''ဤခရီးနီးသလား…. ၅ နာရီ လာရ၏''











''ဤခရီးနီးသလား…. ၅ နာရီ လာရ၏''
(ဒါလေးကို ကျွန်တော်တို့လိုက်ဆိုပြီးစာသင်လာခဲ့တာ၊ ဒါလေးတွေဆိုပြီး စာတတ်ခဲ့တာမို့… မိချောင်းမင်း ရေခင်းပြ ဘုန်းကြီးစာချ ပြန်လုပ်ပေးလိုက်ပါတယ်)။
ဟိုး ခေတ်ဟိုအခါက ကားနဲ့သွားရင် ၅ နာရီခရီးဆိုတာ တော်တော် ဝေးတယ်ထင်ရပ။ ခုခေတ်မှာကား ဤသို့မဟုတ်တော့ပြီ။ ခေတ်ပေါ်ကားလေးများ၊ ကားကြီးများနဲ့ သွားမယ်ဆိုရင် ၅ နာရီဆိုရင်တော်တော်ခရီး ပေါက်နေပါပြီ။ ခရီးတော်တော်ပေါက်ရုံမက မတော်တဆဖြစ်စဉ်တွေကြောင့်လည်း မရဏစခန်းသို့လည်း ချော်တောငေါ့ကာ သွားနေရပါပြီ။ အသက်ဉာဏ်စောင့်ဆိုတာရှိပါတယ်။ ကံဆိုတာ အလုပ်ကိုခေါ်ပါတယ်။ ခု ဒါလေးကို သတိတရနဲ့ မှတ်သားထားလိုက်ပါ။
ယာဉ်တစ်စီးစီးကိုစီးသွားတဲ့လူအဖို့ သာမာန်လမ်းလျှောက်တာ၊ ပြေးတာထက်ပိုမြန်ပါတယ်။ ဒီအထဲမှာ ကားဟာ တော်တော်မြန်ပါတယ်။ မော်တော်ဆိုင်ကယ်က ပိုမြန်ပါသေးတယ်။ လူအများကြီး တစ်ကြိမ်တည်း စီးသွားနိုင်တာ ကားမို့ ကားဟုသာပြောပါတော့မယ်။

မြေပြင်မှာ ကားသွားနေတာ မြို့ပြင်ရောက်တာနဲ့ ၁ နာရီ မိုင် ၅၀ အသာလေးပါပဲ။ လိုသလိုသွားပြီး လိုသလို ရပ်လိုက်တာ ဘာအရေးလဲ သွားသွားမှန်း မသိ၊ ရပ်ရပ်မှန်း မသိဆို လူကကြိုတင်ရည်ရွယ်ချက်နဲ့ လုပ်လိုက်တာ ကိုးခင်ဗျ…။
အရှိန်နဲ့ပဲသွားနေရင် ရည်ရွယ်ချက်မရှိသေးခင် ရုတ်တရက်ချက်ချင်း ရပ်သွားရတဲ့အခြေအနေမျိုးမှာ ခုပြောတဲ့ကိစ္စက တော်တော်ထူးခြားလာပါတော့တယ်။ ကားမှာထိုင်စီးလာတဲ့လူအများ ကစဥ့်ကလျားဖြစ်ကုန် ကြရတယ်။ လူကသပ်သပ်၊ ယာဉ်ကသပ်သပ်ဖြစ်ကုန်ကြရတော့ ကွဲကြ၊ ပြဲကြနဲ့ ထိခိုက်မှု ဖြစ်ကုန်ကြရတာ ပေါ့ဗျာ။
ကားထိုင်ခုံဆိုတာ ကားအစိတ်အပိုင်းတစ်ခုပါ။ ကားရပ်ရင်သူလည်း လိုက်ရပ်မယ်။ ကားအစိတ်အပိုင်း တစ်ခုမဟုတ်တဲ့လူများက ထိုင်ခုံမှာခိုင်မြဲစွာ သံမှိုရိုက်မထားတော့ ထိုင်ခုံသပ်သပ် လူသပ်သပ်နဲ့ မသပ်မရပ် ကဆုန်ပေါက် ထွက်ကုန်ကြတာ မဆန်းပါ။ ဒါကြောင့်မို့ ထိခိုက်ဒဏ်ရာရမှုတွေဖြစ်လာကြရတာပါ။
ဒါကြောင့်မို့ ရုတ်တရက်ထိခိုက်မှုကြုံတာနဲ့ သက်သာအောင် လူနဲ့ထိုင်ခုံနဲ့မြဲနိုင်သမျှမြဲအောင် ချုပ်ထားမှ ဆိုပြီး တီထွင်ကြံဆကာ ကားထိုင်ခုံသက်ကယ်ခါးပတ်ကို ထွင်လိုက်ရပါတော့တယ်။
လွယ်လွယ်ပြောရရင်  Seat Belt …။ သေချာဘာသာပြန်လိုက်ရင် ထိုင်ခုံသက်ကယ်ခါးပတ်လို့ ခေါ်လို့ ရပါတယ်။ သူ့ကို စနစ်တကျပတ်ထားရင် တကယ်အသက်ကယ်နိုင်ပါတယ်။ ရာနှုန်းပြည့်မဟုတ်တောင်ပေါ့။ ကားထိခိုက်မှု အခြေအနေအမျိုးမျိုးအရပေါ့ခင်ဗျာ။
ခု.. ဒီဆောင်းလေးမှာ အဓိကမက်ဆေ့ခ်ျပေးချင်တာက လူစီးကားငယ်လေးများမှာပါတဲ့ သက်ကယ် ထိုင်ခုံခါးပတ်က လူစီးလေယာဉ်ပျံက ထိုင်ခုံခါးပတ်ထက် အဆင့်မြင့်ပါတယ်ဆိုတဲ့အကြောင်းလေးကိုပါ။ ဘယ်လို ဘယ်လို… ကားထိုင်ခုံခါးပတ်က လေယာဉ်ထိုင်ခုံကခါးပတ်ထက်နည်း ပညာအဆင့်မြင့်တယ် ဆိုတာဟုတ်ပါ့မလား… မောင်ကားသက်ရဲ့ဆိုရင်… ဒီထက်တောင်ပိုသေးတယ်လို့ ပြောလိုက်ချင်ပါတယ်… သေချာအောင် ရေရာအောင် ရှင်းပြပါ့မယ်။
ကားသည် အချိန်မရွေး မြေမျက်နှာပြင်နိမ့်မြင့်မရွေးမှာသွားနေသောကြောင့် မြေပြင်မှာ အခြား တစ်စုံ တစ်ရာနှင့် collision ဖြစ်ဖို့များနေသည်။ ထိုင်နေသောလူအဖို့မှာလည်း လေယာဉ်လောက် သက်သောင့် သက်သာမရှိသည်မှာ လူတိုင်းသိပါသည်။ လေယာဉ်တို့မည်သည် အရှိန်နှုန်းမြန်တယ်ထား။ လေထဲမှာ ကားလောက် တစ်စုံတစ်ရာနဲ့ collision မဖြစ်နိုင်၊ မြေပြင်မှာ ပြေးလမ်းချော်ပြီး တစ်စုံတစ်ရာနဲ့ တိုက်မိမှ သာဖြစ်နိုင်သည်။ လေယာဉ်လေထဲမှာ ဟိုစောင်းဒီစောင်းလောက်ပဲဖြစ်မည်။ ဒီအတွက်ကြောင့် လူနဲ့ထိုင်ခုံသာ မြဲမြံဘို့အရေးကြီးပါသည်။ အက်စီးဒင့်တစ်စုံတစ်ရာဖြစ်လာလျှင် မည်သို့နေထိုင်ရမည်ကို လေယာဉ်မောင်မယ် တို့က လေယာဉ်မထွက်ခွာခင်သရုပ်ပြမည်။ ဥပမာ ခေါင်းကိုငုံ့ထားရမည်။ လူကိုယ်လုံးကို ကျုံ့နိုင်သမျှ ကျုံ့ထားပေးရမည်။ မီးခိုးနှင့်တွေ့ပါက လေးဘက်ထောက်ထွက်ရမည်။ လေယာဉ်တက်ဆင်းချိန်တွင် အစား အစာတင်ဖို့၊ စာအုပ်တင်ဖို့ ရှေ့ကအပြာလေးကိုခေါက်သိမ်းထားရမည်။ (ရင်ဘတ်ကိုဆောင့် မှာစိုးလို့ ) စသဖြင့် နိမိတ်မရှိနမာမရှိ လုပ်မနေနဲ့၊ ဟင့်အင်း…. အတင်း သရုပ်ပြမှာပဲ။
ကားသည် ထိုသို့မဟုတ် အရေးပေါ်အခြေအနေကြုံရင် မည်သို့လုပ်ရမည်ကို သရုပ်ပြဖို့ ဝေလာဝေး ရောက်မည့်အချိန်၊ ဆိုက်မည့်အချိန်မေးတာနဲ့ ကားပေါ်ကနှင်ချခံရပေလိမ့်မည်။ အရင်တချိန် ကားစီးတုန်းက ကျွန်တော့်နောက်ခုံက ဦးလေးကြီးတစ်ယောက်ကို ခင်ဗျားပါးစပ်ပုပ်ကြီးနဲ့ဗျာ… ရော့ပြန်ယူ… နောက်ကား ပြောင်းစီးဆိုပြီး ထားခဲ့တာကြုံဖူးပါသည်။ ဒါကြောင့်မို့ ကျွန်တော်က ကားဂိတ်အပြင် အွန်လိုင်းက နော့လစ် ရှဲနေရတာပါ။
ကားထိုင်ခုံခါးပတ်ဆိုလို့ အိပ်စ်ပရက်ကားကြီးများက ခါးပတ်ကတော့ လေယာဉ်ထိုင်ခုံခါးပတ်ပါခင်ဗျ။ ပခုံးသိုင်းကြိုးမပါလို့ လူကိုရှေ့ပြေးမထွက်အောင် နောက်ကနေ ကလစ်ဆိုပြီးလှမ်းဆွဲလိုက်တဲ့စနစ်မပါဘူးဗျ။ နည်းနည်း အဆင့်နိမ့်တယ်ဆိုပါတော့။ ဒါပေမဲ့ ပတ်ဖြစ်အောင် ပတ်ထားရလိမ့်မယ်။ ဈေးမဆစ်နဲ့နော်။

ယာဉ်ငယ်အသီးသီးက ထိုင်ခုံခါးပတ်များကတော့ ခါးနဲ့ထိုင်ခုံကိုပတ်ထားရုံမက Semi Shoulder Harnessess လိုမျိုး ပခုံးသိုင်းပေးတဲ့ ကြိုးတစ်ချောင်းပါသေးတယ်။ စလွယ်သိုင်းပတ်လိုက်ရတာအသိ။ ဒါလေးရဲ့နည်းစနစ်နဲ့ တန်ဖိုး က တော်တော်ကြီးတယ်မောင် လျှော့မတွက်နဲ့။ ကားများအတွက် အသေချာဆုံးကုမ္ပဏီက အထူးအော်ဒါမှာ ထုတ်ပေးထားတာပါမောင်။ ဒီခါးပတ်လေး တစ်ကယ်အလုပ်မလုပ် အကြိမ်ကြိမ်အခါခါ လက်တွေ့စမ်းသပ်ပြီးမှ ကားအသီးသီးမှာ တပ်ဆင်ပေးလိုက်တာပါ။
တကယ်အရေးကြုံလို့ ဒီကောင်အလုပ်မလုပ်လို့ လူသေလို့ကတော့ ဒီခါးပတ်ကုမ္ပဏီကိုတရားစွဲလို့။ ခါးပတ်ကုမ္ပဏီခင်ဗျာ… သေသွားမယ်… ရှင်တွားမယ်… မသေမရှင်ဖြစ်သွားမယ်… ခင်ဗျ။ တော်ဝင်မင်းသမီးဒိုင်ယာနာ နာမည်ကြီး မဆေးဒီးစ်ဘင့်ဇင့်နဲ့ သေသွားတုန်းက ခါးပတ်ကုမ္ပဏီနဲ့ လေအိတ် ကုမ္ပဏီတို့ တိုင်ပတ်တာသိလိုက်ကြတယ်မလား။ နောက်ဆုံး ပုံစံတူကားတစ်စီးနဲ့ လူတူအရုပ်ထည့်ပြီး ပြန်တိုက်စမ်းပြလိုက်ရတဲ့အထိ ပွဲဆူခဲ့ပါတယ်။ ဒီထိုင်ခုံခါးပတ်လေးတန်ဖိုးရှိတာကို ပြောနေလိုက်ရတာ မောလိုက်တာ။
ဒီမှာလည်း ဒီထိုင်ခုံခါးပတ်လေးက တော်တော်တန်ဖိုးရှိပါတယ်။ မော်ဒယ်နိမ့်ကိုမော်ဒယ်မြင့်ဆိုပြီး လိမ်ရောင်းဖို့ ခါးပတ်လေးကိုလဲပြီး သက်သေပြရလို့၊ မပတ်ရလည်း ဘာအရေးလဲ။ ကလစ်လို့မထွက်လည်း ဘာအရေးလဲ။ ကားရောင်းရရင်ပြီးရော… တိန်… တေပီချာ
ယာဉ်ငယ်လေးများမှာပါတဲ့ ခါးပတ်ကစနစ်က အဆင့်မြင့်သလို တန်ဖိုးလည်းရှိလှသမို့ လေယာဉ်ထိုင်ခုံ တိုင်းမှာထည့်ပေးလေ့မရှိပါဘူး။ တကယ့်အရေးကြီးအလုပ်ကို လုပ်နေရတဲ့လေယာဉ်မှူးများကိုသာလျှင် တပ်ဆင်ထားရှိပေးပါတယ်။
ပခုံးသိုင်းကြိုး ၂ ချောင်းပါပါတယ်။ သူ့ကိုတော့ Shoulder Harnesses လို့ခေါ်ပါတယ်။ တိုက်ရိုက် ဘာသာပြန်ပေးရရင် မြင်းလှည်းတွေမှာ မြင်းတွေကို ပခုံးသိုင်းစွပ်ပေးထားတဲ့ကြိုးကွင်းကိုလည်း ဒီလိုပဲခေါ် ပါတယ်တဲ့။ ဒီလို ဥပမာပေးလိုက်လို့ ဘယ်သူမှလည်း စိတ်မဆိုးပါဘူး။ ဒီလို အဆင့်မြင့်ခါးပတ်သိုင်းကြိုးကို ပတ်ထားပေးမှ အရေးကြုံရင်သက်လုံ ကောင်းမှာကိုး။ ဖြစ်တာနဲ့ လေယာဉ်မှူးနဖူးများတွေ့တာနဲ့ ပြေးဆောင့် နေလို့ ဘယ်ဖြစ်ပါ့မလဲ။ ဒီလိုပခုံးသိုင်းကြိုး လီဗာကလစ်ပါတဲ့ ထိုင်ခုံခါးပတ်ကို တချို့ဇီမ်ခံလေယာဉ် ထိုင်ခုံမှာ ထည့်ပေးလေ့ရှိပါတယ်။
ဒါကြောင့်မို့ နှစ်ထပ်ရှိအောင်ထပ်ပြောလိုက်မယ်။ နွေရာသီအားလပ်ရက်မှာ ခရီးစဉ်အသီးသီးကို ကားများနဲ့ ခရီးထွက်ကြမယ့် အမောင်တို့ အမိတို့ ရေသဘင်မျက်မှန်ကိုနောက်မှတပ်၊ ကားပေါ်ရောက်တာနဲ့ ထိုင်ခုံခါး တ်ကိုမြဲမြံအောင် အရင်ပတ်၊ နောက်လူလည်းပတ်၊ ကြားလား…။
ကားမောင်းတဲ့သူကလည်း ခေးဖြစ်ဖြစ် ညေးဖြစ်ဖြစ်… အမယ် ကားထိုင်ခုံခါးပတ်က လေယာဉ်မှူးတွေ ခါးပတ် လောက် အဆင့်မြင့်လုပ်ထားတာပဲ။ ဟုတ်မဟုတ် ပခုံးပေါ်ကအစကို ဆတ်ကနဲဆွဲ ကလစ်ဆိုပီးထစ်သွားရင် အိုကေပြီ။
ခါးပတ်ပတ်ပြီးမှ စိတ်ချလက်ချနဲ့ အွန်လိုင်းက ၀ယ်ထားတဲ့ ရေသဘင် တို့ အေအိုတို့ ပုလိစ်တို့ဆိုတဲ့ China မျက်မှန်လေးတွေကိုထုတ်တပ်ပြီး လိုရာခရီးကို ဘေးမသီရန်မခမောင်းနိုင်ပါစေကြောင်း နွေရာသီ ခရီးအတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ လမ်းအန္တရာယ်၊ ယာဉ်အန္တရယ်၊ ဆိုင်ကယ်အန္တရာယ်၊ ထော်လာဂျီအန္တရာယ်၊ စက်ဘီးအန္တရာယ်၊ ၂၂ ဘီးတွဲ အန္တရာယ် ဘေးအသီးသီးက လွတ်ကင်းကြပါစေ။

ကိုသက်  

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment