မြန်မာနိုင်ငံမှာ
အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်း အပြောင်းလဲဆုံးအနေအထားကတော့ နေရာ တကာမှာ မော်တော်ကားတွေ
တွေ့နေရတဲ့အချက်ပါပဲ။ နေရာတိုင်းမှာ အကောင်းနဲ့အဆိုးက ဒွန်တွဲနေလေ့ ရှိသလို ကားတွေလွတ်လပ်စွာတင်သွင်းခွင့်ရခဲ့လို့
အခြေခံလူတန်းစားမဟုတ်သည့်တိုင် လူလတ်တန်း စားတွေအထိ ကိုယ်ပိုင်ကား ပိုင်ဆိုင်ခွင့်အိပ်မက်
မက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဆိုးဘက်ကနေ ကြည့်ရင် လည်း အခြေခံ လူတန်းစားတွေအတွက် ကားလမ်းပိတ်တဲ့ဒဏ်က
အဆိုးရွားဆုံးဖြစ်လာပြီး နောက် တစ်ချက်ကတော့ ကားတွေ များလာတာနဲ့အမျှ ကားမတော်တဆဖြစ်မှုတွေကလည်း
မမြင်ချင်မှအဆုံး တွေ့နေရပါတယ်။ ကားလမ်းနဲ့ ကားအချိုးအစားမမျှတလို့ လမ်းပိတ်တဲ့ဒဏ်ကို
ခံစားနေရတာဖြစ်သလို ကားမတော်တဆဖြစ်ရပ်တွေမှာလည်း ဂရုတစိုက်မမောင်းနှင်လို့ဖြစ်ရတဲ့
ဖြစ်ရပ်တွေက ပိုများနေပါတယ်။ ဒီတော့ လိုရာခရီးကို အန္တရာယ်ကင်းကင်းနဲ့ ချောချောမွေ့မွေ့ရောက်စေဖို့အတွက်
ကားမောင်းသူတိုင်း လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်မယ့် အချက်တွေ ကို ဖော်ပြပေးလိုက်ပါတယ်။
ခါးပတ်ကို အမြဲတမ်းဝတ်ဆင်ပါ
ကားမောင်းနေချိန်မှာ
ကားခါးပတ်ကို အမြဲတမ်းတပ်ထားတာက လွယ်ကူရိုးရှင်းတဲ့နည်းလမ်းဖြစ်သလို တကယ်လို့ ကားမတော်တဆဖြစ်ရပ်နဲ့
ကြုံတွေ့ခဲ့မယ်ဆိုရင်တောင် ထိခိုက်ဒဏ်ရာရမှုနည်းစေနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရဆိုရင်
ကားမတော်တဆဖြစ်ရပ်ကြောင့် အသက်သေဆုံး သို့မဟုတ်
ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ရာမှာ (၆၅)ရာခိုင်နှုန်းက ခါးပတ်မပတ်ထားတာကို တွေ့ခဲ့ရပါတယ်။
တကယ်လို့ ကလေးတွေနဲ့ ခရီးဝေးသွားမယ်ဆိုရင်လည်း လမ်းလျှောက်တတ်ကာစ ကလေးပဲဖြစ်ဖြစ် ခါးပတ်ပတ်ပေးထားဖို့
မမေ့ပါနဲ့။
ကားမောင်းမယ်ဆို မိုဘိုင်းဖုန်းကို
ပါဝါပိတ်ထားပါ
ဒီနေ့လို
သိပ္ပံနည်းပညာထွန်းကားတဲ့ခေတ်မှာ မိုဘိုင်းဖုန်းက မရှိမဖြစ်အရေးပါတဲ့ ဆက်သွယ်ရေး ကွန်ရက်တစ်ခုဖြစ်လာတာတော့
အမှန်ပါပဲ။ ဒါပေမဲ့ ကားမောင်းနေရင်း ဖုန်းပြောရင်အန္တရာယ်ပိုရှိနိုင် တာကိုလည်း သတိပြုရပါမယ်။
ကားမောင်းရင် ပတ်ဝန်းကျင်ကို မျက်ခြည်မပြတ်လေ့လာနေရမှာဖြစ်ပြီး ဖုန်းပြောနေရင်တော့
ကားမောင်းတဲ့အပေါ်မှာ အာရုံစိုက်နိုင်တော့မှာမဟုတ်ပါဘူး။ တကယ်လို့ အရေးကြီးတဲ့ ဖုန်းဆိုရင်တော့
ကားကိုလမ်းဘေးချရပ်ပြီးမှ ဖုန်းပြောပါ။ ဖုန်းပြောတာတစ်ခုတည်းမဟုတ်ဘဲ ကားမောင်းနေ ရင်း
မုန့်စားတာတို့၊ စာအုပ်ဖတ်တာတို့၊ မိတ်ကပ်အသုံးအဆောင် ပစ္စည်းတွေနဲ့ အလှပြင်တာတို့ စတာတွေ
ကိုလည်း ရှောင်ရှားသင့်ပါတယ်။ ကားမောင်းနေရင်း ဒီလိုမျိုးလုပ်ရင် အာရုံအနှောင့်အယှက်ဖြစ်ရသလို
တကယ်လို့ တစ်ခုခုကြောင့် ကိုယ့်ကားကို ရပ်ရမယ်၊ ရုတ်တရက်ကွေ့ရတော့မယ်ဆိုရင် အာရုံမစိုက်နိုင်ဘဲ
ဖြစ်သွားပါလိမ့်မယ်။ နောက်တစ်ခုက ခရီးရှည်ကားမောင်းရမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အိပ်မငိုက်အောင်
နေရပါမယ်။ တကယ်လို့ လုံးဝအိပ်ချင်နေရင်တော့ ကားကိုလမ်းဘေးချရပ်ပြီး အိပ်ရေး၀၀အိပ်လိုက်ပါ။
အိပ်ရေးဝတော့မှ ကားပြန်မောင်းရင် ပတ်ဝန်းကျင်ကို ဂရုတစိုက်နဲ့ သတိထားမောင်းနှင်နိုင်မှာပါ။
ရာသီဥတု ဆိုးရွားနေချိန်မှာ ကားကို
ဂရုတစိုက်မောင်းနှင်ပါ
တကယ်လို့
ရာသီဥတုက ဆိုးရွားနေပြီး ကိုယ်တိုင်ကလည်း မဖြစ်မနေကားမောင်းရမယ်ဆိုရင် ဖြည်းဖြည်းနဲ့မှန်မှန်
မောင်းနှင်ရမှာဖြစ်သလို စိုစွတ်တဲ့ရာသီဥတုကြောင့် ကားတွေရုတ်တရက် ဘရိတ် မမိတာမျိုးဖြစ်တတ်လို့
ရှေ့က ကားနဲ့ကပ်မလိုက်ဘဲ အဝေးက မှန်မှန်လိုက်သင့်ပါတယ်။
မိုးကြီး လေကြီး ကျနေလို့ ရှေ့ကမြင်ကွင်းကိုကြည့်ရတာ သိပ်မသဲကွဲဘူးဆိုရင်တော့ နှင်းခွဲမီးလိုမျိုး
ကားမီးဖွင့်ပြီး မောင်းသင့်ပါ တယ်။ ရာသီဥတုက အဲဒီထက်ပိုမိုဆိုးရွားလာမယ်ဆိုရင် အကောင်းဆုံးကတော့
ကားရပ်ပြီး ရာသီဥတု နည်းနည်းပြန်ကောင်းလာတဲ့အထိ စိတ်ရှည်လက်ရှည်နဲ့ စောင့်သင့်ပါတယ်။
ဖြစ်နိုင်ရင် ကားလက်ကိုင်ကို လက်နှစ်ဖက်စလုံးနဲ့
မောင်းနှင်ပါ
ကားလက်ကိုင်ကို
လက်နှစ်ဖက်စလုံးနဲ့ကိုင်ပြီး မောင်းနှင်မယ်ဆိုရင် ရုတ်တရက်အရေးပေါ်ရပ်လိုက် ရတာမျိုး၊
အရေးပေါ် ကွေ့လိုက်ရတာမျိုးတွေမှာ လက်တစ်ဖက်တည်းနဲ့ မောင်းနှင်တာထက် ပိုမိုအရေးပါတာ
ကို တွေ့နိုင်ပါတယ်။
မူးရင် မမောင်းနဲ့၊ မောင်းရင် မမူးနဲ့
ဒါကတော့
အလိုအပ်ဆုံးပါပဲ။ အရက်မူးပြီး ကားမောင်းရင် မတော်တဆဖြစ်ဖို့က ရာခိုင်နှုန်းအတော် များပါတယ်။
အယ်လ်ကိုဟောတွေက ကိုယ့်ရဲ့အာရုံကိုထွေပြားစေပြီး အမြင်အာရုံကိုလည်းေ၀၀ါးစေပါတယ်။ တကယ်လို့
အရက်သောက်ထားမယ်ဆိုရင်တော့ ကားမမောင်းတာက အန္တရာယ်အကင်းဆုံးဖြစ်ပါလိမ့်မယ်။
စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်ဆိုတာကိုလည်း
မမေ့ပါနဲ့
ကားသမားတစ်ဦးအတွက်
နောက်ထပ်အရေးပါတဲ့အချက်ကတော့ စိတ်ရှည်သည်းခံခြင်းပါပဲ။ တခြားကားတစ်စီးက ကိုယ့်ကိုကျော်တက်သွားတာမျိုး၊
စိတ်ဆိုးဒေါသထွက်အောင် မောင်းနှင်တာမျိုး ပြုလုပ်သွားမယ်ဆိုရင် ကိုယ့်စိတ်ကို အတတ်နိုင်ဆုံးထိန်းထားသင့်ပါတယ်။
ဒေါသတကြီးနဲ့ သူနဲ့ ကားပြိုင် မောင်းမယ်ဆိုရင် မတော်တဆဖြစ်ရပ်တွေနဲ့လည်း ကြုံတွေ့နိုင်တယ်ဆိုတာကို
မမေ့ပါနဲ့။ ကားမောင်းမယ် ဆိုရင် ကိုယ့်စိတ်ကို နှိမ့်ချထားတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment