Android စမတ်ဖုန်းတွေမှာပါတဲ့ Notification ဆိုတာ… Notification Toggles










Android စမတ်ဖုန်းတွေမှာပါတဲ့ Notification ဆိုတာ စမတ်ဖုန်းအသုံးပြုသူတွေအဖို့ အသုံးဝင်ပြီးသား ရင်းနှီးပြီးသားလုပ်ဆောင်ချက်တစ်ခုပါ။ ဖုန်းရဲ့ထပ်ဆုံးပိုင်းမှာရှိတဲ့ Notification Bar လေးကနေ အောက် ကိုဆွဲချပြီး ကိုယ်အလိုရှိရာ လုပ်ဆောင်ချက်တွေကို လျင်လျင်မြန်မြန် လုပ်ဆောင်နိုင်ကြတဲ့အတွက် Android OS အနိမ့်အမြင့် မရွေး၊ စမတ်ဖုန်းအမှတ်တံဆိပ်မရွေး အသုံးပြုသူတိုင်းလိုလိုထိတွေ့ကိုင်တွယ် အသုံးပြုနေ ကြရပါတယ်။ ဒီ Notification Bar မှာတည်ရှိနေတဲ့ လုပ်ဆောင်ချက်တွေ ရုတ်တရက်ပေါ်လာတဲ့ သတိပေး ချက်တွေ ကြိုတင်သတ်မှတ်ပေးထားတဲ့ လုပ်ငန်းဆောင်တာတွေဟာ များသောအားဖြင့် ဖုန်းရဲ့မူလ လုပ်ဆောင် ချက်မှာကတည်းက အတော်များများထည့်သွင်းပေးထားပြီးသားဖြစ်ပါတယ်။
ဒါပေမဲ့ OS version အလိုက်၊ စမတ်ဖုန်းအမှတ်တံဆိပ်အလိုက် Notification Bar မှာတွေ့မြင်ရတဲ့ လုပ်ဆောင်ချက်တွေကတော့ အနည်းနဲ့အများ ကွာခြားသွားတတ်ကြပါတယ်။ ဒီ Notification Bar မှာ OS က သတ်မှတ်ထည့်သွင်းပေးထားတဲ့ အဖွင့်/အပိတ် လုပ်ဆောင်ချက်တွေအပြင် ကိုယ့်စိတ်ကြိုက် လုပ်ဆောင်ချက် တွေသာ ထပ်မံထည့်သွင်းနိုင်ခဲ့ရင် ကိုယ်အသုံးပြုနေကျ လုပ်ဆောင်ချက်တွေဟာ ထွေထွေ ထူးထူး ၀င်ရောက် ရှာဖွေနေစရာမလိုဘဲ အလွယ်တကူတိုက်ရိုက် အသုံးပြုနိုင်တဲ့အတွက် ပိုမိုအသုံးတည့်လာစေမှာဖြစ်ပါတယ်။ ဒီလိုထည့်သွင်းနိုင်ဖို့အတွက် သီးသန့်ထည့်သွင်းနိုင်မယ့် Notification Toggles ဆိုတဲ့ Apps လေးရှိပါတယ်။ ဒီ Apps လေးဟာ OS က သတ်မှတ်ပေးထားတဲ့အသုံးပြုနေကျ လုပ်ငန်းဆောင်တာတွေရဲ့ အဖွင့်/အပိတ် လုပ်ဆောင်ချက်တွေအပြင် ဖုန်းထဲမှာရှိတဲ့ Apps တွေကို တိုက်ရိုက်အသုံးပြုနိုင်အောင် ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။

ပထမဆုံး Play Store ကနေ Notification Toggles ကိုရယူပြီး install ပြုလုပ်လိုက်ပါ။ ပြီးရင် Apps ကိုဖွင့်လိုက်တာနဲ့စပြီး Welcome Screen ကိုမြင်ရမှာဖြစ်ပါတယ်။ ဒီ Welcome Screen မှာ ပြောပြထားတာ ကတော့ ဖုန်းရဲ့ Home Screen ပေါ်မှာ Apps တွေ Widgets တွေနဲ့ ရှုပ်ပွမနေစေဖို့အတွက် Notification Toggles ထဲကို ထည့်ထားပြီး ဖြေရှင်းနိုင်ကြောင်း ပြောပြထားပါတယ်။ ပြီးရင် Welcome Screen ကို ဘေးကို ဆွဲပြီး ရွှေ့လိုက်ပါ။ Toggles ဆိုတဲ့နေရာကို ရောက်သွားပါလိမ့်မယ်။ ဒီနေရာမှာတော့ ဖုန်းရဲ့ Wifi, Bluetoth, Connectivity, Sound, Display, System အစရှိတဲ့ လုပ်ဆောင်ချက်တွေရဲ့ တိုက်ရိုက် အဖွင့်/အပိတ် အတိုး အလျော့ ပြုလုပ်အသုံးပြုနိုင်မယ့် လုပ်ဆောင်ချက်အတော်များများကို တွေ့ရမှာဖြစ်ပါတယ်။ အသုံးပြုချင်တယ် ဆိုရင်တော့ ဘေးနားမှာရှိတဲ့ အကွက် ကလေး(၂) ကွက်ထဲက အရှေ့ဘက်က အကွက်ကလေးကို အမှတ်ခြစ် ပေးလိုက်ပါ။

ပြီးရင် Toggle နေရာကနေ နောက်ထပ်ဘေးကိုဆွဲပြီး တစ်ချက်ထပ်ရွှေ့လိုက်ရင်တော့ Custom Apps ဆိုတဲ့နေရာကိုရောက်သွားပါလိမ့်မယ်။ အဲဒီနေရာကနေဖုန်းထဲမှာရှိတဲ့ Apps တွေကို Notification Bar ထဲ ထည့်နိုင်မှာဖြစ်ပြီး add app ဆိုတဲ့နှိပ်ပြီးရွေးချယ်ပါ။
ရွေးချယ်ပြီးတဲ့အခါ back ကို နှိပ်ပြီးပြန်ထွက်ပါ။ Custom Apps အောက်မှာကိုယ်ရွေးချယ်ထားတဲ့ Apps လေးတွေတွေ့မြင်ရမှာဖြစ်ပြီး Notification Bar မှာပေါ်စေချင်တယ်ဆိုရင်တော့ အရှေ့မှာရှိတဲ့ အကွက်ကလေး(၂)ကွက်ထဲက အနောက်ဘက်ကအကွက်ကလေးကို အမှတ်ခြစ်ပေးပါ။

အခုဆိုရင် Notification Bar ကိုအောက်ဘက်ဆွဲပြီး ပြန်ကြည့်လိုက်တဲ့အခါ ကိုယ်ပိုင် ရွေးချယ် ပြုလုပ်ထားတဲ့ Toggle တွေနဲ့ Apps တွေကိုမြင်တွေ့ရပါလိမ့်မယ်။ ကိုယ်အသုံးများတဲ့ Apps တွေ၊ Toggle (ခလုတ်)တွေကို ရွေးချယ်စုစည်းထားခြင်းအားဖြင့် ဖုန်းကို unlock ပြုလုပ်စရာမလိုဘဲ Notification Bar ကနေ အလွယ်တကူ တိုက်ရိုက်အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

မင်းသုနောင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment