မဒီလေးတွေရဲ့ စိတ်နေသဘောထားကိုပြောပြနေသော လက်သည်းနီအရောင်များ







မိန်းကလေးတစ်ယောက်ရဲ့ စိတ်နေသဘောထားကို သူရွေးချယ်အသုံးပြုတဲ့ ပစ္စည်းတွေကနေ ခန့်မှန်းနိုင် တယ်ဆိုရင်ယုံမလားမသိဘူး။ ခန့်မှန်းလို့ရပါတယ်။ မိန်းကလေးတွေ မျက်နှာမှာအသုံးပြုထားတဲ့ Color Cosmetics တွေ၊ အ၀တ်အစားအသုံးအဆောင်ပစ္စည်းအရောင်တွေ။ ပြီးတော့ လက်သည်းခြေသည်း မှာဆိုးထားတဲ့ Nail Polish အရောင်လေးတွေပေါ့။ အဲဒီအရောင်တွေကနေလည်း မိန်းကလေး တစ်ယောက် ရဲ့ စိတ်နေသဘောထားကိုလေ့လာနိုင်ပါတယ်။ ဘယ်အရောင်လေးတွေက ဘယ်လိုစိတ်သဘောထားရှိသလဲဆိုတာ လေ့လာကြည့်ရအောင်…

အနီရောင် (Red Nail Polish)
အနီရောင်က အချစ်၊ အမုန်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊ စိတ်ဓာတ်ပြင်းပြခြင်း သဘောဆောင်ပါတယ်။ လက်သည်းခြေသည်း အနီရောင်ဆိုးထားတဲ့ မိန်းကလေးဟာ လူအများကြားထင်ရှားစွာ ပေါ်လွင်နေတတ်ပါတယ်။ သူမဟာ လူအများရဲ့အာရုံစူးစိုက်မှုကို အလွန်အမင်းတောင့်တသူ၊ စိတ်ကူးယဉ်နေတတ်သူ၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သူဖြစ်ပါတယ်။ အချစ်ကိုကိုးကွယ်တတ်ပြီး အချစ်ကိုဘ၀တစ်ခုအဖြစ် မှတ်ယူထားသူအမျိုးအစားထဲမှာပါဝင်ပါတယ်။

ဝိုင်နီရောင်
ဝိုင်နီရောင်ကတော့ လှပကျော့ရှင်းမှု၊ ခေတ်မီစတိုင်ကျမှု၊ တစ်ခါတစ်ရံလည်ပတ်ရှုပ်ထွေးမှုတို့ကို ဖော်ပြနေ ပါတယ်။ ၀ိုင်နီရောင်လက်သည်းဆိုးဆေးကို နှစ်သက်သူမိန်းကလေးတွေကတော့ စကားကိုလူလည် ကျလှည့်ပတ်ပြောတတ်တဲ့ စရိုက်သဘာဝရှိပါတယ်။ သူမဟာ အရာရာကို အလွယ်တကူ စိတ်ဝင်စား တတ်ပြီး၊ သူမရဲ့မှန်ကန်တဲ့ ရုပ်သွင်၊ အရည်အသွေးကို တစ်ခဏအတွင်းမှာတင် ခန့်မှန်းနိုင်တဲ့ ဟန်ဆောင်ကောင်းသူဖြစ်ပါတယ်။

အနက်ရောင်
အနက်ရောင်လက်သည်းဆိုးဆေးဝတ်ဆင်တတ်သူ မိန်းကလေးတွေကတော့ စိတ်ဓာတ်အင်အားပြင်းပြသူ၊ ရည်မှန်းချက်ကြီးမားသူတွေဖြစ်ကြပါတယ်။ သူမလိုချင်တဲ့ပန်းတိုင်ဆီကို ခွန်အားအပြည့်နဲ့ လျှောက်လှမ်း တတ်တဲ့သဘာဝရှိပါတယ်။ ဘယ်လိုအခက်အခဲမျိုးပဲဖြစ်ဖြစ် ခွန်အားအပြည့်နဲ့ ကျော်ဖြတ်နိုင်တယ်လို့ ယုံကြည်ထားသူတွေဖြစ်ကြပါတယ်။

ပန်းရောင်
ပန်းရောင်က အချစ်ကိုကိုယ်စားပြုတဲ့အအရောင်ဖြစ်ပါတယ်။ ပန်းရင့်ရောင်လက်သည်းဆိုးဆေး ၀တ်ဆင် တတ်သူတွေကတော့ အကောင်းမြင်တတ်တဲ့ စရိုက်လက္ခဏာတွေ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိ သူ၊ ဘ၀ကိုပူပင်ကြောင့်ကြမှုမရှိဘဲ စမတ်ကျကျ၊ ရဲရဲဝံ့ဝံ့နေထိုင်လိုတဲ့ သဘာဝရှိသူတွေဖြစ်ကြပါတယ်။ ပန်းနုရောင်ကတော့ သေသပ်ကျနသူ၊ နွေးထွေးကြင်နာတတ်သူ၊ နူးညံ့သိမ်မွေ့တဲ့ စရိုက်လက္ခဏာရှိသူတွေ ၀တ်ဆင်ကြပါတယ်။

ရွှေဝါရောင်
ရွှေဝါရောင်လက်သည်းဆိုးဆေးဝတ်ဆင်တဲ့ မိန်းကလေးကတော့ ဆက်ဆံရေးကောင်းမွန်သူ၊ ကြင်နာသနားတတ်သူ၊ လူတကာရဲ့အာရုံစူးစိုက်ခံရမှုကိုနှစ်သက်သူဖြစ်ပါတယ်။ တောက်ပတဲ့ရွှေရောင်ကို ဖက်ရှင်ကျတယ်လို့သိထားပြီး ဘာဝတ်ဝတ်ဖက်ရှင်ကျလှပသူလည်းဖြစ်ပါတယ်။

အဖြူရောင်
သန့်ရှင်းမှု၊ လိုက်ဖက်ကျမှု (စည်းချက်ကျ) ကို ကိုယ်စားပြုတဲ့ အဖြူရောင်လက်သည်းဆိုးဆေးနှစ်သက်တဲ့ မိန်းကလေးက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသူ၊ အနည်းငယ်စကားများတတ်သူဖြစ်ပါတယ်။ ပြင်းထန်တဲ့အတွေးအခေါ်လည်းရှိတဲ့အတွက် ခေါင်းမာတဲ့စရိုက်လက္ခဏာရှိသူလည်းဖြစ်ပါတယ်။

အပြာရောင်
နက်မှောင်တဲ့အပြာရောင်က အပြာရောင်ပင်လယ်ပြင်ကြီးရဲ့ ရေနက်ပိုင်းကိုကိုယ်စားပြုပြီး အပြာနုရောင်ကတော့ အပြာရောင်မိုးသားကောင်းကင်ကို ကိုယ်စားပြုပါတယ်။ အပြာရောင်က မိန်းကလေးတော်တော်များများဆိုးခဲပါတယ်။ ဒီအပြာရောင်လက်သည်းဆိုးတဲ့ မိန်းကလေးတွေကတော့ ကိုယ်ပိုင်ဟန်ရှိသူ၊ သဘာဝတရားကိုနှစ်သက်တဲ့ စရိုက်လက္ခဏာရှိသူတွေဖြစ်ပါတယ်။ သူမရဲ့ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေကို လူအများရှေ့ရဲရဲဝံ့ဝံ့ချပြလိုစိတ်ရှိသူတွေဖြစ်ပါတယ်။

အ၀ါရောင်
အ၀ါရောင်ကနွေးထွေးတဲ့နေရောင်ခြည်ကို ကိုယ်စားပြုပါတယ်။ အ၀ါရောင်လက်သည်းဆိုးဆေးနှစ် သက်သူ မိန်းကလေးတွေကတော့ နွေးထွေးတောက်ပတဲ့သဘာဝ၊ သူတို့ရဲ့အကောင်းမြင်စွမ်းတွေကို တခြားလူများနှင့် ဝေမျှလိုစိတ်ရှိသူများဖြစ်ကြပါတယ်။

သဘာဝအရောင်
လက်သည်းဆိုးဆေးအသုံးပြုတဲ့ သဘာဝအရောင်လက်သည်းပိုင်ရှင်လေးတွေကတော့ သူတို့ဟာ သူများတကာအာရုံစိုက်မှုကိုမလိုလားသူ၊ ရိုးရှင်းစွာနေထိုင်လိုသူတွေဖြစ်ကြပါတယ်။ ဒါပေမဲ့ သူတို့နှလုံးသားထဲမှာရှိတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကတော့ ချိန်ကိုက်ဗုံးတစ်လုံးလို အမြဲတမ်းအဆင်သင့်ဖြစ်နေပါတယ်။

ခရမ်းရောင်
ခရမ်းရောင်က ရင့်ကျက်တည်ငြိမ်မှုကိုဖော်ညွှန်းပါတယ်။ ခရမ်းရောင်လက်သည်းဆိုးဆေး ချစ်မြတ်နိုးကြတဲ့ အမျိုးသမီးတွေဟာ အနည်းငယ်မာနကြီးသယောင်၊ ဂုဏ်မောက်သယောင်ထင်ရပေမယ့် သူတို့နှလုံးသားက နွေးထွေးပြီးမြင့်မြတ်သူတွေဖြစ်ကြပါတယ်။

ဝဿန်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment