြီဆိုရင် ကားအင်ဂျင်ကို ထိခိုက်စေတတ်တာကြောင့် ဒီအချက် လေးချက်ကိုတော့ အခြေခံအနေနဲ့ မမေ့မလျော့ဘဲ သတိပြုနေသင့်တာပါ။

အာကာထက်ဝေ

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment