စိတ်ဖိစီးမှုတွေ ဖယ်ရှားဖို့ရိုးရိုး ရှင်းရှင်းနည်းလမ်းတစ်ခုကတော့ ရယ်မောဖို့ပါ









ယနေ့ခေတ်မှာ ကလေးကနေ လူကြီးအရွယ်အထိ နေ့စဉ်စိတ်ဖိစီးမှုတွေကြုံတွေ့နေရပေမဲ့ စိတ်ဖိစီး နေတယ်ဆိုတာထက် ပိုပြီးမပြောတတ်ကြပါဘူး။ စိတ်ဖိစီးရတဲ့အကြောင်းအရင်းတွေက အများကြီးပါ။ တကယ် တော့ လူတွေကစိတ်ဖိစီးတယ်ဆိုတာကို အကြောင်းပြုပြီး အဲဒီစကားလုံးထဲမှာ သာယာနေ သယောင်တောင် ထင်ရပါတယ်။ ဒီပြနာကိုအဖြေရှာဖို့ မကြိုးစားခဲ့ကြည့်ာကပါဘူး။ ပြနာအဖြေမရှာဘဲ နစ်မွန်းနေတဲ့ အတွက် နေ့စဉ်နေထိုင်မှုဘ၀ကနေ မိသားစု၊ လုပ်ငန်းတာဝန်၊ ပတ်ဝန်းကျင်လူမှုအသိုင်းအ၀ိုင်းတွေအထိ ထိခိုက်လာပါတော့တယ်။ အဲဒီတော့စိတ်ဖိစီးတဲ့ ပြနာကိုဘယ်လိုတွန်းလှန်ကြမလဲ။

အကြိုက်ဆုံးသီချင်းနားထောင်
ပထမဆုံးအကြံပြုချင်တာကတော့ စိတ်ဖိစီးချိန်မှာ ကိုယ်အကြိုက်ဆုံးသီချင်းနားထောင်ဖို့ပါ။ ဂီတက ပျော်ရွှင်စေပါတယ်။ ပျော်ရွှင်မှုဆီ ခေါ်ဆောင်သွားနိုင်ပါတယ်။ စိတ်ဖိစီးနေချိန်မှာ ငယ်ငယ်ကကြိုက်ခဲ့တဲ့ သီချင်းလေးတွေ၊ လက်ရှိသဘောကျနေတဲ့ သီချင်းလေးတွေ နားထောင်ကြည့်ပါ။ ပင်ပန်းနွမ်းနယ် စရာကောင်းတဲ့ လက်ရှိအခြေအနေကနေ ခေတ္တချမ်းသာခွင့်ရသွားပါလိမ့်မယ်။

သူငယ်ချင်းတွေနဲ့တွေ့
သူငယ်ချင်းတွေကလည်း စိတ်ဖိစီးမှုကိုဖြေဖျောက်ပေးမဲ့ အကောင်းဆုံးအရာတွေပါ။ မနေ့ကမှ တွေ့ခဲ့တဲ့သူငယ်ချင်းကို စကားပြောဖို့ခေါ်နိုင်ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ လပေါင်းများစွာဝေးကွာနေ တဲ့သူငယ်ချင်းတွေနဲ့ ဆုံတွေ့တာပိုမကောင်းဘူးလား။ ဒါမှဝေးကွာနေစဉ်ကာလအတွင်း ဖြစ်ပျက်ခဲ့တာတွေ ကိုပျော်ပျော်ရွှင်ရွှင်ပြောနိုင်ကြမယ်။ တစ်ချိန်ကအဖွဲ့လိုက် အတူပျော်ရွှင်ခဲ့ရတဲ့အချိန်တွေကို ရယ်မောသတိ ရပြီး စိတ်ဖိစီးနေတာတွေကို ဖြေဖျောက်နိုင်ကြတယ်မဟုတ်ပါလား။ သူငယ်ချင်းဟောင်းတွေရဲ့ အသံက စိတ်ဖိစီးတာတွေကို ပြေပျောက်စေနိုင်တဲ့ဆေးတစ်ခွက်ပဲလေ။

စောစောထ
စောစောထလို့ပြောလိုက်ရင် ဘယ်သူမှလုပ်ချင်ကြမှာမဟုတ်သလို နားထောင်ချင်ကြမှာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ဖိစီးနေချိန်မှာတော့ စောစောအိပ်ရာထတာက ဖြေရှင်းချက်တစ်ခုဖြစ်နေပါလိမ့်မယ်။ ဘယ်သူမှမထသေးတဲ့အချိန် စောစောထရတဲ့အတွက် သူများတွေမလုပ်ရသေးတာတွေ ကိုယ်ကစောစောစီးစီး လုပ်မိနေပြီး စိတ်ကကြည်လင်လာမယ်။ သူများတွေထက် ခြေတစ်လှမ်းစောနေတဲ့အတွက် ဒါကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်ကျေနပ်လာမယ်။

ခဏအိပ်
စိတ်ဖိစီးမှုတွေဖြေလျော့ပေးဖို့ နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ ခဏလောက်အိပ်ပေးဖို့ပါ။ ဘယ်သူမဆို ခဏလေးတော့ဖြစ်ဖြစ် အိပ်ကြပါတယ်။ ကိုယ်က အလုပ်မပြီး၊ စိတ်တွေဖိစီးနေတဲ့ အတွက် အိပ်ချင်ပါလျက် မအိပ်နိုင်၊ မအိပ်ရတဲ့အတွက် စိတ်တွေကရှုပ်ထွေးလာပြီး အခြေအနေကပိုဆိုးလာပါတော့ တယ်။ အကောင်းဆုံးကတော့ လက်ရှိအလုပ်ကလေးတွေကို ဘေးချိတ်ပြီးခေတ္တအနားယူလိုက်ပါ။

အစားအသောက်
ပြည့်စုံမျှတမှုမရှိတဲ့ စားသောက်ပုံစံကလည်း စိတ်ဖိစီးစေတဲ့အကြောင်းတွေထဲက တစ်ခုပါ။ လူ အများစုက အသင့်စားအစားအစာထဲမှာပါတဲ့ အဆီတွေက၀မ်းဗိုက်နဲ့ ပေါင်တွေမှာသာသွားစုနေတယ်လို့ ထင်ကြပါတယ်။ တကယ်တော့ သူတို့တွေကဦးနှောက်မှာပါလာဝန်းရံနေကြတာပါ။ အဲဒီအတွက် လူတွေရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေကို ထိခိုက်လာမယ်။ စိတ်တွေကိုပါထိခိုက်လာပြီး စိတ်တွေရှုပ်ထွေးဖိစီးလာပါ တော့တယ်။ အဲဒီတော့ နေ့စဉ်စားသောက်မှုပုံစံကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။

ပီကေ၀ါး
ပီကေ၀ါးနေတဲ့အခါ စိတ်တွေကလွတ်လပ်နေပါတယ်။ တစ်ခါတစ်ရံမှာလည်း ဘာမှလုပ်စရာမရှိ ပျင်းရိ နေတဲ့အတွက် ပီကေ၀ါးကြပါတယ်။ ပီကေ၀ါးတာက ခန္ဓာကိုယ်အတွင်း  Cortisol တွေကိုလျော့ကျစေပြီး စိတ်ဖိစီးတာကိုပါလျော့ကျစေပါတယ်။

ရယ်မော
စိတ်ဖိစီးမှုတွေ ဖယ်ရှားဖို့ရိုးရိုး ရှင်းရှင်းနည်းလမ်းတစ်ခုကတော့ ရယ်မောဖို့ပါ။ 'ရယ်မောခြင်းက အကောင်းဆုံးဆေးတစ်ခွက်'ဆိုတာ လူတိုင်းကြားဖူးကြမှာပါ။ ဒီဆေးတစ်ခွက်က ရောဂါတိုင်းကို အသေးစိတ် လိုက်ပြီး ကုသမပေးနိုင်ပေမဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေတဲ့အတွက် သူ့ရဲ့နောက်ဆက်တွဲရောဂါတွေကို ၅၀ ရာခိုင်နှုန်းကြိုတင် သက်သာစေပြီးသားဖြစ်စေပါတယ်။

လက်ရှိအချိန်ကိုသာဂရုစိုက်
စိတ်ဖိစီးနေရတဲ့ အကြောင်းအရင်းတစ်ခုက ဖြစ်ပျက်ပြီးသား ပြနာတွေမဖြစ်ပျက်သေးတဲ့ ပြနာတွေကို စိုးရိမ်ပူပန်နေလို့ပါ။ အကောင်းဆုံးအကြံပြုချင်တာကတော့ လက်ရှိအချိန်ကိုသာဂရုပြုပါ။ လုပ်နိုင်တာကို အကောင်းဆုံးလုပ်သွားမယ်ဆိုရင် အခြေအနေတွေက ပြောင်းလဲသွားနိုင်ပါတယ်။

လမ်းလျှောက်ပါ
လမ်းလျှောက်တာက စိတ်ကိုတည်ငြိမ်စေပါတယ်။ 'အလုပ်တွေ များလွန်းတယ်'လို့သာလူတွေက စောဒကတက်ကြပါတယ်။ တကယ်တော့ ဒီအလုပ်တွေကိုတစ်ခုချင်း ဖြေရှင်းဖို့ကြိုးစားကြဖူးပါသလား။ ကြိုးစားအဖြေရှာကြသူတွေနည်းပါတယ်။

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment