၁။
၃လခံဆေး ထိုးလာတာ ကြာနေပြီဆိုတော့ ခဏလောက် နားမလို့
ဆေးကတ်အပြင်
နောက်ထပ် ကာလတိုကိုယ်ဝန်တားနည်းတစ်ခုကတော့ (၃)လခံ ထိုးဆေးပါ။ ဒီဆေး ကတော့
ဆေးခန်းကိုလာတဲ့ အမျိုးသမီးတွေ အသုံးအများဆုံးနည်းလို့တောင် ပြောလို့ရမလားပဲ။
ဒီဆေးက ခုနက ဆေးကတ်နဲ့ယှဉ်လိုက်ရင် တစ်နေ့တစ်လုံး သောက်ရတယ်ဆိုတဲ့ ဒုက္ခတော့ ကင်းသွားတယ်၊
(၃)လမှ တစ်ကြိမ် ပေးလိုက်တဲ့ရက်ချိန်းအတိုင်း ထိုးသွားရုံပဲ။ ဒီဆေးထိုးလာတာ
ကြာနေပြီ၊ အထဲမှာလည်း သွေးပုပ်တွေက အတော်အောင်းနေပြီ၊ နားလိုက်ဦးမှပဲ ဆိုတဲ့အမျိုးသမီးတွေကို
ပြောပြချင်တာ ၂ခုရှိတယ်။
ဒီဆေးဟာ
ကလေးလိုချင်လို့ ဆေးထိုးရပ်လိုက်ပေမဲ့ ကိုယ်ဝန်ပြန်ရဖို့အတွက်တော့ လအနည်းငယ်
(၇လ ကနေ တစ်နှစ်အထိ) စောင့်ရတယ်၊ တချို့ဆေးဖြတ်ပြီး သိပ်မကြာဘူး၊ ကလေးပြန်ရတယ်၊
တချို့ ဆေးထိုးရပ်ပြီး (၁၀)လလောက်နေမှ ပြန်ရတယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူး။
ကလေး တစ်ယောက်မှ မရသေးတဲ့ အိမ်ထောင်သည်တွေ ဒါကို မထိုးခင်ကတည်းက
သိထားဖို့တော့လိုမယ်။ ဒီအခါမှာ အမျိုးသမီးတွေက ဘယ်လိုတွေးကြလဲဆိုတော့ ဆေးတစ်ခါ
ထိုး၊ (၁၀)လ ခံတယ်လို့ထင်ကြတယ်၊ အဲဒီမှာတင် နားဦးမယ်ဆိုပြီး လုပ်ကြတော့တာပဲ။
တကယ်တော့ ဒီဆေးရဲ့ အာနိသင်ဟာ (၃)လပဲခံမယ်၊ (၃)လကို တစ်ကြိမ် ကလေးမယူမချင်း
ထိုးနေရမှာပဲ။ ထိုးခဲ့တာ ဘယ်နှနှစ်ပဲကြာကြာ အာနိသင်က (၃)လပဲ။ ပြည့်တာနဲ့
ပြန်ထိုးရမှာပဲ။ အဲ့လိုမဟုတ်ဘဲ ငါက ဒီဆေးထိုးလာတာ (၁၀)နှစ်လောက်တောင် ရှိပြီ၊
ခဏနားလို့ ရလောက်ပါ တယ် ဆိုပြီး ရပ်လိုက်ရင်းနဲ့ ကိုယ်ဝန်ရသွားတဲ့သူတွေမှ တစ်ပုံကြီးပဲ။
နောက်တစ်ခုက
ဆေးထိုးရပ်ချင်ရတဲ့ အကြောင်းအရင်း၊ ဘာလဲဆိုတော့ သားအိမ်ထဲမှာ သွေးပုပ် အောင်းတယ်ဆိုတဲ့
ကိစ္စ။ ဒါကတော့ အမျိုးသမီးတော်တော်များများ လွဲနေတဲ့အသိပေါ့။ တကယ်တော့
အမျိုးသမီးတစ်ယောက်မှာ ဘာကြောင့်ရာသီလာရတယ်ဆိုတာ သိထားရင် ဒီလိုအသိမှားစရာ မရှိတော့ဘူး။
အမျိုးသမီးတစ်ယောက်ဟာ အပျိုဖော်ဝင်စ အရွယ်ကနေ သွေးဆုံးတဲ့အချိန်ထိ သူ့ကိုယ်ထဲမှာ
မမျိုးဥဆိုတာ လေးက တစ်လကိုတစ်လုံး ကြွေတယ်။ အဲ့ဒီကြွေလာတဲ့ မမျိုးဥနဲ့၊
အမျိုးသားနဲ့အတူနေလိုက်လို့ သူ့ဆီက ၀င်လာတဲ့ သုတ်ပိုးနဲ့ အဲဒီနှစ်ခု
ပေါင်းသွားလို့ရှိရင် သန္ဓေအောင်သွားတယ်။ အဲဒီလို သန္ဓေအောင်သွားရင် သားအိမ်မှာ
ကိုယ်ဝန်တည်နိုင်ဖို့အတွက် သားအိမ်နံရံက ထူလာပေးရတယ်။ ဟုတ်ပြီ၊ အိမ်ထောင်မကျသေးတဲ့
အပျိုတွေ၊ အိမ်ထောင်တော့အိမ်ထောင်သည်၊ အမျိုးသားနဲ့အတူမနေဖြစ်ဘူးဆိုရင်
သူ့ကိုယ်ထဲမှာ မမျိုးဥကတော့ တစ်လကိုတစ်လုံး ကြွေနေမှာပဲ၊ ဒါပေမဲ့ ပေါင်းစရာ
သုတ်ပိုးက ၀င်မလာတဲ့အခါမှာ အဲဒီမမျိုးဥလေးက သေသွားတယ်။ အဲဒီ မမျိုးဥလေး
သေသွားလို့ရှိရင် ခုနက သန္ဓေအောင်သွားရင် အဆင်သင့်ဖြစ်နေအောင် ထူထားပေးတဲ့
သားအိမ်နံရံက အလွှာတွေကလည်း မလိုတော့တဲ့အတွက် ကွာကျလာလိမ့်မယ်။ အဲဒါကို ရာသီလာတယ်၊
ဓမ္မတာပေါ်တယ်လို့ ခေါ်ကြတယ်။
အခု ပြောနေတဲ့
(၃)လခံထိုးဆေးတို့၊ နောက်ပိုင်း တော်တော်များများ အသုံးပြုလာကြတဲ့ လက်မောင်း ထဲထည့်တဲ့ပစ္စည်း
ဆိုတာတွေက ဘယ်လိုမျိုး ကိုယ်ဝန်ကို တားပေးတာလဲဆိုတော့ ဒီ တစ်လတစ်လုံးကြွေပါ တယ်ဆိုတဲ့
မမျိုးဥကို မကြွေအောင်ပိတ်လိုက်တဲ့အတွက် အမျိုးသားဆီက သုတ်ပိုး ဘယ်လောက်ဝင်လာ ၀င်လာ
ကိုယ်ဝန်မရတော့ဘူး၊ ပေါင်းစရာ မမျိုးဥမှ မရှိတာကိုး။ နောက်ပြီး သူ့ရဲ့ အာနိသင်က
ဘာရှိသေးလဲ ဆိုရင် ခုနက သန္ဓေအောင်သွားရင် သန္ဓေသားလေး တွယ်ကပ်နေဖို့
ထူလာပါတယ်ဆိုတဲ့ သားအိမ်အတွင်း နံရံကို ထူထဲမလာအောင် လုပ်ပေးသေးတယ်။ ဒါကြောင့်
ဒီဆေးတွေ သုံးထားတဲ့အမျိုးသမီးမှာဆိုရင် မမျိုးဥ လည်းကြွေမှာမဟုတ်သလို၊
သားအိမ်နံရံက ပါးပါးလေး ဖြစ်နေမှာ။ ဒီတော့ ရာသီသွေးအနေနဲ့ ဆင်းလာစရာ ဘာမှမရှိဘဲ
ရှင်းနေတဲ့အတွက် ရာသီဆိုတာမပေါ်တာ၊ ပြောချင်တာက အထဲမှာသွေးပုပ်တွေက အောင်းပြီး တော့
အလုံးတွေတည်၊ ကင်ဆာတွေဖြစ်မှာမဟုတ်ဘူး။ စိတ်အေးလက်အေး နေလို့ရတယ်။ ဒီဆေးကလည်း
သောက်ဆေးလိုပဲ ကာလတိုနည်းလမ်းဖြစ်တဲ့အတွက် နှစ်ရှည်လများ စွဲသုံးသွားလို့တော့
မရဘူး။ ဒါပေမဲ့ အခုလို မလိုအပ်ဘဲနဲ့တော့ ဆေးထိုးတာကို မရပ်ပစ်စေချင်ဘူး။
ဒီလိုမျိုး အသိမှားနေတာဟာ အမျိုးသမီးတွေ (၃)လခံဆေးထိုးရင်း ကိုယ်ဝန်ရသွားရတဲ့
အဓိကအကြောင်းအရင်းလို့တောင် ပြောလို့ရတယ်။
၂။
သွေးဆုံးခါနီးအရွယ်အထိ သုံးနေကြတုန်းပဲ
ပြောခဲ့ပြီးသလို
၃လခံဆေးထိုးရင် ရာသီသွေးမပေါ်တတ်ဘူး။ ဒီတော့ သွေးဆုံးခါနီးအရွယ် ၄၀ကျော် တွေကထိုးမယ်ဆိုရင်
ဆေးထိုးထားလို့ သွေးမပေါ်တာလား၊ သွေးဆုံးလို့ သွေးမပေါ်တာလား မသဲကွဲတော့ဘူး။ ဒီအခါ
သွေးဆုံးလောက်ပါပြီအထင်နဲ့ ဆေးထိုးလည်းရပ်လိုက်ရော၊ ကိုယ်ဝန်ပြန်ရရော။
ဘာလို့ဆိုတော့ သွေးဆုံးသေးတာ မဟုတ်ဘူး။ ဆေးထိုးထားလို့ သွေးမပေါ်တာ။ ဒါကြောင့်မို့
တစ်ယောက်နဲ့တစ်ယောက် သွေးဆုံးတဲ့အသက်အရွယ်ကို အတိအကျ ပြောမရပေမယ့်
သွေးဆုံးခါနီးအရွယ် ၄၀ ကျော်လောက် ဖြစ်နေရင် တော့ ဒီလိုသွေးမပေါ်တဲ့နည်းလမ်းအစား
ဟော်မုန်းလည်းမပါ သွေးလည်းတစ်လတစ်ခါပေါ်စေတဲ့ သားအိမ် တွင်းထည့်ပစ္စည်းလိုမျိုး
အသုံးပြုသင့်ပါတယ်။
၃။
၃လခံထိုးဆေးက ကျွန်မနဲ့မတည့်ဘူး၊ ဆေးစထိုးပြီး တစ်ပတ်လုံးလုံး သွေးတွေဆင်းနေတယ်
ဒါကလည်း
အမျိုးသမီးတော်တော်များများ ပြောလေ့ရှိကြတယ်၊ သွေးတွေဆင်းလို့ မတည့်ဘူးတဲ့။
ကျွန်တော်တို့ဆီမှာ အမျိုးသမီးတစ်ယောက် ဆေးလာထိုးပြီဆိုတဲ့အခါ မဖြစ်မနေ
ပြောပြရတဲ့ကိစ္စတစ်ခုပေါ့။ ဘာလဲဆိုတော့ ဒီဆေးဟာ ဆေးစထိုးစမှာ ရာသီသွေးကမောက်ကမ
ဖြစ်တတ်တယ်။ ဒီထိုးဆေးနဲ့မှ ဖြစ်တာ တော့ မဟုတ်ပါဘူး၊ သောက်ဆေးတွေ၊
ပစ္စည်းထည့်တာတွေမှာလည်း စပြီးအသုံးပြုစဆို အဲ့လိုပဲ ကမောက် ကမ ဖြစ်တတ်တယ်။ အများကြီးဆင်းတာလည်း
ဖြစ်နိုင်တယ်၊ နည်းနည်း နည်းနည်းနဲ့ ခဏခဏဆင်းတာလည်း ဖြစ်နိုင်တယ်၊
နောက်ပိုင်းဆိုရင်တော့ ရာသီမပေါ်တော့တာ များတယ်။ အဲဒီလိုဖြစ်တာဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ပဲ။
နောက်ပြီး ဖြစ်တတ်တယ်လို့ပဲ ပြောတာ၊ ဖြစ်ကိုဖြစ်မယ်လို့တော့ မဆိုလိုဘူး၊
တစ်ချို့ဖြစ်တယ်၊ တစ်ချို့ မဖြစ်ဘူး။ ဘာကြောင့် မထိုးခင်ကတည်းက ကြိုပြောထားတာလဲဆိုတော့
ပြောသာမပြောထားလိုက်ရင် ဆေးထိုးလိုက်ပြီး ဒီလိုမျိုးသွေးတွေလည်းဆင်းလာရော၊ ဟာ
ငါနဲ့တော့ မတည့်ဘူးဆိုပြီး အရမ်းကို ကြောက်သွားကြတာပေါ့။ အဲဒီမှာ ဘာမှကြောက်စရာမရှိတဲ့
ဒီဆေးတွေ ထိုးရမှာ သောက်ရမှာကိုကျ အကြောက်ကြီးကြောက်ပြီး တကယ်ကြောက်စရာကောင်းတဲ့
ကိုယ်ဝန်ဆိုတာကိုတော့ ခဏခဏကို ရကုန်ကြတဲ့အဖြစ်မျိုးတွေ ဖြစ်ကုန်တာပေါ့။ အခုလို
သိထားတော့ တကယ်လို့ ဖြစ်လာလည်း ကြောက်မနေ တော့ဘူးလေ။ အများကြီးဆင်းတယ်ဆိုရင်တော့
သွေးထိန်းဆေးလေးတော့ သောက်ဖို့လိုမှာပေါ့။ စိတ်မပူဘဲနဲ့ (၃)လတစ်ကြိမ်သာ
မှန်မှန်လေး ထိုးသွား၊ နောက်ပိုင်း ဒီပြဿနာက အဆင်ပြေသွားလိမ့်မယ်။
0 comments:
Post a Comment