ကားတာယာ ပွင့်ထွက်ခြင်း











အဝေးပြေးလမ်းမကြီးတစ်ခုပေါ်မှာ ကားကိုအမြင့်ဆုံးအရှိန်နဲ့မောင်းနှင်နေချိန်အတွင်း တာယာ ကွဲတာဟာ ယာဉ်မောင်းအတွက်သာမကဘဲ ကားပေါ်မှာပါလာသူတွေအားလုံးအတွက် အန္တရာယ်ကြီးသလို ကြောက်စရာလည်း အလွန်ကောင်းပါတယ်။ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ပဲ ကွဲသည်ဖြစ်စေ ကားတစ်စီးကို အရှိန်မြှင့်မောင်းနှင်နေချိန်အတွင်း တာယာကွဲသွားတာဟာ ဘယ်လိုမှ ဟန်ချက်ထိန်းမရလောက်အောင် ဖြစ်သွားနိုင်ပြီး အသက်အန္တရာယ်ကိုရန်ရှာနိုင်တဲ့အထိ သက်ရောက်မှုကကြီးမားတာပါ။ အိမ်စီးကားလေး တစ်စီးက အစ SUV  နဲ့ ခရီးသည်တင်ကားကြီးတွေအဆုံး ဘယ်လိုကားမဆို မောင်းနှင်နေစဉ်အတွင်း တာယာကွဲ သွားတဲ့ဖြစ်ရပ်မျိုးနဲ့ကြုံတွေ့နိုင်ပါတယ်။ မောင်းနှင်သူနဲ့ ယာဉ်အမျိုးအစား ဘယ်လောက် ကောင်းတယ်ပဲ ပြောပြော ဖြစ်လာရင်အန္တရာယ်ကြီးလွန်းတဲ့အတွက် တာယာပွင့်ထွက်တဲ့ဖြစ်ရပ်မျိုးနဲ့ အမှန် တကယ်ကြုံတွေ့လာတဲ့အခါ ဘာတွေဆောင်သင့်၊ ရှောင်သင့်တယ်ဆိုတာ အကြံပြုလိုက်ပါရစေ။

နိုင်သလောက်ပဲလုပ်ပါ
နည်းပညာတွေ ဖွံ့ဖြိုးလာတာနဲ့အမျှ အရှိန်ပြင်းပြင်းနဲ့ ကားမောင်းနှင်နေချိန်အတွင်း တာယာပွင့်ထွက် တဲ့ဖြစ်ရပ်မျိုးတွေ အရင်ကထက်အဖြစ်နည်းလာပါတယ်။ ဒါက ယာဉ်မောင်းသူတွေအတွက် သတင်းကောင်း တစ်ရပ်ပါပဲ။ ဒါပေမယ့် မသိမသာဆိုးရွားနေတဲ့ အချက်တစ်ချက်ကတော့ ဘယ်လောက်ပဲ ဒီလိုမတော်တဆမှု မျိုး လျော့နည်းလာတယ်ပြောပြော ဖြစ်လိုက်ရင်လည်း လူ့အသက်ကိုအန္တရာယ်ပြုလောက်တဲ့အထိ အပျက် အဆီးက ကြီးမားလှတာပါ။ ဒါကြောင့် ပထမဆုံးနဲ့အရေးကြီးဆုံးအနေအဖြစ် အကြံပြုချင်တာကတော့ ကိုယ်ထိန်းနိုင်လောက်တဲ့အရှိန်နဲ့ပဲ ကားကိုမောင်းနှင်ဖို့ ဘယ်တော့မှမမေ့ဖို့ပဲ ဖြစ်ပါတယ်။ ဒါကတော့ နောက်ထပ်ရွေးချယ်စရာမရှိတော့တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။  မောင်းနှင်နေတဲ့ အရှိန်နည်းလေ လေ၊ ကိုယ်အသက်ရှင်ခွင့်ရဖို့ အခွင့်အရေးများလေလေဆိုတဲ့ သီအိုရီကို မေ့မပစ်တာ အကောင်းဆုံးပါပဲ။ ဥပမာ-ကီလိုမီတာ (၉၀) လောက်နဲ့မောင်းနှင်နေတုန်း ကားတာယာပွင့်တာက (၁၂၀/၃၀) မောင်းနှင်နေချိန်မှာ တာယာပွင့်သွားတာထက် ကိုယ့်အပေါ်ထိခိုက်မှုနည်းစေမှာ ဖြစ်ပါတယ်။      တကယ်လို့ ကိုယ်က ကီလိုမီတာ (၁၅၀)လောက်နဲ့ မောင်းနှင်နေတုန်း ကားတာယာပွင့်သွားပေမယ့် အသက် မသေဘဲ ကျန်ခဲ့မယ်ဆိုရင်တော့ ဒါက ဘုရားကပေးတဲ့ လက်ဆောင်လို့သတ်မှတ်ရုံကလွဲလို့ အခြားရှိမှာ မဟုတ်ပါဘူး။

ဘရိတ်ကိုလိုတာထက် ပိုအားမကိုးနဲ့
ရုတ်တရက် တာယာပွင့်ထွက်သွားတဲ့အခါ မောင်းနှင်လာတဲ့အရှိန်နှုန်းတစ်ခုကို ထိန်းချုပ်နိုင်ဖို့ ကြောက်အားလန့်အားနဲ့ ဘရိတ်ကို အလွန်အကျွံအသုံးပြုတတ်လေ့ ရှိပါတယ်။ ဒါဟာ လုံးဝမှားယွင်းတဲ့ အပြုအမူပါပဲ။ ခက်တာက ကားမောင်းသူအများစုဟာ တစ်ခုခုအတိမ်းအစောင်းဖြစ်လာရင် ဘရိတ်ပေါ်ကို ခြေစုံချလိုက်ဖို့ ဆော့ဖ်ဝဲအထည့်ခံထားရတဲ့ စက်ရုပ်လိုပြုမူတတ်ကြတာပါ။ ဒီဖြစ်ရပ်က ကားမောင်းသူ အများစုရဲ့ဗီဇတစ်ရပ်လို့ပြောရလောက်အောင်ကို အမြစ်တွယ်နေတာဖြစ်ပါတယ်။ အပြောလွယ်သလောက် အလုပ်ခက်တယ်ဆိုပေမယ့် မဖြစ်မနေရှောင်ရှားနိုင်အောင် ကြိုးစားရပါလိမ့်မယ်။ ဘရိတ်ကို အလွန်အကျွံ အသုံးပြုလိုက်ခြင်းက သာမန်အချိန်မှာတောင် ကားတစ်စီးရဲ့ဟန်ချက်ကို ပျက်ဆီးသွားစေဖို့လုံလောက်တဲ့ အကြောင်းပြချက်ဖြစ်နေတာကြောင့် တာယာပွင့်ထွက်သွားချိန်မှာ ဘရိတ်ကိုစုံဖမ်းလိုက်တာဟာ ယာဉ်ကို လုံးဝထိန်းချုပ်မှုမဲ့သွားစေမယ့် အခြေအနေမျိုးကို တွန်းပို့ပေးလိုက်သလိုဖြစ်သွားစေမှာပါ။

အရှိန်ကို ရုတ်တရက်မလျှော့နဲ့
ကားတာယာပွင့်ထွက်သွားချိန်မှာ နောက်ထပ်လုပ်မိတတ်တဲ့ အမှားတစ်ခုကတော့ လီဗာပေါ်က ခြေထောက်ကို ရုတ်တရက် ဖယ်ရှားပစ်လိုက်ကြတာပါ။ တကယ်တော့ ဒီအချက်ကလည်း မပြုလုပ်သင့်တဲ့ အချိက်တွေထဲမှာ တစ်ခုအဖြစ်ပါဝင်ပါတယ်။ ကားတာယာကွဲချိန်မှာ ကားအရှိန်ဟာ လုံးဝသုညလယ်ဗယ် လောက်ရောက်တဲ့အထိ ထိုးကျသွားတတ်တာကြောင့် ကားတစ်စီးလုံးလုံးဝထိန်းချုပ်လို့ မရလောက်အောင် ဖြစ်သွားတတ်တာပါ။ အမြန်ဆုံးအခြေအနေကနေ အနှေးဆုံးဖြစ်သွားချိန်မှာ အစွန်းနှစ်ဖက်ကြားက သက် ရောက်မှုကြောင့် ကားကဟန်ချက်ပျက်ပြီး တိမ်းမှောက်တာမျိုးဖြစ်ပေါ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဟန်ချက် ပျက်သွားတာမျိုးကို တွန်းအားမဖြစ်ရအောင် ကားတာယာကွဲတာမျိုးနဲ့ ကြုံတွေ့ရချိန်မှာ စိတ်ကိုတတ်နိုင်သမျှ တည်ငြိမ်အောင်ထား၊ လက်ကိုင်ဘီးကို အစွမ်းကုန်တည့်မတ်အောင်ထိန်းသိမ်းရင်း အရှိန် ဖြည်းဖြည်းချင်း လျော့ကျသွားတာမျိုးပဲဖြစ်အောင် လီဗာကိုပါးပါးလေးဆက်ပုတ်ပေးတာမျိုး လုပ်ပေးရမှာပါ။ ရုတ်တရက် ဖြစ်လာတဲ့အချိန်မျိုးမှာ အားလုံးကသတိလက်လွတ်ဖြစ်တတ်တာကြောင့် သတိထားပြီး ချိန်သားကိုက်အောင် လုပ်ဆောင်နိုင်စွမ်းတော့ လိုအပ်မှာဖြစ်ပါတယ်။

တည့်မတ်အောင်ထိန်းသိမ်းပါ
ကာတာယာကွဲချိန်မှာ ယာဉ်က ဘက်တစ်ခုဆီကို ဆွဲသွားတတ်ပါတယ်။ ဒီအချိန်မှာ ယာဉ်မောင်းသူက ကားကို ဆန့်ကျင်ဘက်လားရာတစ်ခုဆီ အတင်းဆွဲလိုက်တာမျိုးမလုပ်သင့်ဘဲ ဦးတည်ရာလမ်းကြောင်းပေါ်က ဘေးကိုအများကြီးဆင်းမသွားရုံလောက်ပဲ  လက်ကိုင်ဘီးကို ထိန်းသိမ်းရပါလိမ့်မယ်။ အဓိက ကတော့ ကားကို လမ်းကြောင်းပေါ်မှာရှိနေအောင်နဲ့ လက်ကိုင်ဘီးကိုဆန့်ကျင်ဘက်ဦးတည်ရာဆီ အတင်းခေါင်းလှည့်သွား အောင် မလုပ်ဖို့လိုအပ်တာပါ။  ကားက ညာဘက်ကိုအရှိန်နဲ့ ဆွဲချသွားချိန်မှာ ကိုယ်က ဘယ်ဘက်ကိုအတင်း ဆွဲလိုက် ဆွဲလှဲလိုက်သလို မှောက်သွားတတ်တာကြောင့်ဖြစ်ပါတယ်။

ကိုသက်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment