ဒီတစ်ပတ်ကတော့ မိုးအေးေးအးနဲ့မို့ ဒီအချိန်မှာပေါတဲ့
ကက္ကတစ်ငါးလေးကိုအစပ်ကြော်မယ်။ ရာသီပေါ်ဖလံတောင်ဝှေးလေးတွေကို ပုဇွန်ခြောက်လေးနဲ့အချိုကြော်မယ်၊
အချိုရယ်အစပ်ရယ်ရပြီဆိုတော့ အရည်ဟင်းကိုတော့ ချဉ်ပေါင်လေးပဲကြိုလိုက်တော့မယ်။ ဒါဆိုရင်တော့
မယ်တော်မားသားအကြိုက် မြန်မာ ဟင်းပွဲအတွဲအစပ်လေးရပြီပေါ့။ မိုးအေးအေးလေးမှာစားလို့ကောင်းမှာကတော့
အသေအချာပဲပေါ့ဆွေမျိုးတို့ရာ။ မယ်တော်မားသား ဈေးကပြန်လာတော့လည်း ဟင်းပွဲအတွက်လိုတာလေးတွေအားလုံး
လတ်လတ်ဆတ်ဆတ် လေးတွေရတယ်ဆိုတော့ အိုကေမှာစိုပြေတာပေါ့ဗျာ။
ငါးအစပ်ကြော်
မယ်တော်မားသားဝယ်လာတဲ့ ကက္ကတစ်ငါးအကြေးထိုးပြီးသားကို
ရေသေချာဆေး၊ ပြီးရင် လက်မပြား လောက်အကွင်းလေးတွေလှီး၊ ဆားသင့်ရုံထည့်ပြီး ခဏနှပ်ထား၊
ပြီးမှအိုးထဲဆီထည့်၊ ဆီပူလာမှငါးထည့်ပြီး ကျက်တဲ့အထိကြော်လိုက်မယ်။ ကြက်သွန်ဖြူသုံးလေးတက်လောက်ရယ်၊
ကြက်သွန်နီဥလက်တစ်ဥကို ခပ်ပါး ပါးလှီးထားတာရယ်ကို ငရုတ်သီးခွဲခြမ်းနဲ့ရောပြီး မညက်တညက်ထောင်းထား၊
ဆီပူလာရင် ထောင်းထားတဲ့ အရောထဲကို နနွင်းမှုန့်နည်းနည်းထည့် ဆီသတ်၊ ကြက်သွန်ဖြူနီရောငရုတ်သီးခွဲခြမ်းပါကြွပ်လာပြီဆိုမှ
ကြက် သားမှုန့်လေးထည့်၊ ဒါမှ ငရုတ်သီးကြော်အနှစ်ပါအရသာရှိသွားတာပေါ့။ ပြီးရင် မီးဖိုပေါ်ကချပြီး
ခုနကကြော် ထားတဲ့ ငါးကြော်တုံးလေးတွေထည့်ပြီး နှံ့အောင်မွှေပေးလိုက်ရင် ကက္ကတစ်ငါးအစပ်ကြော်လေးတစ်ခွက်ရပြီပေါ့။
ဖလံတောင်ဝှေးကြော်
ဖံတောင်ဝှေးကို မလိုတာတွေနဲ့ရင့်တာတွေဖယ်၊
ဓားပြားရိုက်လက်တစ်ဆစ်လောက်လေးတွေ လှီးထား ပြီးမျ ရေပြန်ဆေး၊ ရေစင်အောင်ညှစ်ထား၊ ပုဇွန်ခြောက်ကို
မညက်တညက်ထောင်းထား၊ ကြက်သွန်နီကို မထူမပါးလှီးထား၊ ဆီပူလာရင် ကြက်သွန်နီထည့်၊ စိမ်းနံ့ပျောက်ပြီဆိုမှ
ပုဇွန်ခြောက်ထောင်းထားတာထည့် ပုဇွန် ခြောက်လေးပါမွှေးလာပြီဆိုမှ ဖလံတောင်ဝှေးထည့်၊ အရသာအတွက်ကြက်သားမှုန့်လေးထည့်လိုက်ရင်
ရပါပြီ။ ဒါဆိုရင်တော့ ရာသီပေါ် ဖလံတောင်ဝှေးအချိုကြော်လေးရပြီပေါ့နော်။
ချဉ်ပေါင်ကြို
ချဉ်ပေါင်ရွက်ကိုခြွေပြီး ရေဆေး၊ ရေပြန်စစ်ထား၊
ပုဇွန်ခြောက်ကို မညက်တညက်ထောင်းထား၊ ကြက်သွန်နီကိုမထူမပါးလှီးထား၊ ပင်စိမ်းလေးပါအုပ်မှာဆိုတော့
ပင်စိမ်းလေးနည်းနည်းလည်း ခြွေပြီးရေဆေး၊ ရေပြန်စစ်ထားပေါ့။ အိုးထဲကိုချဉ်ပေါင်ထည့်ပြီးကြေတဲ့အထိမွှေပေး၊
ပြီးမှ ကြက်သွန်နီထည့်၊ ပုဇွန်ခြောက် ထောင်းထားတာလေးထည့်၊ ပုဇွန်ငံပြာရည်လေးပါ သင့်ရုံထည့်
ပြီးရင် ဗိုက်မနာအောင် ဆီစိမ်းလေးပါနည်းနည်း ထည့် အရသာစိတ်ကြိုက်ရပြီဆိုမှ အပေါ်ကနေ
ပင်စိမ်းအုပ်လိုက်မယ်ဆိုရင် ချဉ်ပေါင်ကြိုချဉ်ချဉ်မွှေးမွှေးလေး ရပါပြီ။ ဒါဆိုရင်တော့
ငါးကြော်စပ်စပ်လေးရယ်၊ ဖလံတောင်ဝှေးကြော်ချိုချိုလေးရယ်နဲ့ ချဉ်ပေါင်ကြိုချဉ်မွှေးလေး
ပါဆိုတော့ မယ်တော်မားသားနဲ့ ကျွန်တော်ကတော့ စားလို့ကောင်းမှကောင်းပဲဗျို့။
ဆွေမျိုးတို့လည်း မိသားစုထမင်းဝိုင်းလေးမှာ
ပျော်ပျော်ရွှင်ရွှင်နဲ့ ထမင်းမြိန်မြိန်စားနိုင်ကြပါစေလို့ ဆုတောင်းရင်း နောက်တစ်ပတ်မှ
နောက်တစ်မျိုးချက်ဖို့ပြန်ဆုံကြတာပေါ့နော်။ အားလုံးအဆင်ပြေပျော်ရွှင် ကြပါစေ။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment