တစ်ပတ်ရစ်ကားတွေဝယ်ရာမှာ
ကားသစ်တွေဝယ်တာထက် ပိုမိုခက်ခဲတတ်ပေမယ့် ကား အကြောင်း ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီးဝယ်ယူမယ်ဆိုရင်
ကိုယ့်အတွက် ငွေကြေးလည်း သိပ်မကုန်၊ အဆင်လည်းပြေ လာနိုင်ပါတယ်။ တစ်ပတ်ရစ်ကားတွေဝယ်ရာမှာ
အဖြစ်များဆုံးပြဿနာကတော့ ကိုယ့်လက်ထဲရောက်ရင် အဲဒီကားက အင်ဂျင်ပိုင်းနဲ့ပတ်သက်လို့
ပြဿနာပေါ်လာတာဖြစ်ပြီး တချို့ကား အကြောင်းနားမလည်တဲ့သူတွေ ဆို အင်ဂျင်တစ်ခုလုံး ပြန်ကိုင်ရတဲ့အထိ
ပြဿနာတက်လေ့ရှိပါတယ်။ အခု ဖော်ပြမယ့် အချက်အလက်တွေက အဲဒီပြဿနာတွေကို အတန်အသင့်ပြေလည်စေလိမ့်မယ်လို့
မျှော်လင့်ပါတယ်။
ဘယ်လိုကားမျိုးကိုဝယ်မလဲ
ပထမဆုံး လုပ်ရမှာက
ကိုယ့်မှာရှိတဲ့ငွေကြေးနဲ့ ကိုယ်ဝယ်ယူချင်တဲ့ကားရဲ့ဈေးနှုန်း သိပ်မကွာဖို့ပါပဲ။ ဒီလိုတစ်ပတ်ရစ်ကားတွေဝယ်မယ်ဆိုရင်
ကားဝက်ဘ်ဆိုက်တွေနဲ့ ကားဂျာနယ်တွေကို ၀င်ရောက် ဖတ်ရှု လေ့လာရမှာဖြစ်သလို ကားနဲ့ပတ်သက်တဲ့
ကျွမ်းကျင်သူတွေဆီမှာလည်း အကြံဉာဏ်ရယူသင့်ပါတယ်။ အဲဒီအခါကျမှ ကိုယ်ဝယ်ယူချင်တဲ့ကားရဲ့
ဈေးနှုန်းနဲ့ ကားရဲ့အကြောင်းအရာတွေကို သိရှိလာမှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်စိတ်ထဲမှာ
သဘောကျနေတဲ့ ကားအမျိုးအစားရှိရင်တော့ အဲဒီကားရဲ့ဈေးနှုန်းကို ၀က်ဘ်ဆိုက်နဲ့ ဂျာနယ်တွေမှာ
ရှာဖွေလေ့လာနိုင်ပါတယ်။ အင်ဂျင်ကြီးတဲ့ ကားတွေဟာ များသောအားဖြင့် ဈေးသက်သာလေ့ရှိပေမယ့်
ဆီ၊ အခွန်နဲ့အာမခံတွေမှာတော့ ဈေးနှုန်းမြင့်မားတတ်ပါတယ်။
ကုမ္ပဏီမှတစ်ဆင့် ၀ယ်ယူခြင်း
ကြားခံကုမ္ပဏီကနေ
တစ်ပတ်ရစ်ကားကို ၀ယ်ယူမယ်ဆိုရင် ကုန်ကျစရိတ်ပိုမိုများပြားနိုင်ပေမယ့် အဲဒီ ကားနဲ့ပတ်သက်လို့
ပြဿနာတစ်ခုခုဖြစ်လာရင် ဖြေရှင်းဖို့ပိုမိုလွယ်ကူနိုင်ပါတယ်။ ဥပမာအားဖြင့် ဥပဒေ ပိုင်းနဲ့ပတ်သက်လို့
ပြဿနာတစ်ခုခုဖြစ်လာရင် အဲဒီကုမ္ပဏီက ဖြေရှင်းပေးရမှာဖြစ်ပြီး ဒီအတွက်ကြောင့် ကုမ္ပဏီတွေဟာ
တစ်ပတ်ရစ်ကားတွေရောင်းချမယ်ဆိုရင် ဥပဒေပိုင်းနဲ့ပတ်သက်လို့ စာရွက်စာတမ်းကိစ္စ တွေကအစ
အသေးစိတ်ပြီးပြည့်စုံအောင် စီစဉ်ထားတတ်ပါတယ်။ ကိုယ့်လက်ထဲ ကားရောက်လာပြီးမှ ပြဿနာတစ်ခုခုတက်လာရင်
ကားပြန်ပြင်ဖို့အတွက် အဲဒီကုမ္ပဏီကို ဆက်သွယ်မေးမြန်းလို့ရသလို လိုအပ် ရင်လည်း ကားပြန်အပ်လို့ရတဲ့အထိ
အဆင်ပြေနိုင်ပါတယ်။
တိုက်ရိုက်ဝယ်ယူခြင်း
ကြားပွဲစားမပါဘဲ
တိုက်ရိုက်ဝယ်ယူရာမှာ နည်းလမ်းပေါင်းစုံရှိပါတယ်။ အခုလို မြန်မာနိုင်ငံမှာ ကား တွေများပြားလာတာနဲ့အမျှ
တိုက်ရိုက်ဝယ်ယူလို့ရတဲ့ လမ်းကြောင်းတွေကလည်း မှိုလိုပေါလာပါတယ်။ အွန်လိုင်း၊ ကားပွဲစားတန်းနဲ့
ကားအရောင်းပြပွဲတွေမှာ များသောအားဖြင့် ၀ယ်ယူနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး ၀ယ်ယူရာမှာ
ကိုယ့်ဘက်က ကားအကြောင်း အသေးစိတ်နားလည်ထားရမှာဖြစ်သလို ကိုယ်ကနားမလည်ရင် လည်း နားလည်တတ်ကျွမ်းသူကို
ခေါ်ထားဖို့မမေ့ပါနဲ့။ ဒီလို တစ်ဆင့်ခံမပါဘဲ တစ်ပတ်ရစ် ကားကို တိုက်ရိုက် ၀ယ်ယူရာမှာ
ပထမဆုံးအကျိုးကျေးဇူးကတော့ ဈေးနှုန်းသက်သာတာပါပဲ။ ဒါပေမဲ့ ဒီလို တိုက်ရိုက်ဝယ်ယူရာမှာ
ဆုံးဖြတ်ချက် အလောတကြီးမချမှတ်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်ဘက်က စိတ်ရှည်လက်ရှည်ထားပြီး
လိုက်လံကြည့်ရှုရမှာဖြစ်သလို တစ်ဖက်လူကိုလည်း အားနာနေဖို့ မလိုပါဘူး။
ဒါတွေကို မေးကြည့်ပါ
တကယ်လို့
တစ်ပတ်ရစ်ကားတွေဝယ်မယ်ဆိုရင် ကိုယ်နဲ့သက်ဆိုင်တဲ့ မေးခွန်းတွေကို အားမနာစတမ်း မေးဖို့လည်း
လိုအပ်ပါတယ်။ အဲဒါတွေကတော့ …
- ဒီကားကို
သူတို့ဘယ်လောက် သုံးပြီးပြီလဲ။
- ဘာဖြစ်လို့
ဒီကားကိုရောင်းချင်ရတာလဲ။
- လူသေအောင်တိုက်မိထားတဲ့
ကားမို့လို့လား။
- ကားအတွင်းပိုင်း
ပျက်စီးနေလို့လား။
- ကံကြမ္မာဆိုးတွေဖြစ်တတ်တဲ့ကားမို့လို့လား။
ဒီမေးခွန်းတွေကို
မေးမြန်းရမှာဖြစ်ပြီး သူတို့ဘက်က တုံ့ပြန်လာမယ့်အဖြေတွေအပေါ်မူတည်ပြီး ၀ယ်သင့်မ၀ယ်သင့်
စဉ်းစားရပါမယ်။
ကားကိုကြည့်ရှုလေ့လာခြင်း
တကယ်လို့
ကိုယ်ကကြားခံကုမ္ပဏီနဲ့မ၀ယ်ဘဲ ရောင်းသူနဲ့တိုက်ရိုက်ချိတ်ဆက်ဝယ်မယ်ဆိုရင် ထိုသူနဲ့ တွေ့ဖို့
စီစဉ်ရပါမယ်။ အဲဒီလို စီစဉ်ရာမှာလည်း အခြားနေရာတွေမှာမတွေ့ဘဲ သူ့ရဲ့အိမ်မှာတွေ့ဖို့
လိုအပ်ပါ တယ်။ အဲဒီအခါကျမှ သူ့ရဲ့ပတ်ဝန်းကျင်အနေအထား၊ ကားအနေအထားတွေကို အမှန်အတိုင်း
သိရှိနိုင်မှာ ဖြစ်ပြီး ပတ်ဝန်းကျင်က ကိုယ်ဝယ်ယူမယ့်ကားအကြောင်း ဘယ်လောက်သိထားသလဲဆိုတာကိုလည်း
ကိုယ်က စုံစမ်းလေ့လာနိုင်ပါတယ်။
ကားသမိုင်းကို စုံစမ်းလေ့လာပါ
ရောင်းချသူက သူ့ကားအကြောင်းကို ဘယ်လောက်ပဲအမွှမ်းတင်တင်
ကိုယ့်ဘက်က သေချာပေါက် လုပ်ရမှာကတော့ အဲဒီကားရဲ့သမိုင်းကြောင်းကို စုံစမ်းလေ့လာဖို့ပါပဲ။
ဥပမာ ကိုယ်ဝယ်ယူမယ့်ကားက ဥပဒေနဲ့ ငြိစွန်းနေတဲ့ကားမျိုးလား။ ဒါမှမဟုတ် သူခိုးလက်ခံကားလား။
နောက်ဆုံး လူသေအောင် တိုက်မိထားလို့ မဖြစ်မနေ ထုတ်ရောင်းချင်တဲ့ကားမျိုးလားဆိုတာ စုံစမ်းလေ့လာရပါမယ်။
တကယ်လို့ ကားရောင်းသူဘက်က တန်ရာတန်ကြေးထက် ဈေးလျှော့ရောင်းမယ်ဆိုရင်လည်း အဲဒီကားမှာ
ပြဿနာတစ်ခုခုတက်နေဖို့က ရာခိုင် နှုန်း ပိုများနေပါပြီ။
ဖြိုးတေဇာ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment